25.7.09

စစ်ကိုင်းခရီးစဉ် (၂)

၅.၇.၂၀၀၉၊ ဒုတိယရက် (တနင်္ဂနွေနေ့)
မနေ့က စစ်ကိုင်းက ကံတလူဘုရား၊ ကောင်းမှုတော်နဲ့ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တို့ကို သွားရောက် ဖူးမျှော် လည်ပတ်ခဲ့ပြီပြီး။ နောက်တစ်နေ့မှာ ပြင်ဦးလွင်က မဟာအံထူးကံသာဘုရား သွားရောက်ဖူးမျှော်ဖို့ အစီအစဉ် ဆွဲခဲ့ကြတယ်။ နံနက် (၆း၃၀)အချိန်လောက် စစ်ကိုင်းက ထွက်ဖို့ သဘောတူခဲ့ကြတယ်။

စောစောထွက်မယ် ပြောခဲ့ကြပေမယ့် အိပ်ယာက (၇)နာရီ နောက်ပိုင်းမှ နိုးလို့ နောက်ကျခဲ့တယ်။ စစ်ကိုင်းကနေ နံနက်(၉)နာရီမှ ထွက်ဖြစ်ခဲ့တယ်။ ဆိုင်ကယ်နှစ်စီးကို လူလေးယောက်။ မန္တလေးမှာ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက် စောင့်နေသေးတယ်။ မိမိတို့လည်း အချိန်က နောက်ကျနေတော့ မြန်မြန်ပဲ သုတ်ခြေတင် မောင်းနှင်ခဲ့တယ်။ မန္တလေးကို (၁၀း၃၀)လောက်မှ ရောက်တယ်။ ဒါတောင် တော်တော်မြန်မြန် မောင်းထားတာ။

မန္တလေးရောက်တော့ မိမိတို့ကို လိုက်ပါပို့ဆောင်မယ့် အိမ်ရှင်မြေရှင် ဇာတိခံတို့ကို ၀င်ပင့်တယ်။ ကိုကိုတို့က စောင့်မျှော်နေကြတယ်။ တော်သေးတယ်။ နောက်ကျတယ် မလာတော့ဘူး ထင်ပြီး တစ်နေရာကို မသွားနေတာ။ မိမိတို့ကို တွေ့တော့ ပြင်ဦးလွင်တက်ဖို့ လုပ်ကြပြီး (၁၁)နာရီမှာ စတင် ထွက်ခွါတယ်။ လမ်းမှာ ဓါတ်ဆီထည့် ဘာထည့်ပေါ့။

ပြင်ဦးလွင်တက်တဲ့ တောင်ပတ်လမ်း တစ်လျှောက်လုံး ရှုခင်းရှုကွက်တွေက လှမှလှပဲ။ ဓါတ်ပုံ ရိုက်ချင်စိတ်ကို မနည်းမျိုသိပ့်ခဲ့ရတယ်။ ကင်မရာကလဲ မပါတော့ တော်တော်အဖြစ်ဆိုးခဲ့တာ။ မိမိတို့မှာ သီချင်းနားထောင်ဖို့ ပါလာတဲ့ JXD လေးနဲ့ပဲ ဘာဖြစ်ဖြစ် အမှတ်တရဆိုပြီး ရိုက်ဖြစ်ကြတယ်။


၂၁ မိုင်ရောက်တော့ ဆိုင်ကယ်က ပျက်ပါလေရော။ အင်းလေ ပျက်မှာပေါ့ ဒီလောက် မြင့်တဲ့ တောင်ကို တက်ရတာကိုး။ ဒါနဲ့ ၂၁ မိုင်မှာ ဆိုင်ကယ်ပြင်တယ်။ ပဲစိမ်းကြော်ဆိုင်တွေတာနဲ့ ဈေးမေးကြည့်မိတယ်။ တစ်ထုပ်ကို ၅၀၀ိ/- တဲ့။ ၀ယ်မလို့ လုပ်တုန်း မန္တလေးက သူငယ်ချင်းက မ၀ယ်နဲ့ ဈေးကြီးပြီး မကောင်းဘူးတဲ့။ အပြန်လမ်း ၂၁ မိုင်ကျမှ ၀ယ်တဲ့။ ဒါနဲ့ ပြင်ဦးလွင်ကို ဆက်တက်ခဲ့တယ်။

