Showing posts with label အတွေးစများ. Show all posts
Showing posts with label အတွေးစများ. Show all posts

8.10.10

တွေးမိ ရေးမိ

သူမကို လိုက်ပို့ပြီး စက်ဘီးလေးဖြင့် မိမိနေထိုင်ရာ အရပ်ဆီကို ဦးတည် နင်းလာခဲ့တယ်။ တောင်ပေါ်လမ်းလေး ဖြစ်တဲ့အတွက် ကုန်းဆင်းလေးကို သက်သာစွာ မနင်းပဲ ဆင်းခဲ့တယ်။ ကန်ပြင်ကြီးဘက်ကိုရောက်တော့ ရေကန်ဆီက တိုက်ခတ်လာတဲ့ လေနုအေးက ဝေ့၀ဲ တိုက်ခတ်သွားတယ်။ လမ်းတစ်လျှောက် လျှပ်စစ်မီး ထိန်လင်း နေပုံက တကယ့် မြို့ပြအရသာပင်။ လမ်းကောင်းလေးပေါ် နင်းနေရသည့်အတွက် စိတ်ချမ်းမြေ့မိတယ်။

ကားတွေ၊ ဆိုင်ကယ်တွေ အလျှိုလျှို သွားလာလှုပ်ရှားနေပေမယ့် မိမိကတော့ စက်ဘီးလေးဖြင့်။ ပိုင်ဆိုင်တာက ဒါပဲဆိုတော့ ဒါပဲ စီးရတာပေါ့။ ဒါပေမယ့် ကျေနပ်မိတယ်။ CDMA ဖုန်းတွေ ပေါများစွာ ဖြစ်နေသည့် ကာလတွင်ပင် မကိုင်နိုင်၊ အသုံးနိုင်။ ဇော်ဝင်းရှိန် သီချင်းလိုပင် တိုက်ခန်းပေါင်းများစွာ မြို့လယ်မှာ ရှိတာ တစ်ခုမှ ကိုယ်မပိုင်ပါ

ဘာပဲဖြစ်ဖြစ် ၂၀၁၀ ရွေးကောက်ပွဲတောင် နီးလာပါပေါ့။ ဒီရွေးကောက်ပွဲကို အစိုးရကလဲ လွတ်လပ်ပြီး တရားမျှစွာ ကျင်းပမည်ဟု ဆိုတယ်။ ဆန့်ကျင်ဘက်အဖွဲ့တွေကလဲ မဲမထည့်ဖို့ လှုံ့ဆော်တယ်။ မည်သူတွေ မည်သို့ ဆိုဆို ဒီရွေးကောက်ပွဲက မြန်မာနိုင်ငံကြီးအတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှု ဖြစ်လာခဲ့ရင် ကောင်းသား။ မျှော်လင့်မိတယ်။ သူများနိုင်ငံတွေကို အမှီလိုက်နိုင်မှာ။

စီးပွားရေး ယှဉ်ပြိုင်ခွင့် နည်းပါးမှု၊ အရင်းအနှီး ရှားပါးမှု၊ လက်ဝါးကြီးအုပ် စီးပွားရေး နယ်ပယ်တွေ ရှိတာ၊ လွပ်လပ်တဲ့ ကုန်သွယ်မှု မရှိတာ၊ ကုန်သွယ်ရေး အတားအဆီးတွေ များလွန်းတာ ဒါတွေ ဒါတွေ အမြန် ပျောက်ကွယ်မှ ဖြစ်မယ်။ ဒါမှ နိုင်ငံက တရှိန်ထိုး တိုးတက်မှာ။ လိုချင်မိပါတယ်။ အဲဒါတွေကို ဖြေရှင်းပေးနိုင်တဲ့ အစိုးရ။

တောင်စဉ် ရေမရ အတွေးများဖြင့် စက်ဘီးကို နင်းခဲ့တာ မိမိ နေထိုင်ရာ ရောက်ခဲ့ပြီ။ အခန်းထဲ ၀င်တော့ ၀ုန်း ဂလုံ ဂလွမ် ။ ဟော့ ကြွက် . . .. နိုင်ငံအဆင်မပြေတဲ့အချိန်မှာတောင် ... ဒင်းပဲ သောင်းကျန်းနိုင်လွန်းတယ်။

မောင်စေတနာ

22.9.10

မိုးရွာသီ အက်ဆေး

နေသာလို့သာ ထွက်ခဲ့ရတာ မိုးတွင်းဆိုတော့ စိတ်တော့ မချရဘူး။ ဘယ်အချိန်များ မိုးရွာလေမလဲ။ ကောင်းကင် ကတော့ လင်းထင်နေလေရဲ့။ သူမ ရှိရာ နေရာကို ရောက်တော့ မေးမိတယ်။ ရေချိုးနေတယ်၊ စောင့်ပါတဲ့။ သူမနဲ့ အတူတူ စီးဖို့ စက်ဘီးကို ထုတ်လိုက်တယ်။ စက်ဘီးနောက်ဘီးကို ကိုင်ကြည့်တော့ လေတော်တော် လျော့နေလေရဲ့။

ထုံးစံအတိုင်း လေထိုးလိုက်တယ်။ အချက်(၁၀၀)နီးပါးလောက်။ ၁၀ မိနစ်လောက်ကြာတော့ "ဖောင်း" ဆိုတဲ့ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။ ကြည့်လိုက်တော့ ခုနက လေထိုးထားတဲ့ စက်ဘီးနောက်ဘီး ကျွတ် ပေါက်သွားတာ။ လေထိုးတာများ များသွားလို့လား။

စက်ဘီးဖာတဲ့ ကော်နဲ့ စတစ်ကာကလဲ အဆင်သင့်ရှိတော့ ဖြုတ်ဖျက်ပြီး ပေါက်တဲ့နေရာကို ပြန်ဖာလိုက်တယ်။ ကောင်းမကောင်း လေထိုးကြည့်တယ်။ အင်း မဆိုးဘူး။ စိတ်မချတာနဲ့ စက်ဘီး မစီးဖို့ စိတ်ကူးမိတယ်။ သူမ ရေချိုးပြီး ထွက်လာတော့ ခြေကျင်ပဲ ထွက်ခဲ့ကြတယ်။

ကောင်းကင်က သာယာနေတုန်းပဲ။ ထိုင်နေကျ နေရာလေး ရောက်တော့ စကားစမြည်ပြောကြလေရဲ့။ ရယ်လိုက်ကြ မောလိုက်ကြနဲ့ စကားတွေ ပြောနေတုန်း ကောင်းကင်က မဲတက်လာတယ်။ စိုးရိမ်စိတ် ၀င်မိပေမယ့် မရွာနိုင်ဘူး ထင်လေရဲ့။ ဟော့ . . . . ပြောရင်းနဲ့ မိုးတောင် ရွာလာပြီ။

ထိုင်နေတဲ့ နေရာက အမိုးအောက်ဆိုတော့ ဒီအတိုင်း ဆက်ထိုင်ခဲ့ကြတယ်။ ဒါပေမယ့် မိုးရွာအားက တော်တော်နဲ့ မစဲဖြစ်လာတယ်။ အချိန်ကြည့်တော့ ဆက်နေရန် မသင့်တာကြောင့် ထီးတစ်လက်ကို နှစ်ယောက်ဆောင်ပြီး ထွက်ခဲ့တယ်။ ထီးရဲ့ သေးငယ်မှုနဲ့ နှစ်ယောက်ဆောင်ထားမှုကြောင့် ခန္ဓာကိုယ် အောက်ပိုင်းက မိုးရေတွေ ရွှဲလို့ပေါ့။

မိုးက လေပါတယ် ထင်တယ်။ ထီးဆောင်ထားတာတောင် မလုံချင်။ ဘေးဘယ်ညာ လေနဲ့ မိုးပတ်မှုကြောင့် အေးစက်မှုကို ခံစားလာရတယ်။ သွားနေတဲ့ လမ်းခရီးက မဝေးပေမယ့် မိုးရေကတော့ ရွှဲနေပြီ။ လေပင့်တစ်ချက် တိုက်ခတ်မှုကြောင့် စိမ့်ခနဲ အေးသွားတယ်။ သူမကို ကြည့်လိုက်တော့ ချမ်းအေးနေပြီ။ မိုးရာသီမို့ မိုးရွာသော်လည်း . . . . သြော် . . . မိုးရယ် . . . ။
မောင်စေတနာ

23.5.10

၂၈၀၀ တဲ့လေ

နေပြည်တော်-ရန်ကုန် ကားလမ်းသစ်ကြီးကနေ တတိယအကြိမ်မြောက် ရန်ကုန်သို့ သွားရဖို့ အကြောင်းဖန်လာတော့ သွားခဲ့ပါတယ်။ ဒီတစ်ခါ သွားတာကတော့ လိုင်းကားနဲ့ မဟုတ်ပဲ ကိုယ်ပိုင်ကားလေးနဲ့ပါ။ (ကပ်စီးတာကို ကြွားတာ) နေပြည်တော်ကနေ ညနေ (၆း၃၀)လောက်က စထွက်ဖြစ်ပါတယ်။ ကားမောင်းသူက တစ်နာရီ ကီလို ၉၀ နှုန်း မောင်းခဲ့ပါတယ်။ လမ်းကောင်းနှင့် ကား၏ မြန်နှုန်းတွေ့ပြီး အပန်းဖြေ အနားစခန်းကို ၉း၀၀ လောက် ရောက်ပါတယ်။

အပန်းစခန်းရောက်တော့ မိမိ ယခင်ရောက်ဖူးခဲ့စဉ်က Pioneer ဆိုင်တစ်ဆိုင်နှင့် မြေနီ ကားဝင်းသာ ရှိခဲ့သော်လည်း ယခု အပန်းဖြေစခန်းဝင်းနဲ့ ဆိုင်တော်တော်များများကို တွေ့ရပါတယ်။ လျှပ်စစ်မီးကို လုံလုံလောက်လောက် ပေးထားတော့ မီးရောင်တွေ လင်းနေလေရဲ့။ ဒါနဲ့ ရောက်ရောက်ချင်း မထိုင်ဖူးတဲ့ Feel Express ဆိုင်ကို ၀င်ထိုင် ဖြစ်ပါတယ်။ မိမိတို့ အဖွဲ့က လူငါးဦး ပါပါတယ်။ တစ်ယောက်တစ်မျိုး မှာယူစားသောက်ကြပါတယ်။

ဆိုင်က သင့်တင့်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ သုံးဦးက Nest Coffee ၊ တစ်ဦးက Cappuccino Coffee ၊ မိမိက Ice Coffee မှာသောက်ကြပါတယ်။ ထမင်းလည်း မှာယူစားသောက်ကြပါတယ်။ အားလုံး စားသောက်ပြီး ငွေရှင်းတော့ မျက်လုံးပြူးလောက်ပါတယ်။ တစ်ခြားအရာများကို မဆိုလို။ Nest Coffee (၅၀၀)ကျပ်၊ Cappuccino Coffee (၂၁၀၀)ကျပ်၊ Ice Coffee (၂၈၀၀)ကျပ်။

Ice Coffee ဟာ မိမိသောက်ဖူးတဲ့ ရွှေပုစွန်ဆိုင်မှာပဲ ကျပ်(၁၀၀၀)သာ ပေးရ၏။ အရသာကလဲ ယခုကော်ဖီနှင့် နှိုင်း၍ မရ။ J' Donout မှ ရောင်းသော အရသာလောက်သာ ရှိ၏။ ဒီဆိုင်တော့ သူဌေးဖြစ် နှေးအုံးမည်။ ထူးဆန်းပေစွဟုသာ တွေးမိသည်။ ပိုက်ဆံ မ နှမျှောပေမယ့် သင်ခန်းစာတော့ ရခဲ့၏။ နောက်နောင် ဤဆိုင်ကို ရှောင်ကွင်းရမည်ဟု အတွေးများဖြင့် ရန်ကုန်မြို့သို့ ခရီးဆက်ခဲ့သည်။

မောင်စေတနာ

22.4.10

လွမ်း

အလုပ်လုပ်နေရင်း ပြတင်းပေါက်ကနေ အပြင်ကို ငေးမောကြည့်မိ၏။ အပြင်လောကရှိ စိမ်းစိုနေသော သစ်တောအုပ်ကို တွေ့ရသည်။ သစ်တောအုပ်အလွန်မှာ စေတီတစ်ဆူကို လှမ်းမြင်ရ၏။ အရာဝတ္တုတွေက မျက်ဝန်းမှာ လာပေါ်ပေမယ့် စိတ်က သူမဆီ ရောက်နေသည်။ လွမ်းလို့ တွေ့မြင်ချင်လှပြီ။

ကွန်ပျူတာ သုံးနေရင်း ပျင်းပျင်းနှင့် ဟိုဖိုင်ဖွင့် ဒီဖိုင်ဖွင့် လုပ်နေမိသည်။ Photo Folder လေး တွေ့မိတော့ ဖွင့်ကြည့်မိ၏။ မိမိအတွက် ချစ်စရာ မျက်နှာလေးနဲ့ သူမပုံများစွာကို တွေ့မြင်ရသည်။ ဟန်ပန်အမှုအရာ အမျိုးမျိုးနဲ့ ရိုက်ထားသော ဓာတ်ပုံများ။ လွမ်းတဲ့စိတ်ကို ထိန်းချုပ်ရင်း အလုပ်ဆက်လုပ်မိသည်။

နေ့လည်စာ ချက်စားဖို့ မိတ်ဆွေတစ်ယောက်ကို ဈေးမှာလိုက်မိသည်။ အရင်ဆို ကြက်ဥသာ မှာတတ်ပြီး ဒီတစ်ခါတော့ အသားဟင်း မှာလိုက်မိသည်။ ဦးဆုံးအကြိမ်ပေါ့။ အသားရလာတော့ ချက်ပြုတ်နေရင်းနှင့် သူမ မျက်နှာကို ပြေးမြင်မိသည်။ သူမ ချက်ကျွေးမှုတွေကို တမ်းတမိ၏။ လွမ်းရပါသည်။

ည အိပ်ရာဝင်ခဲ့သည်။ အိပ်မပျော်သေးပဲ နဖူးပေါ် လက်တင်ထားမိသည်။ သူမ ရယ်သံလေးတွေ၊ လှုပ်ရှားမှုလေးတွေ စိတ်ကူးပုံရိပ်တွေ အစီအရီ ပေါ်လာ၏။ စိတ်ကူးတွေ ပျောက်ပျယ်မှာစိုး၍ အမိအရ စိတ်ကူးယဉ်နေမိသည်။ လွမ်းလို့ မျှော်နေမိသည်။

မောင်စေတနာ

14.1.10

အက်ဆေး

ဒီနေ့ မနက် တော်တော် ကံကောင်းခဲ့သည်။ စားချင်စိတ် ဖြစ်ပေါ်နေသော ပဲပြုတ်နဲ့ နံပြားကို စားခဲ့ရ၏။ ဆုမတောင်းမိပဲ ဆန္ဒက လာပြည့်နေသည်။ သူများ ၀ယ်လာတာ။ ဒီလောက် တိုက်ဆိုင်မှုကို မိမိတောင် အံ့သြမိရဲ့။ ၀ယ်ပေးလာသူကို ကျေးဇူးတင်မိ၏။ မိမိစိတ်ကူးတွင် စားချင်စိတ် ဖြစ်နေတာဟု ပြောလျှင် ၀ယ်လာသူပင် အံသြပေလိမ့်မည်။ သို့သော် ၀ယ်လာသူအား မပြောမိ။

နံနက်ပိုင်း ခေါက်ဆွဲပြုတ် စားထားမိ၏။ လုပ်ဖော်ကိုင်ဖက် တစ်ဦးက နန်းကြီးသုတ် ၀ယ်လာ၍ ကျွေးသည်။ စား၍ မရ။ ၀မ်းက ပြည့်နေပြီ။ သို့သော် ပဲပြုတ်နံပြားကို မြင်တွေ့၍ စားရာ လောက်တောင် မလောက် ဖြစ်ရ၏။ အရသာက စားခဲ့ဖူးသော ဟိုအရင် ပဲပြုတ်နံပြားထက် ကောင်းမွန်နေသည်။ ငတ်နေ၍လား မသိ။ မိမိ၏ အဖေသည် ပဲပြုတ်ကို စွဲလမ်းနှစ်သက်စွာ နေ့တိုင်း စားတတ်၏။ အဖေကြောင့် ပဲပြုတ်ကို မုန်းနေအောင် စားခဲ့ရသည်။ ယခု မစားရသည်မှာ နှစ်နဲ့ပင် ရှိတော့မည်။

ကနေ့ မနက် စားလိုက်ရသော ပဲပြုတ်နံပြား၏ အရသာသည် စိတ်ကူးထဲတွင် ပျောက်ပြယ်မသွား။ စိတ်ကူးနှင့် တစိမ့်စိမ့် တွေး၍ ခံစားနေမိသည်။ ဆရာတော် ဘုန်းကြီးများ ဖတ်မိ မြင်မိလျှင် လှောင်ရယ်စရာပင်။ အစားတဏှာ ဖြစ်နေသော မိမိအား တရားကျကြပေလိမ့်မည်။ မတတ်နိုင်။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် ဆိုရိုးရှိသည် မဟုတ်လား။ မစားရတာ ကြာတော့ တန်ဖိုးထားမိသည်။ ကျွေးသူ၏ စေတနာသည်လည်း တန်ဖိုးဖြတ်၍ ရမည်မဟုတ်။ အထူးပင် ကျေးဇူးတင်လျက် . . . .။

မောင်စေတနာ

ရန်သူတော်နှစ်ကောင်

ရန်သူကြီး နှစ်ကောင်ကြောင့် စိတ်ညစ်ရတာ လနဲ့ ချီနေပြီ။ ဒီကောင်တွေ လူကို နှိပ်စက်နေတာ ကြာပြီလေ။ နေ့ဆို တစ်ကောင်၊ ညဆို တစ်ကောင်။ နှစ်ကောင်ပေါင်းပြီး လူကို တိုက်ခိုက်နေကြတယ်။ မိုးလင်းပြီးဆိုတာနဲ့ တန်းစီပြီး ချီတက်လာတာ ရောမမြို့ကို ဖျက်ဖို့ စစ်ချီသလား အောက်မေ့ရတယ်။

ဒင်းတို့လာပြီဆိုရင် မိမိ မျက်ခုံးရော လက်ပါ လှုပ်တယ်။ အငြိမ်မနေရဘူး။ မိမိရဲ့ မရှိမဲ့ရှိမဲ့ ရိက္ခာတွေကို ဒင်းတို့က လုယူကြတယ်လေ။ ဘယ်ရမလဲ။ မိမိလဲ ခံတပ်ကို အခိုင်အမာ တည်ဆောက်ရတော့တာပေါ့။ ခံတပ်အပြင်မှာ ရေပတ်လည် ၀ိုင်းအောင် လုပ်ထားလိုက်တယ်။ ဒီကောင်တွေက ရေတော့ ကြောက်သား။ ဒါတောင် ရေကို ဖြတ်ဖို့ အတင်းကြိုးစားတဲ့ကောင်က ပါသေး။ ဒါက နေ့ဘက်မှာ ကာကွယ်ရတဲ့ ရန်သူ။

နောက်တစ်ကောင်က ညဆို သူပဲ ကြီးစိုးတယ်။ ဒီကြားထဲ အချင်းချင်း ပြန်တိုက်ကြတာ မိမိရှေ့တောင် မရှောင်ကြဘူး။ အသံမျိုးစုံနဲ့ ဆူကို ညံနေတာပဲ။ ဒီကောင်က အင်အားတော့ ကြီးတယ်။ တော်ရုံတန်ရုံဆို ခန္ဓာနဲ့ ၀င်တိုက်ပြီး ရိက္ခာတွေ ယူဆောင်သွားနိုင်တယ်။ ဒီကောင်ကိုတော့ ရွှံတယ်။ ဒါကြောင့် ဒင်းဆို ကြည့်လို့ကို မရဘူး။

မနေ့ညကလဲ မိမိရဲ့ ခံတပ်ထဲ ကျူးကျော်ဝင်ရောက်လာတယ်။ မိမိ ခန္ဓာကိုယ်ပေါ်မှာ တစ်ကောင်ကောင်တော့ ပြေးလွှားနေပါတယ်ပေါ့။ စိတ်က သိနေတယ်။ ဒါကြောင့် အိပ်ရာက ထကြည့်လိုက်တယ်။ အမယ် ကိုယ်တော်ချောက ဘယ်တုန်းကတည်းက ခြင်ထောင်ထဲ ရောက်နေမှန်း မသိဘူး။ ပြန်ထွက်ဖို့ လုပ်နေတယ်။ ဟိုထောင့် ပြေးကပ်၊ ဒီထောင့် ပြေးကပ်နဲ့။ စိတ်က တိုသွားတယ်။ ၀င်တော့ ၀င်တက်ပြီး ပြန်မထွက်တတ်ဘူး ဟုတ်လား။ သေနာဆိုပြီး ခြင်ထောင်ကို မပေးလိုက်တယ်။ အဲကျမှ ထွက်သွားတော့တယ်။

ဟင့်ဟင့် ဒေါသထွက်တယ်နော်။ အချိန်ကြည့်တော့ ၃ နာရီကျော်သာ ရှိသေး၏။ ဒီရန်သူနှစ်ကောင်ဖြစ်တဲ့ ပုရွက်ဆိတ်နဲ့ ကြွက်ကို ဘယ်လို နှိမ်နင်းရမလဲ တွေးရင်း ပြန်လည်အိပ်ပျော်သွားခဲ့သည်။

မောင်စေတနာ

13.1.10

တွေးဖြစ်တာလေး

ဒီရက်ပိုင်းမှာ စားချင်တဲ့အရာနဲ့ လုပ်ချင်တဲ့အရာ အနည်းငယ် ဖြစ်ပေါ်မိတယ်။ မနက်မိုးလင်းတာနဲ့ Breakfast ကို ပဲပြုတ်နဲ့ နံပြားကို နွားနို့ပူပူလေး တစ်ခွက်နဲ့ သောက်စားချင်မိတယ်။ နေ့လည်စာကို ငပိရည်၊ အတို့အမြုပ်နဲ့ ငါးဆီပြန်ဟင်း စားချင်မိ၏။ ညပိုင်းကို မိသားစုအတူ ထမင်းလက်စုံ စားချင်မိသည်။ လူမှုဝန်ထမ်း (Volunteer) အဖြစ် တစ်ပတ်လောက် ခရီးထွက်ပြီး လုပ်ချင်မိသည်။

သို့ပေမယ့် အားလုံး စိတ်သာရှိ၏။ ပဲပြုတ်နဲ့ နံပြား၊ နွားနို့ပူပူက မိမိအတွက် စားရဖို့ ခက်ခဲ၏။ ဝေးလံသည့် ဈေးကို သွားဖို့ အခက်အခဲ၊ အချိန်တို့ကြောင့် မဖြစ်နိုင်။ မစားရတာ ကြာ၍ ပဲပြုပ်ဘယ်ဈေးမှန်းတောင် မသိတော့ဘူး။ ဟီး။ ငပိရည်၊ အတို့အမြုပ်နဲ့ ငါးဆီပြန်ဟင်းက ပိုဝေးသည်။ တစ်ခုမှ လုပ်မစားတတ်။ ဟီး။ မချက်တတ်ဘူး။ စားပဲ စားတတ်တာ။

ညပိုင်း မိသားစုနဲ့ ထမင်းလက်စုံစားဖို့လဲ မဖြစ်နိုင်။ အဖေ၊ အမေနဲ့ ညီအစ်ကို မောင်နှမတွေက တစ်မြို့ တစ်ရွာစီမှာ။ အားလုံးက အလုပ်ကိုယ်စီဖြင့် မိသားစု သိုက်သိုက်ဝန်းဝန်း စုံဖို့ ခဲယဉ်းလေသည်။ စေတနာ့ဝန်ထမ်း(Volunteer) အနေနဲ့ လုပ်ဖို့ဆိုတာ ပိုဝေး၏။ ကိုယ့်အလုပ်နှင့် ကိုယ်တောင် လိပ်ပတ်မလည်။

အားလုံးကို ချုပ်လိုက်ရင် အားလုံးက စိတ်ကူးသာပေါ်၍ စိတ်ကူးထဲတွင်သာ ပျောက်ကွယ်ခဲ့၏။ ဘာဖြစ်ဖြစ် စိတ်ကူးမှာ ပျောက်ကွယ်ရင်တောင် စိတ်ကူးခဲ့သည့် အရာကို မှတ်တမ်းလေး ကျန်ခဲ့ဖို့ ရေးသားမိ၏။ စာဖတ်သူများ စိတ်အနှောင့်အယှက်မှ ကင်းဝေးစေရန် ဤစာမူအား ကျော်လွန်၍ ဖတ်စေသတည်း။

မောင်စေတနာ

22.12.09

အက်ဆေး

အေးမြတဲ့ ဆောင်းညမှာ တစ်ယောက်တည်း လမ်းလျှောက်ရင် သူမကို တွေးမိသည်။ ချစ်တယ် ဆိုတဲ့ စကားတွေ စိတ်ထဲက အကြိမ်တစ်ရာမက ရေရွတ်နေမိတယ်။ သူမကို တွေးလိုက်မိရင် ရင်ထဲ နွေးထွေးသွားတယ်။ မိမိအပေါ် ဒီလောက်ထိ စိုးမိုးသူ။

အလုပ်တွေ လုပ်နေရင်းနဲ့ အာရုံပျံ့လွင့်ပြီး ဆိုရင် သူမ မျက်နှာလေးက ပြေးဝင်လာ၏။ ၀င်လာသော အာရုံကို မောင်းထုတ်ဖို့ တစ်ကြိမ်တစ်ခါမှ မကြိုးစားမိ။ ကျေနပ်ကြည်နူးစွာ လက်ခံခဲ့၏။ တစ်ခဏ ခွဲခွါရပေမယ့် လွမ်းစိတ်ကတော့ အတူတူပင်။ တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့် ခွဲရမှာပင် ကြောက်ရွံ့လာမိသည်။

အလွန်အေးတဲ့ ဆောင်းညမျိုးမှာတောင် မိမိခန္ဓာကိုယ်သည် သူမကို ချစ်နေတဲ့ ချစ်စိတ်များ စီးဝင်နေ၍ နွေးထွေးနေသည်။ မင်းလက်ကလေး ကိုင်ချင်လို့ သီချင်းကို သတိရမိသည်။ သူမ၏ လက်ကလေးကို နွေးထွေးစွာ ဆုပ်ကိုင်ချင်မိသည်။

မောင်စေတနာ

24.11.09

အတွေး အက်ဆေး

မိမိအနေနဲ့ လောကကြီးမှာ နေရတာ ပျော်လာမိသည်။ သူမအကြောင်းများကို တွေးမိလျှင် ပိုပျော်သည်။ ရာသီတိုင်းမှာ ပွင့်တဲ့ ပန်းတွေက နဂိုမြင်ကျထက် ပိုလှလာသည်။ ကျေးငှက်များ အော်သံများက သာယာ လာသည်။ လောကကြီးမှာ လှပတဲ့အရာတွေ၊ သာယာတဲ့ အသံတွေ များစွာ ရှိနေမှန်း သိလာရသည်။

သူမကို ချစ်သည်။ သူမ၏ အလှသည် ရိုးရှင်းပြီး ကြည့်ကောင်းသည်။ သူမ၏ အသံသည် မိမိ၏ နားတွင် ချိုသာနေသည်။ သူမနှင့် ပတ်ဝန်းကျင်သည် လိုက်ဖက်နေသည်။ သူမကို ချစ်တတ်လာတော့ အချစ်ဆိုတာကို ဒီလို နားလည်လာသည်။ ပေးဆပ်ခြင်း၊ အကောင်းမြင်ခြင်း၊ နားလည်ပေးခြင်း၊ ခွင့်လွှတ်ပေးခြင်းနှင့် အနိုင်မယူခြင်း တို့ဖြစ်သည်။

မိမိအတွက် အချစ်ဆိုတဲ့အရာက သူမဆီက ရယူခြင်းထက် သူမကို ဘာတွေ ပေးဆပ်ရမလဲသာ တွေးမိသည်။ ချစ်တဲ့သူတိုင်း ဖြစ်တဲ့ စိတ်ပဲ ဖြစ်လိမ့်မည်။ သူမ စိတ်ပျော်စေချင်သည်။ သူမ စိတ်ညစ်စေမယ့် အရာကို မလုပ်မိအောင် ဆင်ခြင်မိသည်။ သူမအတွက် ဘာပေးဆပ်ရင် သူမ ပျော်လေမလဲသာ အမြဲတွေးလာမိသည်။

ဒါ့အပြင် ယခင်ကထက် လောကကြီးကို အကောင်းမြင်လာသည်။ ဟိုသီချင်းကို ကြားယောင်မိသည်။ အချစ်နဲ့ အရာရာ အကောင်းတိုင်း ဖြစ်စေမယ်။ မိမိသည်လည်း အရာအားလုံး ယခင်ထက် ပိုမို အကောင်းမြင်လာသည်။


မောင်စေတနာ

28.9.09

စိတ်ကူးပုံရိပ် (၂)

"ဖေဖေ မနေ့က ပြောတာကို ဆက်ပြောပြ ..."

"ဟား ဟား မှတ်မိပါ့ ငါ့သမီးရယ် ... ဖေဖေက မေ့ချင်ယောင်ဆောင်နေတာ ... "

"သိသာ ဒါကြောင့် မေးတာ ... ပြောပြ ... မေမေ မရှိတုန်း"

"ဟုတ်လား .... သမီး အမေက ဘယ်သွားလို့လဲ ...."

"ဈေးသွားတယ် ... ဖေဖေ့ဖို့တောင် ငါးခေါင်းဝယ်ခဲ့ဖို့ သမီးက မှာလိုက်သေးတယ် ..."

"ဟား ဟား သိတတ်ပါ့ ငါ့သမီးရယ် ..... ကဲ ပါ ဖေဖေ ဆက်ပြောပြမယ် ...."

"အကျဉ်းပဲ ပြောမယ်နော် ... ဖေဖေလဲ သမီးအမေကို မသိစိတ်ကို သတိတွေ ရနေတတ်တယ် ... အင်း နေ့တိုင်း လိုလို ဆိုပါတော့ .... ဒါနဲ့ ဖေဖေက ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်တာပေါ့ ... ဘာလို့ အကြောင်းမဲ့ သတိရတာလဲပေါ့ .... အဲဒီလို သတိရတာ တစ်ရက်လဲ မဟုတ်ဘူး ... နှစ်ရက်လဲ မဟုတ်ဘူး ... နေ့တိုင်းနီးပါး သတိရနေတာလေ ... ပြီးတော့ ဖေဖေက မိန်းမဆို အဲတုန်းက စိတ်ဝင်စားတာ မဟုတ်ဘူး ... ဖေဖေသိတာက အလုပ်ရယ်၊ ဖေဖေ့ မိဘရယ်ပဲ သိတာ။ အဲဒါပဲ ဦးစားပေးခဲ့တာ။ ဖေဖေ့ကို တစ်ချို့ဆိုရင် အလုပ်ဂျပိုးလို့ နောက်ပြောင်ပြီး ခေါ်ကြတယ်။ ထားပါ ဒါတွေ။ "

အဲဒီလို သတိရလာတယ်။ နောက် ဖေဖေက သမီးမေမေကို ရံဖန်ရံခါဆိုသလို ခိုးကြည့်တတ်လာတယ်။ နောက် သမီးမေမေက အရယ်သန်တယ်။ သူရယ်ရင် ဖေဖေလဲ စိတ်ကြည်နူးမိတယ်။ အဲဒီလိုပေါ့ မသိစိတ်က ဖြစ်နေတာတွေ။ သမီးမေမေကို သတိရလာရင် ဖေဖေက ကဗျာတွေ ရေးတတ်တယ်။ စိတ်ခံစားမှုတစ်ခုဖြစ်တိုင်း စာတွေ ကဗျာတွေ ရေးတတ်တယ်။ ဖေဖေက ကဗျာဆို ရေးတတ်တာ မဟုတ်ဘူး။ ဒါပေမယ့် ခံစားချက်ရှိလာတော့ ခံစားချက်ကို ရေးရင်နဲ့ ကဗျာဆိုပြီး ရေးဖြစ်သွားတယ်။

"ခစ် ... ခစ် .. ခစ်"

"ဟော့ သမီးက ဖေဖေ့ကို ရယ်တယ်ပေါ့ ... ဟုတ်လား။"

"ဟုတ်ပါဘူး ဖေဖေရဲ့ ... ဖေဖေက စကားပြောကောင်းလို့ ရယ်တာ ..."

"ဟား ဟား ဟုတ်လား ... သမီးမေမေကလဲ ဖေဖေကို အဲလို ချီးကျူးဖူးတယ် ... ဟား ဟား"

"ခစ် ခစ် ခစ်"

နှစ်ယောက်သား သဘောအကျကြီးကျ၍ ရယ်မောလိုက်ကြသည်။ ထို့အချိန် မိမိ၏ အမေ ရောက်လာပြီး

"ဟင်း မပြောချင်ဘူး .... ဒါတွေ ပြန်ပြောရမယ်ဆိုရင် ပါးစပ်ကို မစိတော့ဘူး။ တော်တော် သဘောကျနေတယ်ပေါ့။ ဟုတ်လား။"

"ဟား ဟား မဟုတ်ပါဘူး အမေရယ် ... အမေမြှောက်ပေးထားလို့ အမေ့မြေးက မေးနေတာလေ ... အဲဒါကို ဖြေနေတာ ... ဟား ဟား"

"ဖေဖေ ဆက်ပြောလေ ... ဘွားဘွားနော် လာမရှုပ်နဲ့ ."

"အမလေးတော် ကောင်းပါပြီတဲ့ရှင် မရှုပ်တော့ပါဘူး ပြောကြပါ ပြောကြပါ "

"ခစ် ခစ် ခစ်"

"အယ် ဒါနဲ့ ဖေဖေက သမီးမေမေကို မအောင့်နိုင်တော့လို့ ချစ်ပါတယ်၊ ကြိုက်ပါတယ် ဆိုပြီး ရည်းစကား စပြောတာပေါ့။ သမီးမေမေက ဖေဖေကို ငြင်းတယ်။ ဖေဖေက အသည်းတွေကွဲပြီး စိတ်တွေ ညစ်တာပေါ့။ အဲဒီတုန်းက။ ဘာလုပ်ရမှန်းလဲ မသိဘူး။ ဖေဖေက အရက်ကလဲ မသောက်တတ်တော့ အရက်ပဲ ပြေးသောက်ရမလိုလို။ ဟိုလိုလို ဒီလိုလိုပေါ့ သမီးရယ်။ မျောက်မီးခဲ ကိုင်မိသလို ဖြစ်နေတာပေါ့။ "

"ဟင်း မျောက်မီးခဲကိုင်တယ်ဆိုတာ ဘာကိုပြောတာလဲဟင် ဖေဖေ "

"အယ် မျောက်မီးခဲကိုင်တယ်ဆိုတာ မီးခဲက ကိုင်မိရင် မပူဘူးလား "

"ပူတာပေါ့ ဖေဖေရဲ့"

"အဲဒါပေါ့ မျောက်က အစကတည်းက ပြာယာခတ်တဲ့ အကောင်လေ။ မီးခဲကိုင်မိတော့ ပိုပြာယာခတ် ယောက်ရက် ခတ်တာပေါ့။ အဲဒါကို ပြောတာ။"

"ခစ် ခစ် ခစ် ရယ်ရတယ် "

"ဟ ဟား ဟား ဟုတ်ပါ့ဗျာ .. . ရယ်ရပါ့။ "

"တော်တို့ သားအဖ ဘာတွေ ရယ်နေတာလဲ ... ။ ကျွန်မအကြောင့်တော့ မဟုတ်လောက်ဘူး ထင်တယ်နော်။ "

"အယ် သမီး မေမေလာပြီ။ တော်ပြီနော်။ နောက်မှပဲ ဆက်တော့မယ်။ ဖေဖေလဲ ရုံးသွားဖို့ ပြင်တော့မယ်။ သမီးလဲ ဘွားဘွားနဲ့ စာဖတ်တော့။ "

"ဟုတ်ကဲ့ ... ခစ် ခစ် ခစ်"

ဟော့ အလကားနေရင်း ရယ်သွားသေးသည်။

(ဆက်ပါအုံးမည်)


မောင်စေတနာ

26.9.09

စိတ်ကူးပုံရိပ် (၁)

" ဖေဖေ ... "

သမီးငယ်၏ ခေါ်သံကြောင့် လှည့်ကြည့်လိုက်မိသည်။ မိမိထံ အပြုံးလေးဖြင့် ပြေးလာနေသော သမီးငယ်လေး။

" ဟေ ... သမီး "

မိမိရင်ခွင်ဆီကို ပြေးလာသော သမီးငယ်ကို အနမ်းနှင့် ထွေးပွေ့လိုက်သည်။ သူ့အမေ မျက်နှာပေါက်နှင့် သမီးလေး။ ချစ်လိုက်ရတာ။ သမီးအသက်က အခုမှ ၄ နှစ်ခွဲကျော်ကျော်သာ ရှိသေးသည်။ စကားက တတ်သည်။ ဒီသမီးလေးကြောင့် မိမိ စိတ်ပင်ပန်းမှု ရှိတိုင်း ပြေပျောက်မြဲဖြစ်သည်။

" ဖေဖေ .... မေမေနဲ့ ဘယ်လို ညားလာတာလဲ ဟင် "
" ဟင် ... "

သမီးငယ်၏ အမေးကြောင့် အံ့သြသွားမိသည်။ တစ်ယောက်ယောက်က မြှောက်ပေးလိုက်ပြီး ထင်သည်။ သမီးငယ်လေးက ဒီလိုမျိုး လုပ်တတ်သည်။ စကားအရမ်းတတ်သည့်အတွက် မိဘဘိုးဘွားဆွေမျိုးများက ချစ်ကြသည်။ သမီးလေးက လူကြီးတွေ ပြောသည့် စကားများကို မှတ်သားထားပြီး ပြန်ပြောတတ်သည်။ ယခုလဲ တစ်ယောက်ယောက်က မြှောက်ပေးပြီး မေးခိုင်းလိုက်ခြင်း ဖြစ်မည်။

" သမီးက ဘာလို့ မေးရတာ ... ပြောစမ်း ဖေဖေ့ကို .... ဘယ်သူမေးခိုင်းလိုက်တာလဲ "

"ခစ် ခစ် ခစ်"

သမီးငယ်လေး ရယ်လေတော့သည်။

"ဘွားဘွား မေးခိုင်းတာ ခစ် ... ခစ် ... ခစ် "

ဖြစ်ရမယ်။ ဒီဘွားအေတော့။ ကလေးကို မကောင်းတာတွေ မေးခိုင်းနေတယ်။ မိမိ၏ အမေ သမီလေး၏ အဘွားက မိမိကို ဒီအကြောင်းနှင့် ပတ်သက်ပြီး အိမ်ထောင်မကျခင် ကတည်းက စနောက် နေကျ။ ယခုလဲ သမီးလေးနှင့် စပြန်ပြီ။

"သမီးက သိချင်လို့လား ... "

"ဟုတ် .... သိချင်ပါတယ် .... ဖေဖေက ရုပ်ချောပြီး မေမေက ရုပ်ဆိုးတယ်လေ .... ခစ် ... ခစ် ... ခစ် "

" ဟား ဟား ငါ့သမီးကတော့ လုပ်ပြီး "

" ကဲ ... ကဲ ... ဒါဆို သမီး မေမေ မရှိတုန်း ဖေဖေ အကျဉ်းချုပ် ပြောပြမယ်နော် ... သေချာနားထောင် "

" ဟုတ် .... ခစ် ခစ် ခစ် "

အရယ်သန်ပုံကတော့ သူ့အမေအတိုင်းပင်။ အလကားနေရင်း ရယ်နေသည်။

အဲဒီတုန်းက ဖေဖေက သမီးမေမေရဲ့ အထက်လူကြီးပေါ့။ ပြောရရင်း ဆရာပေါ့။ သမီးမေမေက ဖေဖေ လက်အောက်က ၀န်ထမ်း။ သမီး မေမေ အလုပ်စ၀င်လာတော့ မျက်နှာငယ်လေးနဲ့ပေါ့။ သမီးမေမေက သူ့အစ်ကို ရှိတဲ့ ဖေဖေတို့ ဌာနကို ၀င်လာတာ။ သူ့အစ်ကိုက ဖေဖေသူငယ်ချင်း။ အခု သမီးရဲ့ ဘကြီး။

သမီးမေမေကို ဖေဖေက သမီးရဲ့ ဘကြီးအိမ် လိုက်သွားရင်းနဲ့ တွေ့ကြတာ။ အဲဒီတုန်းက သမီးမေမေက သမီးပြောသလိုပဲ ရုပ်ဆိုးဆိုးပေါ့။ ဖေဖေက အဲဒီမှာ သမီးမေမေကို စတွေ့တာ။ အဲဒီတုန်းကတော့ ဖေဖေက သတိထားမိရုံပါပဲ။

နောက်တော့ သမီးဘကြီးတို့ အိမ်ကို သွားရင်းနဲ့ သမီးမေမေ ရှိနေတတ်တယ်။ ဖေဖေလာတာမြင်ရင် သမီးမေမေက အိပ်ခန်းထဲကို ၀င်ဝင်ပြေးတတ်တယ်။ ရုပ်ဆိုးတော့ ရှက်လို့ထင်ပါတယ်။

" ခစ် ... ခစ် ... ခစ် "

သမီးငယ်လေးက ရယ်လေသည်။ မိမိ၏ အပြောကို စိတ်ဝင်စားစွာ နားထောင်နေသည်။ ဒီအသက်အရွယ်လေးနှင့် မိဘများ၏ ချစ်ရေးချစ်ရာ ကိစ္စကို သိချင်နေသည်။

" အဲဒီမှာ အဖေက သတိထားမိလာတယ်။ အယ် စိတ်ဝင်စားမိလာတယ်ပေါ့ ... ဒါပေမယ့် ဖေဖေ့ စိတ်ထဲမှာ ဝေခွဲနေတုန်းပေါ့ ... စဉ်းစားနေတုန်းပဲပေါ့ ... ဖေဖေက ဘာအလုပ်ပဲ လုပ်လုပ် အရမ်းစဉ်းစားတာလေ ... အဲဒီအကျင့်အတိုင်း ဖေဖေလဲ စဉ်းစားတာပေါ့ .... သမီးရဲ့ မေကြီးကို စိတ်ဝင်စားတာလား ... ကြိုက်နေတာလား ... ချစ်နေတာလားပေါ့ ... "

အဲဒီတုန်းကတော့ သမီးမေကြီးလဲ မသိဘူး။ သူက တုံးတယ်လေ။ ဖေဖေက သရုပ်ဆောင်ကောင်းတယ်။ ရုပ်ရှင်မင်းသားတွေတောင် ဖေဖေကို လာလာတွေ့ပြီး ဆရာ ဆရာလို့ ခေါ်ကြတယ်။ ဖေဖေက သူတို့ထက် သရုပ်ဆောင် ကောင်းလို့လေ။

" ခစ် ခစ် ခစ် "

သမီးလေးသည် မိမိ၏ အပြောကို သဘောကျစွာ ရယ်မောလေတော့သည်။ သြော် သမီးလေးရယ်။

" ကဲ နောက်မှ ဆက်တော့မယ်နော်။ သမီးလေး အိပ်ချိန်ရောက်နေပြီ။ သွားအိပ်တော့ .... ဖေဖေ နောက်မှ ဆက်ပြောပြမယ်။ "

" ဟာ ဖေဖေကလဲ ကောင်းခန်းရောက်မှ လုပ်ပြီ ဖေဖေ လူဆိုး ... "

"ဟား ဟား ... ဖြစ်ရမယ် ငါ့သမီးရယ်"

တော်တော်ရယ်စရာကောင်းတဲ့ သမီးလေး ။ စကားကို တတ်တာမှ စုံလို့။ မိမိကို မကျေမနပ်ဖြင့် အိပ်ခန်းထဲ ၀င်သွားသည်။ သူ့အဘွား မိမိအမေက ပြုံး၍ ကြည့်နေသည်။

" အမေနော် ကလေးကို ကြပ်ကြပ်မြှောက်ပေး ... ကလေး ပျက်စီးရင် အမေကြောင့်ပဲနော် ... "

ဟု လှမ်းအော်လိုက်သေးသည်။

(ဆက်ပါအုံးမည်။)


မောင်စေတနာ

15.9.09

သဒ္ဓါစိတ်

လိုချင်နေခဲ့တာ ကြာပြီ။ အခုမှ ရတယ်။ အဲဒီစာသားနဲ့ အဓိပ္ပါယ်တွေကို အရမ်းသဘောကျခဲ့တာ။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ဖတ်ခဲ့ဖူးတာ။ အဲဒီတုန်းက အမှတ်တမဲ့နေခဲ့တာ။ အခုမှ ပြန်လိုချင်တာနဲ့ ရှာလိုက်တာ။ တွေ့ပါတယ်။ စာဖတ်သူများလဲ ဖတ်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။


လူချင်းတူသော်လည်း × × × × × × × ဥာဏ်ချင်းမတူ
ဥာဏ်ချင်းတူသော်လည်း × × × × × × ပါရမီချင်းမတူ
ပါရမီချင်းတူသော်လည်း × × × × × × ၀ီရိယချင်းမတူ
ဝီရိယချင်းတူသော်လည်း × × × × × × သတိချင်းမတူ
သတိချင်းတူသော်လည်း × × × × × × ပဌာန်းဆက်ချင်းမတူ
ပဌာန်းဆက်ချင်းတူသော်လည်း × × × ဆုတောင်းချင်း မတူ
ဆုတောင်းချင်းတူသော်လည်း × × × × သဒ္ဓါချင်းမတူ

ဒါကြောင့် အကျိုးပေးဘုန်းကံမြင့်မားစေရန်အတွက် မဆုတ်မနစ်သော သဒ္ဓါတရားဖြင့် လှူ၊ ကျင့်ရာ၏


မောင်စေတနာ

25.7.09

စစ်ကိုင်းခရီးစဉ် (၂)

၅.၇.၂၀၀၉၊ ဒုတိယရက် (တနင်္ဂနွေနေ့)
မနေ့က စစ်ကိုင်းက ကံတလူဘုရား၊ ကောင်းမှုတော်နဲ့ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တို့ကို သွားရောက် ဖူးမျှော် လည်ပတ်ခဲ့ပြီပြီး။ နောက်တစ်နေ့မှာ ပြင်ဦးလွင်က မဟာအံထူးကံသာဘုရား သွားရောက်ဖူးမျှော်ဖို့ အစီအစဉ် ဆွဲခဲ့ကြတယ်။ နံနက် (၆း၃၀)အချိန်လောက် စစ်ကိုင်းက ထွက်ဖို့ သဘောတူခဲ့ကြတယ်။

စောစောထွက်မယ် ပြောခဲ့ကြပေမယ့် အိပ်ယာက (၇)နာရီ နောက်ပိုင်းမှ နိုးလို့ နောက်ကျခဲ့တယ်။ စစ်ကိုင်းကနေ နံနက်(၉)နာရီမှ ထွက်ဖြစ်ခဲ့တယ်။ ဆိုင်ကယ်နှစ်စီးကို လူလေးယောက်။ မန္တလေးမှာ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက် စောင့်နေသေးတယ်။ မိမိတို့လည်း အချိန်က နောက်ကျနေတော့ မြန်မြန်ပဲ သုတ်ခြေတင် မောင်းနှင်ခဲ့တယ်။ မန္တလေးကို (၁၀း၃၀)လောက်မှ ရောက်တယ်။ ဒါတောင် တော်တော်မြန်မြန် မောင်းထားတာ။

မန္တလေးရောက်တော့ မိမိတို့ကို လိုက်ပါပို့ဆောင်မယ့် အိမ်ရှင်မြေရှင် ဇာတိခံတို့ကို ၀င်ပင့်တယ်။ ကိုကိုတို့က စောင့်မျှော်နေကြတယ်။ တော်သေးတယ်။ နောက်ကျတယ် မလာတော့ဘူး ထင်ပြီး တစ်နေရာကို မသွားနေတာ။ မိမိတို့ကို တွေ့တော့ ပြင်ဦးလွင်တက်ဖို့ လုပ်ကြပြီး (၁၁)နာရီမှာ စတင် ထွက်ခွါတယ်။ လမ်းမှာ ဓါတ်ဆီထည့် ဘာထည့်ပေါ့။

ပြင်ဦးလွင်တက်တဲ့ တောင်ပတ်လမ်း တစ်လျှောက်လုံး ရှုခင်းရှုကွက်တွေက လှမှလှပဲ။ ဓါတ်ပုံ ရိုက်ချင်စိတ်ကို မနည်းမျိုသိပ့်ခဲ့ရတယ်။ ကင်မရာကလဲ မပါတော့ တော်တော်အဖြစ်ဆိုးခဲ့တာ။ မိမိတို့မှာ သီချင်းနားထောင်ဖို့ ပါလာတဲ့ JXD လေးနဲ့ပဲ ဘာဖြစ်ဖြစ် အမှတ်တရဆိုပြီး ရိုက်ဖြစ်ကြတယ်။


၂၁ မိုင်ရောက်တော့ ဆိုင်ကယ်က ပျက်ပါလေရော။ အင်းလေ ပျက်မှာပေါ့ ဒီလောက် မြင့်တဲ့ တောင်ကို တက်ရတာကိုး။ ဒါနဲ့ ၂၁ မိုင်မှာ ဆိုင်ကယ်ပြင်တယ်။ ပဲစိမ်းကြော်ဆိုင်တွေတာနဲ့ ဈေးမေးကြည့်မိတယ်။ တစ်ထုပ်ကို ၅၀၀ိ/- တဲ့။ ၀ယ်မလို့ လုပ်တုန်း မန္တလေးက သူငယ်ချင်းက မ၀ယ်နဲ့ ဈေးကြီးပြီး မကောင်းဘူးတဲ့။ အပြန်လမ်း ၂၁ မိုင်ကျမှ ၀ယ်တဲ့။ ဒါနဲ့ ပြင်ဦးလွင်ကို ဆက်တက်ခဲ့တယ်။

ပြင်ဦးလွင်ကို ရောက်ရောက်ချင်း အရင်ဆုံးဦးဆုံး ဖြေရှင်းရမယ့် ဒုက္ခက ဗိုက်ဆာတယ်ဒုက္ခ။ ဒါနဲ့ ထမင်းဆိုင် ကောင်းကောင်းကို လိုက်ရှာလိုက်ကြတာ တွေ့ပါပြီ။ အဓိပတိ မြန်မာထမင်းဆိုင်။ ဒါနဲ့ ထမင်းစားမယ် ဆိုပြီး ဆိုင်ထဲ ၀င်ကြတယ်။ လူက ခြောက်ယောက်။ ဆိုင်က ပြောတယ် အ၀စား တစ်ယောက် ၂၀၀၀ိ/-တဲ့။ အင်း ... ဈေးကတော့ ကြီးတယ်။ ဒါပေမယ့် စားမယ်ပေါ့။ မိမိက ကြက်သားကာလသားဟင်း။ အရိုးက များနေတယ်။ ဆိုင်ကတော့ ပြောတာပဲ။ ကာလသားဟင်း ပီသအောင် ချက်ထားပါတယ်တဲ့။ ထားပါ။

အဲဒီကနေ ပြင်ဦးလွင် မဟာအံ့ထူးကံသာ ဘုရားကို ရောက်တယ်။ မိမိရဲ့ စိတ်ကူးထဲမှာ မန္တလေး မဟာမြတ်မုနိဘုရား ပြီးရင် မဟာအံ့ထူးကံသာဘုရားကို ဖူးဖြစ်အောင် ဖူးမယ် စိတ်ကူးခဲ့တာ။ ယခုတော့ ဘုရားခြေတော်မှောက်ကို ရောက်ရှိပြီ။ ၀မ်းသာပီတိဖြစ်ရတယ်။


သူငယ်ချင်းတွေက ပြင်ဦးလွင်တောင် ရောက်နေပြီ ပွဲကောက်ရေတံခွန်တော့ သွားကွာဆိုတာနဲ့ ပွဲကောက်ရေတံခွန်ကို ထွက်ခဲ့ကြတယ်။ မိမိ သူငယ်ချင်းတွေက ရေထဲဆင်းဆော့ကြတယ်။ မိမိကတော့ တော်ပြီ ... မဆော့တော့ဘူး ... မင်းတို့ပဲ ဆော့ပါ ဆိုပြီ သူတို့ဆော့တာ ထိုင်ကြည့်ခဲ့တယ်။ ဒါပေမယ့် မနေနိုင်ပါဘူး။ ရောဂါက ထလာတယ်။ အတင်းအင်္ကျီချွတ်ပြီး ရေထဲဆင်းခဲ့တယ်။



