14.1.10

အက်ဆေး

ဒီနေ့ မနက် တော်တော် ကံကောင်းခဲ့သည်။ စားချင်စိတ် ဖြစ်ပေါ်နေသော ပဲပြုတ်နဲ့ နံပြားကို စားခဲ့ရ၏။ ဆုမတောင်းမိပဲ ဆန္ဒက လာပြည့်နေသည်။ သူများ ၀ယ်လာတာ။ ဒီလောက် တိုက်ဆိုင်မှုကို မိမိတောင် အံ့သြမိရဲ့။ ၀ယ်ပေးလာသူကို ကျေးဇူးတင်မိ၏။ မိမိစိတ်ကူးတွင် စားချင်စိတ် ဖြစ်နေတာဟု ပြောလျှင် ၀ယ်လာသူပင် အံသြပေလိမ့်မည်။ သို့သော် ၀ယ်လာသူအား မပြောမိ။

နံနက်ပိုင်း ခေါက်ဆွဲပြုတ် စားထားမိ၏။ လုပ်ဖော်ကိုင်ဖက် တစ်ဦးက နန်းကြီးသုတ် ၀ယ်လာ၍ ကျွေးသည်။ စား၍ မရ။ ၀မ်းက ပြည့်နေပြီ။ သို့သော် ပဲပြုတ်နံပြားကို မြင်တွေ့၍ စားရာ လောက်တောင် မလောက် ဖြစ်ရ၏။ အရသာက စားခဲ့ဖူးသော ဟိုအရင် ပဲပြုတ်နံပြားထက် ကောင်းမွန်နေသည်။ ငတ်နေ၍လား မသိ။ မိမိ၏ အဖေသည် ပဲပြုတ်ကို စွဲလမ်းနှစ်သက်စွာ နေ့တိုင်း စားတတ်၏။ အဖေကြောင့် ပဲပြုတ်ကို မုန်းနေအောင် စားခဲ့ရသည်။ ယခု မစားရသည်မှာ နှစ်နဲ့ပင် ရှိတော့မည်။

ကနေ့ မနက် စားလိုက်ရသော ပဲပြုတ်နံပြား၏ အရသာသည် စိတ်ကူးထဲတွင် ပျောက်ပြယ်မသွား။ စိတ်ကူးနှင့် တစိမ့်စိမ့် တွေး၍ ခံစားနေမိသည်။ ဆရာတော် ဘုန်းကြီးများ ဖတ်မိ မြင်မိလျှင် လှောင်ရယ်စရာပင်။ အစားတဏှာ ဖြစ်နေသော မိမိအား တရားကျကြပေလိမ့်မည်။ မတတ်နိုင်။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် ဆိုရိုးရှိသည် မဟုတ်လား။ မစားရတာ ကြာတော့ တန်ဖိုးထားမိသည်။ ကျွေးသူ၏ စေတနာသည်လည်း တန်ဖိုးဖြတ်၍ ရမည်မဟုတ်။ အထူးပင် ကျေးဇူးတင်လျက် . . . .။

မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Co2zeиith said...

ဗိုက္ဆာလာပီ ဆရာ