13.12.08

ဆောင်းညရဲ့ တစ်ညတာ

ဆောင်းညလေး တစ်ညမှာ သူမနဲ့ အတူတူ အိမ်ပြန်လမ်းကို လိုက်ပါမိတယ်။ ဆောင်းညရဲ့ အအေးဒဏ်က သိသာ ဆိုးရွားစွာ အေးမြနေတယ်။ သူမကို ကြည့်လိုက်တော့ ဆွယ်တာပါးလေးသာ ၀တ်ဆင်ထားတယ်။ မိမိ အနွေးထည်က ထူပြီးနွေးနေတယ်။ သူမ မျက်နှာကို ကြည့်လိုက်မိတယ်။ ဆောင်းညရဲ့ အအေးဒဏ်ကို ခံနေရသော မျက်နှာဝိုင်းလေးကို မြင်နေရတယ်။

နွေးထွေးသွားအောင် သူမ လက်ကလေးကို ကိုင်ထားပေးချင်ပေမယ့် မဖြစ်နိုင်။ ဒါနဲ့ မိမိရဲ့ အနွေးကို ချွတ်လိုက်မိတယ်။ သူမကို ကမ်းပေးလိုက်တယ်။ သူမက ငြင်းတယ်။ မိမိလဲ မရမက ပေးလိုက်တယ်။ နောက်ဆုံး သူမ လက်ခံခဲ့တယ်။ သူမလဲ အအေးဒဏ်ကို ခံနေရပြီလေ။ မိမိရဲ့ အနွေးထည်ကို ချွတ်လိုက်ရင်ပဲ အအေးဒဏ်က အသွေးအသားထဲ စိမ့်ခနဲ ဖြစ်သွားတယ်။

သူမကို ကြည့်မိတယ်။ အတော်အတန် နွေးထွေးသွားပုံ ရတယ်။ ၀မ်းသာမိတယ်။ မိမိရဲ့ ခန္ဓာကိုယ်က အေးနေပေမယ့် မိမိရင်ထဲမှာတော့ အပျော်များနဲ့ နွေးထွေးနေတယ်။ မိမိ ခန္ဓာကိုယ် တစ်ခုလုံးမှာ သူမကို ချစ်တဲ့ စိတ်တွေ စီးဝင် ပျံ့နှံ့နေတယ်။ သိပ်ချစ်လွန်းလို့ ရင်တွေ တစ်အားခုန်ပြီး မိမိနှလုံးသားက နွေးထွေးသွားပုံ ရတယ်။ သူမ မျက်နှာကို နောက်တစ်ကြိမ် ကြည့်မိပြီး ချစ်လိုက်တာကွာ လို့ စိတ်ထဲတွင် ရေရွတ်နေမိတယ်။

ဒီလို ဆောင်းညမျိုးမှာ သူမနဲ့သာ အတူတူ ရှိနေရင် ဆောင်းညရဲ့ အအေးဒဏ်ကြောင့် မိမိ ခန္ဓာကိုယ်ကြီး တစ်ခုလုံး အေးခဲသွားပါစေ လို့ ဆုတောင်းမိတယ်။

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: