14.1.10

ရန်သူတော်နှစ်ကောင်

ရန်သူကြီး နှစ်ကောင်ကြောင့် စိတ်ညစ်ရတာ လနဲ့ ချီနေပြီ။ ဒီကောင်တွေ လူကို နှိပ်စက်နေတာ ကြာပြီလေ။ နေ့ဆို တစ်ကောင်၊ ညဆို တစ်ကောင်။ နှစ်ကောင်ပေါင်းပြီး လူကို တိုက်ခိုက်နေကြတယ်။ မိုးလင်းပြီးဆိုတာနဲ့ တန်းစီပြီး ချီတက်လာတာ ရောမမြို့ကို ဖျက်ဖို့ စစ်ချီသလား အောက်မေ့ရတယ်။

ဒင်းတို့လာပြီဆိုရင် မိမိ မျက်ခုံးရော လက်ပါ လှုပ်တယ်။ အငြိမ်မနေရဘူး။ မိမိရဲ့ မရှိမဲ့ရှိမဲ့ ရိက္ခာတွေကို ဒင်းတို့က လုယူကြတယ်လေ။ ဘယ်ရမလဲ။ မိမိလဲ ခံတပ်ကို အခိုင်အမာ တည်ဆောက်ရတော့တာပေါ့။ ခံတပ်အပြင်မှာ ရေပတ်လည် ၀ိုင်းအောင် လုပ်ထားလိုက်တယ်။ ဒီကောင်တွေက ရေတော့ ကြောက်သား။ ဒါတောင် ရေကို ဖြတ်ဖို့ အတင်းကြိုးစားတဲ့ကောင်က ပါသေး။ ဒါက နေ့ဘက်မှာ ကာကွယ်ရတဲ့ ရန်သူ။

နောက်တစ်ကောင်က ညဆို သူပဲ ကြီးစိုးတယ်။ ဒီကြားထဲ အချင်းချင်း ပြန်တိုက်ကြတာ မိမိရှေ့တောင် မရှောင်ကြဘူး။ အသံမျိုးစုံနဲ့ ဆူကို ညံနေတာပဲ။ ဒီကောင်က အင်အားတော့ ကြီးတယ်။ တော်ရုံတန်ရုံဆို ခန္ဓာနဲ့ ၀င်တိုက်ပြီး ရိက္ခာတွေ ယူဆောင်သွားနိုင်တယ်။ ဒီကောင်ကိုတော့ ရွှံတယ်။ ဒါကြောင့် ဒင်းဆို ကြည့်လို့ကို မရဘူး။

မနေ့ညကလဲ မိမိရဲ့ ခံတပ်ထဲ ကျူးကျော်ဝင်ရောက်လာတယ်။ မိမိ ခန္ဓာကိုယ်ပေါ်မှာ တစ်ကောင်ကောင်တော့ ပြေးလွှားနေပါတယ်ပေါ့။ စိတ်က သိနေတယ်။ ဒါကြောင့် အိပ်ရာက ထကြည့်လိုက်တယ်။ အမယ် ကိုယ်တော်ချောက ဘယ်တုန်းကတည်းက ခြင်ထောင်ထဲ ရောက်နေမှန်း မသိဘူး။ ပြန်ထွက်ဖို့ လုပ်နေတယ်။ ဟိုထောင့် ပြေးကပ်၊ ဒီထောင့် ပြေးကပ်နဲ့။ စိတ်က တိုသွားတယ်။ ၀င်တော့ ၀င်တက်ပြီး ပြန်မထွက်တတ်ဘူး ဟုတ်လား။ သေနာဆိုပြီး ခြင်ထောင်ကို မပေးလိုက်တယ်။ အဲကျမှ ထွက်သွားတော့တယ်။

ဟင့်ဟင့် ဒေါသထွက်တယ်နော်။ အချိန်ကြည့်တော့ ၃ နာရီကျော်သာ ရှိသေး၏။ ဒီရန်သူနှစ်ကောင်ဖြစ်တဲ့ ပုရွက်ဆိတ်နဲ့ ကြွက်ကို ဘယ်လို နှိမ်နင်းရမလဲ တွေးရင်း ပြန်လည်အိပ်ပျော်သွားခဲ့သည်။

မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

7blue said...

သေနာဆိုပြီး ခြင်ထောင်ကို မပေးလိုက်တယ် ... ဟဟဟဟဟ ကောင်းလိုက်တဲ့ စကားလုံး ခိုက်သွာတယ်ဗျာ...