ပြင်ဦးလွင်ကို ရောက်ရောက်ချင်း အရင်ဆုံးဦးဆုံး ဖြေရှင်းရမယ့် ဒုက္ခက ဗိုက်ဆာတယ်ဒုက္ခ။ ဒါနဲ့ ထမင်းဆိုင် ကောင်းကောင်းကို လိုက်ရှာလိုက်ကြတာ တွေ့ပါပြီ။ အဓိပတိ မြန်မာထမင်းဆိုင်။ ဒါနဲ့ ထမင်းစားမယ် ဆိုပြီး ဆိုင်ထဲ ၀င်ကြတယ်။ လူက ခြောက်ယောက်။ ဆိုင်က ပြောတယ် အ၀စား တစ်ယောက် ၂၀၀၀ိ/-တဲ့။ အင်း ... ဈေးကတော့ ကြီးတယ်။ ဒါပေမယ့် စားမယ်ပေါ့။ မိမိက ကြက်သားကာလသားဟင်း။ အရိုးက များနေတယ်။ ဆိုင်ကတော့ ပြောတာပဲ။ ကာလသားဟင်း ပီသအောင် ချက်ထားပါတယ်တဲ့။ ထားပါ။

အဲဒီကနေ ပြင်ဦးလွင် မဟာအံ့ထူးကံသာ ဘုရားကို ရောက်တယ်။ မိမိရဲ့ စိတ်ကူးထဲမှာ မန္တလေး မဟာမြတ်မုနိဘုရား ပြီးရင် မဟာအံ့ထူးကံသာဘုရားကို ဖူးဖြစ်အောင် ဖူးမယ် စိတ်ကူးခဲ့တာ။ ယခုတော့ ဘုရားခြေတော်မှောက်ကို ရောက်ရှိပြီ။ ၀မ်းသာပီတိဖြစ်ရတယ်။


သူငယ်ချင်းတွေက ပြင်ဦးလွင်တောင် ရောက်နေပြီ ပွဲကောက်ရေတံခွန်တော့ သွားကွာဆိုတာနဲ့ ပွဲကောက်ရေတံခွန်ကို ထွက်ခဲ့ကြတယ်။ မိမိ သူငယ်ချင်းတွေက ရေထဲဆင်းဆော့ကြတယ်။ မိမိကတော့ တော်ပြီ ... မဆော့တော့ဘူး ... မင်းတို့ပဲ ဆော့ပါ ဆိုပြီ သူတို့ဆော့တာ ထိုင်ကြည့်ခဲ့တယ်။ ဒါပေမယ့် မနေနိုင်ပါဘူး။ ရောဂါက ထလာတယ်။ အတင်းအင်္ကျီချွတ်ပြီး ရေထဲဆင်းခဲ့တယ်။



အဲဒီကနေ မန္တလေးကို ပြန်ခဲ့ကြတယ်။ မန္တလေးရောက်တော့ မိမိတို့နဲ့ အလုပ်အတူတူ လုပ်နေတဲ့ မိတ်ဆွေတွေ မန္တလေး ဘုရားလာဖူးတယ် ဆိုတာ သိရတာနဲ့ သွားရောက်တွေ့ဆုံဖြစ်တယ်။ သူတို့က ဦးပိန်တံတားကို လိုက်ပို့ပါ ဆိုပြီး မာလာငါးဟင်းနဲ့ လက်ထိုးကြတယ်။ မိမိတို့ အဖွဲ့လဲ လက်ထိုးတဲ့ မာလာငါးဟင်းကို တ၀တပြဲ စားပြီး လိုက်ပို့ခဲ့ရတယ်။ မန္တလေးက စစ်ကိုင်းကို ပြန်တော့ ည (၉)နာရီကျော်နေပြီ။



မိမိတို့ စိတ်ထဲမှာ မိမိတို့ တည်းခိုရာ မိဘရိပ်ချောင်က ဆရာလေး စိတ်ပူမျှော်နေမည်ကိုသာ တွေးပူးနေမိသည်။ အလည်လွန်ခဲ့သည့်အဖြစ်။ စစ်ကိုင်း မြို့ဝင်ဝရောက်တော့ ဆိုင်ကယ် ဆီက ပြတ်သေးတယ်။ ဒါနဲ့ တစ်စီးနဲ့ သွားဝယ်ပြီး ထည့်ပေါ့။ မိဘရိပ်ချောင်ကို ရောက်တော့ (၁၀)နာရီကျော်နေပြီ။

ထင်သည့်အတိုင်း ဆရာလေးက စောင့်နေတယ်။ ရောက်ရောက်ချင်း ဆရာလေးက သားတို့ ထမင်းစားပြီပြီးလား လို့ စိတ်ပူမေးရှာတယ်။ သြော် ဆရာလေးရဲ့ စေတနာတွေရယ် ...... ။

မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

မောင်သီဟ said...

ပျော်စရာကြီးဗျာ အားကျတယ်း)