အဲဒီကနေ မန္တလေးကို ပြန်ခဲ့ကြတယ်။ မန္တလေးရောက်တော့ မိမိတို့နဲ့ အလုပ်အတူတူ လုပ်နေတဲ့ မိတ်ဆွေတွေ မန္တလေး ဘုရားလာဖူးတယ် ဆိုတာ သိရတာနဲ့ သွားရောက်တွေ့ဆုံဖြစ်တယ်။ သူတို့က ဦးပိန်တံတားကို လိုက်ပို့ပါ ဆိုပြီး မာလာငါးဟင်းနဲ့ လက်ထိုးကြတယ်။ မိမိတို့ အဖွဲ့လဲ လက်ထိုးတဲ့ မာလာငါးဟင်းကို တ၀တပြဲ စားပြီး လိုက်ပို့ခဲ့ရတယ်။ မန္တလေးက စစ်ကိုင်းကို ပြန်တော့ ည (၉)နာရီကျော်နေပြီ။



မိမိတို့ စိတ်ထဲမှာ မိမိတို့ တည်းခိုရာ မိဘရိပ်ချောင်က ဆရာလေး စိတ်ပူမျှော်နေမည်ကိုသာ တွေးပူးနေမိသည်။ အလည်လွန်ခဲ့သည့်အဖြစ်။ စစ်ကိုင်း မြို့ဝင်ဝရောက်တော့ ဆိုင်ကယ် ဆီက ပြတ်သေးတယ်။ ဒါနဲ့ တစ်စီးနဲ့ သွားဝယ်ပြီး ထည့်ပေါ့။ မိဘရိပ်ချောင်ကို ရောက်တော့ (၁၀)နာရီကျော်နေပြီ။

ထင်သည့်အတိုင်း ဆရာလေးက စောင့်နေတယ်။ ရောက်ရောက်ချင်း ဆရာလေးက သားတို့ ထမင်းစားပြီပြီးလား လို့ စိတ်ပူမေးရှာတယ်။ သြော် ဆရာလေးရဲ့ စေတနာတွေရယ် ...... ။

မောင်စေတနာ

16.7.09

စစ်ကိုင်းခရီးစဉ် (၁)

ပထမရက် (စနေနေ့)

ဒီတစ်ခေါက် အလုပ်ပိတ်ရက်ဖြစ်တဲ့ စနေ(၄.၇.၀၉)၊ တနင်္ဂနွေ(၅.၇.၀၉)၊ တနင်္လာ (၆.၇.၀၉) (၀ါဆိုလပြည့်နေ့) တွေမှာ ဘုရားဖူး ခရီးစဉ် ထွက်ခွါခဲ့ပါတယ်။ ရည်ရွယ်မှုမရှိဘဲ ရောက်ရှိခဲ့ခြင်းပါ။ ရောက်သည့်နေရာက စစ်ကိုင်း။

သောကြာနေ့ည (၁၀း၄၅)ရထားနဲ့ သွားဖို့ စီစဉ်ခဲ့ပါတယ်။ မိမိရယ် သူငယ်ချင်းနှစ်ယောက်ရယ် သုံးယောက်ပေါ့။ ရထားဘူတာကိုရောက်တော့ (၈း၀၀)နာရီ။ မန္တလေးရထားက (၁၂း၀၀)နာရီမှ ပျဉ်းမနားဘူတာကို ရောက်တယ်။ လက်မှတ်မှာ ရေးထားတာကို ယောင်ရန်းပြီး ကြည့်မိတယ်။ (၁၀း၄၅) ရထားပါ ဟုတ်ပါတယ်ပေါ့။ ရထား၏ အချိန်တိကျပုံကို ဖော်ညွှန်းတာပါ။

ရထားက (၁၂း၀၀)ကနေ ထွက်ခဲ့တာ မန္တလေးကို နံနက်(၇း၀၀)နာရီမှာ ရောက်ပါတယ်။ မန္တလေးက သူငယ်ချင်းက ဆိုင်ကယ်နှစ်စီးနဲ့ လာကြိုတယ်။ တော်သေးတာပေါ့ ကျေးဇူးရှင်ရယ်။ ရထားက မဆိုက်ဘူး ကြာတယ်ဆိုပြီး မစောင့်ဘဲ မထွက်သွားတာ ကျေးဇူးတင်ရမယ်။

မန္တလေးကနေ ဆိုင်ကယ်နှစ်စီးနဲ့ စစ်ကိုင်းကို ထွက်ခဲ့တယ်။ လူက ငါးယောက်။ ဆိုင်ကယ်က နှစ်စီး။ တစ်စီးမှာ သုံးယောက်ထိုင်တယ်။ စစ်ကိုင်းကို တစ်နာရီခွဲလောက် မောင်းရတယ်။ မဆိုးပါဘူး။ နီးတယ်။

စစ်ကိုင်းရောက်တော့ မိမိနဲ့ပါလာတဲ့ ညီလေးရဲ့ မိဘရိပ်ချောင် မှာ တည်းခိုတယ်။ စစ်ကိုင်း ပတ်ဝန်းကျင်က ဘုန်းကြီးကျောင်းကို ဘုန်းကြီးချောင် လို့ခေါ်တယ်။ မယ်သီလရှင်ကျောင်း တွေကိုလည်း ချောင်လို့ ခေါ်ကြတယ်။ မိဘရိပ်ကျောင်းမဟုတ်ပဲ ချောင် ဖြစ်နေတာ။ (ချောင်ကို ရှင်းတာပါ)။ အနားယူပြီး ဆိုင်ကယ်နှစ်စီးနဲ့ပဲ ကံတလူဘုရားကို ဖူးတယ်။ ကံတလူ ဘုရားကတော့ လူတိုင်း သိပါတယ်။ ကံတလူမှာ အလံထူမယ် ဆိုတာလေ။


နောက် ကောင်းမှုတော်ဘုရားကို ဖူးတယ်။ ကောင်းမှုတော်ဘုရားက တော်တော်အံ့သြဖွယ်ကောင်းတယ်။ ဒါနဲ့ စကားမစပ်ပေါ့။ ကောင်းမှုတော်မှာ သနပ်ခါးတုံး၊ ကျောက်ပြင်၊ ကြိတ်ပစ္စည်းတွေ ဈေးပေါတယ် ပြောရမယ်။ အယ် ဒါပေမယ့် ဈေးတော့ တင်ထားတယ်။ တော်တော် ဆစ်ယူရမယ်။ ရောက်ခဲ့ရင် သိအောင် ပြောပြတာ။


ဒါနဲ့ မိဘရိပ်ချောင် ကို ပြန်လာခဲ့တယ်။ ခရီးပန်းလာတာနဲ့ တစ်ရေးတစ်မော အိပ်လိုက်ကြတာ ညနေ (၄း၀၀)နာရီ ထိုးသွားတယ်။

ညနေ ရေချိုးပြီး စစ်ကိုင်း ဗုဒ္ဓတက္ကသိုလ်ကို သွားခဲ့တယ်။ ကြည်ညိုဖွယ် ကောင်းလိုက်ပါဘိ။ ကြားဖူးနားဝသာ ရှိတာ တကယ်ခန့်နားမှန်း သိခဲ့ရ၏။ ဗုဒ္ဓတက္ကသိုလ်က ဆရာတော်တွေက ခေသူတွေ မဟုတ်ပါ။ အားလုံး လက်တော့ ကွန်ပျူတာ ကိုယ်စီနဲ့။





ဒါနဲ့ စစ်ကိုင်းမှာ ပညာဒါန ပြုလုပ်နေတဲ့ ဆရာတော် ဦးကောဝိဒ ဆီ သွားရောက် ဖူးတွေ့တယ်။ ဆရာတော်နဲ့ စကား တော်တော်ပြောခဲ့ပြီး ည (၈)နာရီကျော်မှ မိဘရိပ်ချောင် ကို ပြန်လည်ရောက်ရှိခဲ့တယ်။

မောင်စေတနာ

24.2.09

လူမည်းတို့ ဂုဏ်ယူဖွယ်


ဒီကနေ့ အင်တာနက်ကြည့်ရင်း အမေရိကန်နိုင်ငံ သမ္မတ အိုဘားမားကို မြင်တွေ့မိတာနဲ့ စဉ်းစားမိပါတယ်။ သြော် လူမည်းတွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ သမ္မတပဲ ဖြစ်မှာပါလားလို့။ ထူးခြားစွာ ဖြစ်ပေါ်လာတဲ့ သမ္မတပါပဲ။ အင်း ထူးခြားတယ်သာ ပြောရပေမယ့် အိုဘားမားအနေနဲ့ ဒီသမ္မတဖြစ်ဖို့အတွက် ဘယ်လောက် တောင် ရင်းနှီးပေးဆပ် ခဲ့တယ်ဆိုတာ မိမိတို့လည်း မသိနိုင်ပါဘူး။ ပေးဆပ်မှုများစွာနဲ့ မဖြစ်နိုင်တဲ့ ရလဒ်တစ်ခုကို ကမ္ဘာ့လူလောက အသိုင်းအ၀ိုင်းမှာ ဖော်ထုတ်ခဲ့တဲ့ သမ္မတ အိုဘားမားကို မိမိအနေနဲ့ လေးစားမိပါတယ်။

သူဟာ ကမ္ဘာ့လူသားများ ကောင်းကျိုးကို လုပ်နိုင်သည် ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ။ လူဖြူများကိုသာ ဦးစားပေးတဲ့ အမေရိကန်နိုင်ငံမှာ သမ္မတဖြစ်အောင် လုပ်နိုင်တာနဲ့တင် လေးစားမိပါတယ်။ ကျော်ကြားထင်ရှား ပုဂ္ဂိုလ်များထဲမှာ ပါဝင်လာသည့်အတွက် ချီးကျူးမိပါတယ်။ ဒါကြောင့် လေးစားတဲ့အနေနဲ့ မိမိရဲ့ပညာကို သုံးပြီး သရုပ်ဖော် ဂုဏ်ပြုမိပါတယ်။


မောင်စေတနာ

18.12.08

လွမ်းမိတယ်

ဆောင်းညရဲ့ အေးမြမှုက ရင်ထဲထိ စိမ့်ဝင်လာသည်။ ဆောင်းလေက မိမိ ပါးပြင်ကို ထိခတ်လာသည်။ ကျောက်ခုံမှာ တစ်ယောက်ထဲ ထိုင်နေရင်း ဟိုတွေးဒီတွေး တွေးနေမိသည်။ ဒီလိုဆောင်းညမျိုးမှာ မိမိဘေးနားမှာ သူမသာ ရှိနေလျှင် ပျော်ရွှင်မိမှာ သေချာသည်။ အတူတူ ရှိနေသည့် အချိန်တွင် သူမ အေးနေပါက သူမ နွေးထွေးသွားအောင် ပွေ့ဖက်ထားချင်သည်။

