8.10.10

တွေးမိ ရေးမိ

သူမကို လိုက်ပို့ပြီး စက်ဘီးလေးဖြင့် မိမိနေထိုင်ရာ အရပ်ဆီကို ဦးတည် နင်းလာခဲ့တယ်။ တောင်ပေါ်လမ်းလေး ဖြစ်တဲ့အတွက် ကုန်းဆင်းလေးကို သက်သာစွာ မနင်းပဲ ဆင်းခဲ့တယ်။ ကန်ပြင်ကြီးဘက်ကိုရောက်တော့ ရေကန်ဆီက တိုက်ခတ်လာတဲ့ လေနုအေးက ဝေ့၀ဲ တိုက်ခတ်သွားတယ်။ လမ်းတစ်လျှောက် လျှပ်စစ်မီး ထိန်လင်း နေပုံက တကယ့် မြို့ပြအရသာပင်။ လမ်းကောင်းလေးပေါ် နင်းနေရသည့်အတွက် စိတ်ချမ်းမြေ့မိတယ်။

ကားတွေ၊ ဆိုင်ကယ်တွေ အလျှိုလျှို သွားလာလှုပ်ရှားနေပေမယ့် မိမိကတော့ စက်ဘီးလေးဖြင့်။ ပိုင်ဆိုင်တာက ဒါပဲဆိုတော့ ဒါပဲ စီးရတာပေါ့။ ဒါပေမယ့် ကျေနပ်မိတယ်။ CDMA ဖုန်းတွေ ပေါများစွာ ဖြစ်နေသည့် ကာလတွင်ပင် မကိုင်နိုင်၊ အသုံးနိုင်။ ဇော်ဝင်းရှိန် သီချင်းလိုပင် တိုက်ခန်းပေါင်းများစွာ မြို့လယ်မှာ ရှိတာ တစ်ခုမှ ကိုယ်မပိုင်ပါ

ဘာပဲဖြစ်ဖြစ် ၂၀၁၀ ရွေးကောက်ပွဲတောင် နီးလာပါပေါ့။ ဒီရွေးကောက်ပွဲကို အစိုးရကလဲ လွတ်လပ်ပြီး တရားမျှစွာ ကျင်းပမည်ဟု ဆိုတယ်။ ဆန့်ကျင်ဘက်အဖွဲ့တွေကလဲ မဲမထည့်ဖို့ လှုံ့ဆော်တယ်။ မည်သူတွေ မည်သို့ ဆိုဆို ဒီရွေးကောက်ပွဲက မြန်မာနိုင်ငံကြီးအတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှု ဖြစ်လာခဲ့ရင် ကောင်းသား။ မျှော်လင့်မိတယ်။ သူများနိုင်ငံတွေကို အမှီလိုက်နိုင်မှာ။

စီးပွားရေး ယှဉ်ပြိုင်ခွင့် နည်းပါးမှု၊ အရင်းအနှီး ရှားပါးမှု၊ လက်ဝါးကြီးအုပ် စီးပွားရေး နယ်ပယ်တွေ ရှိတာ၊ လွပ်လပ်တဲ့ ကုန်သွယ်မှု မရှိတာ၊ ကုန်သွယ်ရေး အတားအဆီးတွေ များလွန်းတာ ဒါတွေ ဒါတွေ အမြန် ပျောက်ကွယ်မှ ဖြစ်မယ်။ ဒါမှ နိုင်ငံက တရှိန်ထိုး တိုးတက်မှာ။ လိုချင်မိပါတယ်။ အဲဒါတွေကို ဖြေရှင်းပေးနိုင်တဲ့ အစိုးရ။

တောင်စဉ် ရေမရ အတွေးများဖြင့် စက်ဘီးကို နင်းခဲ့တာ မိမိ နေထိုင်ရာ ရောက်ခဲ့ပြီ။ အခန်းထဲ ၀င်တော့ ၀ုန်း ဂလုံ ဂလွမ် ။ ဟော့ ကြွက် . . .. နိုင်ငံအဆင်မပြေတဲ့အချိန်မှာတောင် ... ဒင်းပဲ သောင်းကျန်းနိုင်လွန်းတယ်။

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: