နေသာလို့သာ ထွက်ခဲ့ရတာ မိုးတွင်းဆိုတော့ စိတ်တော့ မချရဘူး။ ဘယ်အချိန်များ မိုးရွာလေမလဲ။ ကောင်းကင် ကတော့ လင်းထင်နေလေရဲ့။ သူမ ရှိရာ နေရာကို ရောက်တော့ မေးမိတယ်။ ရေချိုးနေတယ်၊ စောင့်ပါတဲ့။ သူမနဲ့ အတူတူ စီးဖို့ စက်ဘီးကို ထုတ်လိုက်တယ်။ စက်ဘီးနောက်ဘီးကို ကိုင်ကြည့်တော့ လေတော်တော် လျော့နေလေရဲ့။
ထုံးစံအတိုင်း လေထိုးလိုက်တယ်။ အချက်(၁၀၀)နီးပါးလောက်။ ၁၀ မိနစ်လောက်ကြာတော့ "ဖောင်း" ဆိုတဲ့ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။ ကြည့်လိုက်တော့ ခုနက လေထိုးထားတဲ့ စက်ဘီးနောက်ဘီး ကျွတ် ပေါက်သွားတာ။ လေထိုးတာများ များသွားလို့လား။
စက်ဘီးဖာတဲ့ ကော်နဲ့ စတစ်ကာကလဲ အဆင်သင့်ရှိတော့ ဖြုတ်ဖျက်ပြီး ပေါက်တဲ့နေရာကို ပြန်ဖာလိုက်တယ်။ ကောင်းမကောင်း လေထိုးကြည့်တယ်။ အင်း မဆိုးဘူး။ စိတ်မချတာနဲ့ စက်ဘီး မစီးဖို့ စိတ်ကူးမိတယ်။ သူမ ရေချိုးပြီး ထွက်လာတော့ ခြေကျင်ပဲ ထွက်ခဲ့ကြတယ်။
ကောင်းကင်က သာယာနေတုန်းပဲ။ ထိုင်နေကျ နေရာလေး ရောက်တော့ စကားစမြည်ပြောကြလေရဲ့။ ရယ်လိုက်ကြ မောလိုက်ကြနဲ့ စကားတွေ ပြောနေတုန်း ကောင်းကင်က မဲတက်လာတယ်။ စိုးရိမ်စိတ် ၀င်မိပေမယ့် မရွာနိုင်ဘူး ထင်လေရဲ့။ ဟော့ . . . . ပြောရင်းနဲ့ မိုးတောင် ရွာလာပြီ။
ထိုင်နေတဲ့ နေရာက အမိုးအောက်ဆိုတော့ ဒီအတိုင်း ဆက်ထိုင်ခဲ့ကြတယ်။ ဒါပေမယ့် မိုးရွာအားက တော်တော်နဲ့ မစဲဖြစ်လာတယ်။ အချိန်ကြည့်တော့ ဆက်နေရန် မသင့်တာကြောင့် ထီးတစ်လက်ကို နှစ်ယောက်ဆောင်ပြီး ထွက်ခဲ့တယ်။ ထီးရဲ့ သေးငယ်မှုနဲ့ နှစ်ယောက်ဆောင်ထားမှုကြောင့် ခန္ဓာကိုယ် အောက်ပိုင်းက မိုးရေတွေ ရွှဲလို့ပေါ့။
မိုးက လေပါတယ် ထင်တယ်။ ထီးဆောင်ထားတာတောင် မလုံချင်။ ဘေးဘယ်ညာ လေနဲ့ မိုးပတ်မှုကြောင့် အေးစက်မှုကို ခံစားလာရတယ်။ သွားနေတဲ့ လမ်းခရီးက မဝေးပေမယ့် မိုးရေကတော့ ရွှဲနေပြီ။ လေပင့်တစ်ချက် တိုက်ခတ်မှုကြောင့် စိမ့်ခနဲ အေးသွားတယ်။ သူမကို ကြည့်လိုက်တော့ ချမ်းအေးနေပြီ။ မိုးရာသီမို့ မိုးရွာသော်လည်း . . . . သြော် . . . မိုးရယ် . . . ။

မောင်စေတနာ
3 ယောက် မှတ်ချက်ပြုသည်:
ထီးကလေးကို နှစ်ယောက်ခို
တစ်ယောက်စို မှာ တစ်ယောက်စိုး
း)
အင်း....ဒီပို့စ်လေးဖတ်ရတော့ မေ့နေတဲ့အမှတ် တရတွေကို ပြန်ပြီးတော့ အမှတ်ရမိပါရဲ့........ အဟဲ... ကျွန်တော့်ထီးကလေးကတော့ သူများဆောင်းသွားပြီကော.....
ဒီစာလေးကိုဖတ်လိုက်ရတာ ရင်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ်ဗျာ...
ဘယ်လိုကြီးဖြစ်သွားလည်း မသိဘူးး)
Post a Comment