အမှန်တော့ မိမိ၏ ဆန္ဒက သူမကို နွေးထွေးမှု တစ်ခုထဲသာ ပေးချင်သည် မဟုတ်ပါ။ ရေဆာနေလျှင် ရေရှာပေးမည်။ လမ်းလျှောက်၍ ညောင်းက ကုန်းပိုးခေါ်မည်။ စိတ်ညစ်နေပါက ပျော်ရွှင်အောင် ပြုလုပ်ပေးမည်။ သူမ မကျန်းမာလျှင် ပြုစုစောင့်ရှောက် ချင်သည်။ သူမ အားငယ်နေလျှင် နှစ်သိမ့်ပေးမည်။ သူမ ငိုနေလျှင် ရယ်ရွှင်အောင် ပြုလုပ်ပေးမည်။ သူမ လိုအပ်သည့် အချိန်တိုင်း အရာတိုင်း ဖြည့်ဆည်းပေးနေချင်တာပါ။

အင်း ... အတွေးများစွာနဲ့ သက်ပြင်းရှည်ကြီး ချရပြန်သည်။ ဒီညမျိုးမှာ မိမိ ထိုင်နေကျ ကျောက်ခုံလေးမှာ သူမနဲ့ အတူထိုင်ပြီး စကားများစွာ ပြောချင်သည်။ သူမ မျက်နှာကို စေ့စေ့ကြည့်ပြီး ချစ်လိုက်ရတာ ချစ်သူရယ် လို့ ပြောချင်မိသည်။ ဆောင်းရာသီအအေးဒဏ်ကို အံတုပြီး လွမ်းတယ်ဗျို့ ဟုသာ အော်လိုက် မိတော့သည်။

မောင်စေတနာ

13.12.08

ဆောင်းညရဲ့ တစ်ညတာ

ဆောင်းညလေး တစ်ညမှာ သူမနဲ့ အတူတူ အိမ်ပြန်လမ်းကို လိုက်ပါမိတယ်။ ဆောင်းညရဲ့ အအေးဒဏ်က သိသာ ဆိုးရွားစွာ အေးမြနေတယ်။ သူမကို ကြည့်လိုက်တော့ ဆွယ်တာပါးလေးသာ ၀တ်ဆင်ထားတယ်။ မိမိ အနွေးထည်က ထူပြီးနွေးနေတယ်။ သူမ မျက်နှာကို ကြည့်လိုက်မိတယ်။ ဆောင်းညရဲ့ အအေးဒဏ်ကို ခံနေရသော မျက်နှာဝိုင်းလေးကို မြင်နေရတယ်။

နွေးထွေးသွားအောင် သူမ လက်ကလေးကို ကိုင်ထားပေးချင်ပေမယ့် မဖြစ်နိုင်။ ဒါနဲ့ မိမိရဲ့ အနွေးကို ချွတ်လိုက်မိတယ်။ သူမကို ကမ်းပေးလိုက်တယ်။ သူမက ငြင်းတယ်။ မိမိလဲ မရမက ပေးလိုက်တယ်။ နောက်ဆုံး သူမ လက်ခံခဲ့တယ်။ သူမလဲ အအေးဒဏ်ကို ခံနေရပြီလေ။ မိမိရဲ့ အနွေးထည်ကို ချွတ်လိုက်ရင်ပဲ အအေးဒဏ်က အသွေးအသားထဲ စိမ့်ခနဲ ဖြစ်သွားတယ်။

သူမကို ကြည့်မိတယ်။ အတော်အတန် နွေးထွေးသွားပုံ ရတယ်။ ၀မ်းသာမိတယ်။ မိမိရဲ့ ခန္ဓာကိုယ်က အေးနေပေမယ့် မိမိရင်ထဲမှာတော့ အပျော်များနဲ့ နွေးထွေးနေတယ်။ မိမိ ခန္ဓာကိုယ် တစ်ခုလုံးမှာ သူမကို ချစ်တဲ့ စိတ်တွေ စီးဝင် ပျံ့နှံ့နေတယ်။ သိပ်ချစ်လွန်းလို့ ရင်တွေ တစ်အားခုန်ပြီး မိမိနှလုံးသားက နွေးထွေးသွားပုံ ရတယ်။ သူမ မျက်နှာကို နောက်တစ်ကြိမ် ကြည့်မိပြီး ချစ်လိုက်တာကွာ လို့ စိတ်ထဲတွင် ရေရွတ်နေမိတယ်။

ဒီလို ဆောင်းညမျိုးမှာ သူမနဲ့သာ အတူတူ ရှိနေရင် ဆောင်းညရဲ့ အအေးဒဏ်ကြောင့် မိမိ ခန္ဓာကိုယ်ကြီး တစ်ခုလုံး အေးခဲသွားပါစေ လို့ ဆုတောင်းမိတယ်။

မောင်စေတနာ

16.11.08

ဘဲဥ မျက်နှာ

အဖေက အမေကို အရမ်းချစ်သည်။ သူဌေးသမီးကို ရထားသည့်အတွက် အမေ၏ ဆိုးမှုများကို ခံရရှာသည်။ သူဌေးသမီးဆိုတော့ ထမင်းဟင်း ကောင်းကောင်း မချက်တတ်။ အစ်ကိုကြီးနဲ့ မိမိကို မွေးပြီးသည့်အထိ ဟင်းမချက်ပဲ ဆိုင်မှာသာ စားခဲ့ကြသည်။ မနက်စာကို အမေရယ်၊ ကိုကြီးရယ်၊ ကျွန်တော်ရယ် ဆိုင်တွင်သာ စားခဲ့ကြသည်။ အဖေကတော့ အလုပ်ထဲတွင် စားသည်။ မိမိ အသက် ငါးနှစ်ပြည့်ကာနီးတွင်မှ စ၍ ချက်နည်းပြုတ်နည်း စာအုပ်ဝယ်၍ ထမင်းဟင်း စချက်သည်။

အမေ ထမင်းဟင်း ချက်တတ်ပြီးတဲ့ နောက်ပိုင်း ဖြစ်ရပ်လေးပါ။ အမှတ်ရမိပါတယ်။ မိမိရဲ့ အစ်ကိုက အစ အနောက် သန်သည်။ အဲဒီနေ့က အမေသည် မီးဖိုချောင်တွင် ဘဲဥဆီပြန်ဟင်း ချက်နေခဲ့သည်။ မိမိက အိမ်သာ တက်ချင်သည့် အတွက် နောက်ဖေးသို့ ထွက်ခဲ့သည်။ မီးဖိုချောင် တံခါးနားတွင် ရပ်နေသော အစ်ကိုသည် မိမိလာသည်ကို မြင်သည်နှင့် လက်ဖြင့် တားထားသည်။ မိမိလဲ အိမ်သာ တက်ချင်ဇောဖြင့် ကိုကြီး၏ လက်ကို အတင်းတွန်းလိုက်ပါတယ်။ တွန်းသည့်အချိန်နှင့် သူလက်ဖယ်သည့်အချိန်တွင် မိမိသည် အရှိန်လွန်ပြီး အမေ ချက်နေသော ဘဲဥဟင်း အိုးထဲသို့ ခေါင်းစိုက်ကျသွားခဲ့သည်။

အဲဒီနောက်ပိုင်း ဘာမှ သတိမရတော့ပါ။ မိမိ သတိရသည့်အချိန်တွင် ဆေးရုံသို့ ရောက်နေလေပြီ။ မိမိ၏ မျက်နှာသည် ပတ်တီးများဖြင့် ပြည့်နေသည်။ မျက်လုံး ဖွင့်ဖွင့်ချင်တွင် အဖေနဲ့ အမေ၏ ရယ်မောနေသည်ကို တွေ့ရလေသည်။ မိမိကို ကြည့်ပြီး ရယ်မောနေကြသည်။ လက်ဖြင့် ကိုယ့်မျက်နှာကိုယ် ပြန်စမ်းမိသည်။ ကိုကြီးသည် ငိုမဲ့မဲ့ဖြင့် မိမိကို ကြည့်နေလေသည်။

အိမ်ပြန်ရောက်တော့ မိမိမျက်နှာသည် အကောင်းပကတိ ဖြစ်နေလေသည်။ အံ့သြလွန်း၍ အမေ့ကို မေးကြည့်ရာ သားက ကံကောင်းတယ် ... သား ဘဲဥဟင်းအိုးထဲ ကျတော့ မျက်နှာတစ်ခုလုံး အရည်ခွံတွေ လန်နေတာ ရစရာကို မရှိဘူး ... အမေ့မှာ သားဘ၀တော့ သွားပြီထင်တာ ... ဆေးရုံရောက်တော့ အမေတို့အတွက် ၀မ်းသာစရာ ဖြစ်ခဲ့တယ် ... နိုင်ငံခြားက ရောက်နေတဲ့ အထူးကုဆရာနဲ့ တွေ့ပြီး ... သူကုနိုင်တယ် .. စိတ်မပူနဲ့ဆိုလို့ သားအခုလို မျက်နှာ အကောင်းပကတိ ရခဲ့တာ သားရဲ့ ...ဟု ရယ်မောပြီး ပြောပြခဲ့တယ်။

အဲဒီနောက်ပိုင်း ထိုအကြောင်းကို ပြောပြောပြီး ရယ်မော တတ်ကြပါတယ်။ သူများတွေက သေရွာပြန်။ မိမိက ဘဲဥဟင်းအိုးထဲက ပြန်ထွက်လာတော့ ဘဲဥပြန်ပေါ့။ အမေ မွေးပေးခဲ့တဲ့ မျက်နှာ မဟုတ်တော့ဘူး။ မိမိမျက်နှာက ဘဲဥမျက်နှာ ဖြစ်ခဲ့ပါလားဟု တွေးတေားမိရင် တစ်ယောက်တည်း ပြုံးမိတော့သည်။


မောင်စေတနာ


9.11.08

ရောက်ခဲ့ပြန်ပြီ

ဒီနေ့ အိပ်ရာက နိုးတော့ မှောင်နေတယ်။ ပုံမှန်ထနေကျ အချိန်ဆိုတော့ မိမိပဲ အချိန်မှားထမိသလား တွေးမိတယ်။ နာရီကြည့်တော့ ၇ နာရီ။ နိုးနေကျ အချိန်ပဲ။ ဒါနဲ့ ပြတင်းတံခါးကို ထွက်ကြည့်မိတယ်။ ဟာ ... နှင်းတွေ .. နှင်းတွေ .... ဖွေးနေတာပဲ။ နှင်းဆိုတာနဲ့ ရင်ထဲကို အေးမြမှုက တိုးဝင်လာတယ်။ နှင်းကိုမြင်မှ ဆောင်းရောက်မှန်း သိတော့တယ်။ အရာရာနဲ့ ကင်းကွာနေတာ ကြာနေသော မိမိအတွက် ရာသီဥတုသုံးရာသီတောင် သတိမထားမိတော့။

မိုးရွာမှ မိုးရာသီမှန်း သတိရတယ်။ နေကျစ်ကျစ်တောက် ပူမှ နွေရာသီပါလား။ ဆောင်းနှင်းမြင်မှ ဆောင်းဝင်ပြန်ပီ။ ပတ်ဝန်းကျင်နဲ့ ကင်းကွာနေတာ ကြာနေပီရော။ အရာရာကို ဆန့်ကျင်ဘက်လုပ်ပြီ နေနေခဲ့တာ ကြာပါရောလား။ အင်း ဒီနွေ ဒီမိုး ဒီဆောင်း ပြောင်းခဲ့ပြန်ပြီ။


မောင်စေတနာ

31.10.08

အချစ်ဆိုသော အရာ

နိဒါန်း
အချစ်မသိသူတစ်ယောက်ကို အချစ်ဆိုသော အဓိပ္ပါယ်ကို ရေးဖွဲ့ခိုင်းသည်မှာ ရေးဖွဲ့ရမည့်သူအတွက် ခက်ခဲလှပေသည်။ မည်သို့ပင် ဖြစ်စေ အတ္တ၊ ပရ မျှအောင် ခံစားရေးဖွဲ့ပေးလိုက်ပါတယ်။ ညီလေး ကိုတိုးလဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


အေးမြသော အချစ်

မိဘက သားသမီးကို ချစ်သော အချစ်။ ကိန်းဂဏာန်းအရ = ၅၂၈ ။ သားသမီးကို မည်သို့ ပေးရမည်ကိုသာ စဉ်းစားပြီး အယူမရှိသော အချစ်။ ထိုအရာကို မေတ္တာဟုလည်း ခေါ်ကြသည်။ မိဘများ၏ မေတ္တာတရား (အချစ်)ကို ဤကမ္ဘာလောကတွင် နှိုင်းစရာ မရှိဟုပင် ဆိုစမှတ် ပြုကြသည်။ မိဘများ၏ ရင်ခွင်သည် အမြဲခိုလှုံသင့်သော နေရာဖြစ်သည်။ မိဘ လောင်းရိပ်သည် အင်မတန်မှ အေးမြလှသည်။ ဖြူစင်သန့်စင်သော အချစ်များကြောင့် အေးမြသော ခံစားမှုများသာ ခံစားကြရသည်။

သားသမီးများထံမှ တစ်ခုတည်းသော မိဘများ၏ မျှော်လင့်မှုသည် အောင်မြင်တိုးတက် ကြီးပွားခြင်းပင် ဖြစ်သည်။ သားသမီး ကောင်းစားလျှင် ငါတို့ပါ ကောင်းစားမည်ဟုသော စိတ်ကြောင့် အောင်မြင်တိုးတက် စေလိုသော စိတ်ဖြင့် မျှော်လင့်ခြင်း မဟုတ်ပေ။ သားသမီး သက်ရှည် ကျန်းမာ ပျော်ရွှင် အောင်မြင် တိုးတက်နေလျှင် အပျော်ကြီးပျော်ပြီး ပီတိဖြစ်နေတတ်သည်။ သားသမီးများပေါ်တွင် ကြီးမားသော မျှော်လင့်ချက်များဖြင့် ပြုစုပျိုးထောင် ပေးကြသည်။ မိဘတို့၏ အေးမြ ဖြူစင်သော အချစ်အရှိန်သည် သားသမီးများ အပေါ် အမြဲ လွှမ်းခြုံထားသည်။

ထောင့်ငါးရာ အချစ်
အချစ်ကို ရယူခြင်း (သို့မဟုတ်) ပေးဆပ်ခြင်း ဟု နှစ်မျိုးခွဲခြား ပြောဆိုနေကြသည်။ တစ်ထောင့်ငါးရာ ဟုလဲ သုံးနှုန်းကြသည်။ အချစ်ကို ခံစားမိပါက ပူလောင်ခြင်း၊ ချမ်းမြေ့ခြင်း၊ သ၀န်တိုခြင်း၊ မနာလိုခြင်း၊ လိုချင်တပ်မက်ခြင်း၊ ရဲရင့်ခြင်း၊ မိုက်ရူးရဲဆန်ခြင်း၊ အနစ်နာခံခြင်း စသည်တို့ကို ခံစားကြရမည်။

ချစ်သူနဲ့ ဝေးနေမှုကြောင့် ပူလောင်ခြင်းကို ခံစားရနိုင်သည်။ ချစ်သူမျက်နှာကို မြင်တွေ့နေရလျှင် ချမ်းမြေ့ပီတိ ဖြစ်နေရပေလိမ့်မည်။ ချစ်သောသူ အခြားတစ်ယောက်နှင့် စကားပြောနေလျှင် မနာလို၊ သ၀န်တို နေရပေလိမ့်မည်။ ချစ်သူကြောင့် ရဲရင့်လာနိုင်သည်။ ချစ်သူကြောင့် မိုက်ရူးရဲ ဆန်ဆန် လုပ်လာနိုင်ပေသည်။ ချစ်သူကြောင့် အနစ်နာခံမှုများ ဖြစ်လာနိုင်သည်။

ဤကမ္ဘာလောကကြီးတွင် အချစ်နှင့် ကင်းကွာဖူးသူ ရှိမည် မဟုတ်ပေ။ ခြောက်သွေ့နေသော ကွင်းပြင်ကြီးသည် အချစ်ကြောင့် စိမ်းစိုနေသည်ဟု ခံစားရနိုင်သည်။ အချစ်ကြောင့် အေးမြနေသော ရာသီသည် ပူလောင်နေသည်ဟု ခံစားရနိုင်သည်။ အချစ်သည် အရာရာကို ဆန့်ကျင်ဖက်ဖြစ်အောင် လုပ်နိုင်လေသည်။ အချစ်သည် မျက်လှည့်တစ်မျိုးလဲ ဖြစ်သည်။

လက်ခံယုံကြည်သော အချစ်

အချစ်ဆိုသည်မှာ ချစ်နေရန်သာ လိုသည်။ အချစ်ကို ရုးမိုက်စွာ ချစ်နေရန်သာ လိုသည်။ စားလဲ ဒီစိတ်၊ အိပ်လဲ ဒီစိတ်၊ သွားလဲ ဒီစိတ် အချိန်တိုင်း အချစ်ဆိုတာ ဖြစ်ပေါ်နေရမည်။ မိမိအချစ်ကို တစ်ဖက်မှ သံသယ မဖြစ်အောင်နှင့် တစ်ဖက်သား၏ အချစ်ကိုလဲ သံသယ မဖြစ်ပဲ ချစ်ကြရမည်။ အချစ်ကြောင့် အရာအားလုံး ပြည့်စုံ နေရမည်။ ပတ်ဝန်းကျင်သည် မိမိအတွက် လေထုသဖွယ်သာ ဖြစ်နေရမည်။ လေထုဆိုသည်မှာ မြင်ရသော အရာမဟုတ်ပေ။ သွေးထိုး ကြားလေသွေး တတ်သော ပတ်ဝန်းကျင်ကိုလဲ မမြင်ရသော လေထုသဖွယ်သာ သဘောထားရမည်။

ဒါ့အပြင် အချစ်သည် အမြဲတမ်း ချစ်နေရန်၊ သံသယကင်းနေရန်နှင့် နားလည်မှု ရှိနေရန်လဲ လိုအပ်သည်။ လူတစ်ယောက်ကို ချစ်ဖို့ မခက်ခဲပါ။ သို့သော် တစ်ဘ၀လုံး ချစ်ဖို့ ခက်လှပေသည်။ တစ်ဘ၀လုံး သစ္စာရှိဖို့ ခက်လေသည်။ တစ်ဘ၀လုံး ချစ်နေမှ တစ်ဘ၀လုံး သစ္စာ ရှိနိုင်မည်ဟု ထင်မိသည်။

အချစ်နှင့် ဘ၀သည် တစ်ထပ်တည်း ကျရန် မလွယ်ကူလှပေ။ သို့ကြောင့်လဲ ချစ်ရသူနှင့် ကွေကွင်းရခြင်း ဒုက္ခ၊ မချစ်မနှစ်သက်သော သူနှင့် ပေါင်းသင်းရခြင်း ဒုက္ခများဟု ဆိုရိုးစကားများ ဖြစ်ပေါ်လာခဲ့သည်။ တစ်ချို့မှာ အရမ်းချစ်ပြီး လမ်းခွဲမှုများ ရှိခဲ့သည်။ တစ်ချို့မှာ မချစ်မနှစ်သက်ပဲ လက်တွဲခဲ့မှုများ ရှိခဲ့သည်။ အရမ်းချစ်ပြီး လမ်းခွဲခဲ့ရခြင်းမှာ တစ်ယောက်နှင့် တစ်ယောက် နားလည်မှု မရှိကြသလို တစ်ဦးအပေါ် တစ်ဦး သံသယများကြောင့် ပြိုကွဲရခြင်း ဖြစ်သည်။ တစ်ယောက်စိတ်ကို တစ်ယောက် နားလည်ပြီး အဆင်ပြေအောင် ဆက်ဆံနိုင်ပါက အချစ်ဆိုသည့် အရာကို ချိုမြိန်စွာ ခံစားနိုင်ပြီး ထိုမှတစ်ဆင့် မိသားစု ဘ၀ကိုပါ ပြည့်စုံစွာ ခံစားနိုင်မည် ဖြစ်သည်။

ချစ်လဲ ချစ်ကြပြီး တစ်ယောက်အကြိုက်ကို တစ်ယောက်လိုက်လျောခြင်း၊ နှစ်သိမ့်ပေးခြင်း၊ စိတ်ညစ်နေလျှင် ဘေးနားမှ ဖြေသိမ့်ပေးခြင်း စသည့် နားလည်မှုသဘောများကို လက်ခံကျင့်သုံးရမည် ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး သံသယကင်းစွာ ပေါင်းသင်းဆက်ဆံ ရမည်။ သံသယစိတ်သည် မိဘနှင့် သားသမီး၊ ညီအစ်ကို မောင်နှမများကိုပင် ပြိုကွဲအောင် လုပ်နိုင်လေသည်။ ထို့ကြောင့် ချစ်သူရည်းစားကြား နားလည်မှုများနှင့် သံသယကင်း စွာ ချစ်နိုင်ကြရန် လိုအပ်လေသည်။



မောင်စေတနာ