28.9.09

စိတ်ကူးပုံရိပ် (၂)

"ဖေဖေ မနေ့က ပြောတာကို ဆက်ပြောပြ ..."

"ဟား ဟား မှတ်မိပါ့ ငါ့သမီးရယ် ... ဖေဖေက မေ့ချင်ယောင်ဆောင်နေတာ ... "

"သိသာ ဒါကြောင့် မေးတာ ... ပြောပြ ... မေမေ မရှိတုန်း"

"ဟုတ်လား .... သမီး အမေက ဘယ်သွားလို့လဲ ...."

"ဈေးသွားတယ် ... ဖေဖေ့ဖို့တောင် ငါးခေါင်းဝယ်ခဲ့ဖို့ သမီးက မှာလိုက်သေးတယ် ..."

"ဟား ဟား သိတတ်ပါ့ ငါ့သမီးရယ် ..... ကဲ ပါ ဖေဖေ ဆက်ပြောပြမယ် ...."

"အကျဉ်းပဲ ပြောမယ်နော် ... ဖေဖေလဲ သမီးအမေကို မသိစိတ်ကို သတိတွေ ရနေတတ်တယ် ... အင်း နေ့တိုင်း လိုလို ဆိုပါတော့ .... ဒါနဲ့ ဖေဖေက ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်တာပေါ့ ... ဘာလို့ အကြောင်းမဲ့ သတိရတာလဲပေါ့ .... အဲဒီလို သတိရတာ တစ်ရက်လဲ မဟုတ်ဘူး ... နှစ်ရက်လဲ မဟုတ်ဘူး ... နေ့တိုင်းနီးပါး သတိရနေတာလေ ... ပြီးတော့ ဖေဖေက မိန်းမဆို အဲတုန်းက စိတ်ဝင်စားတာ မဟုတ်ဘူး ... ဖေဖေသိတာက အလုပ်ရယ်၊ ဖေဖေ့ မိဘရယ်ပဲ သိတာ။ အဲဒါပဲ ဦးစားပေးခဲ့တာ။ ဖေဖေ့ကို တစ်ချို့ဆိုရင် အလုပ်ဂျပိုးလို့ နောက်ပြောင်ပြီး ခေါ်ကြတယ်။ ထားပါ ဒါတွေ။ "

အဲဒီလို သတိရလာတယ်။ နောက် ဖေဖေက သမီးမေမေကို ရံဖန်ရံခါဆိုသလို ခိုးကြည့်တတ်လာတယ်။ နောက် သမီးမေမေက အရယ်သန်တယ်။ သူရယ်ရင် ဖေဖေလဲ စိတ်ကြည်နူးမိတယ်။ အဲဒီလိုပေါ့ မသိစိတ်က ဖြစ်နေတာတွေ။ သမီးမေမေကို သတိရလာရင် ဖေဖေက ကဗျာတွေ ရေးတတ်တယ်။ စိတ်ခံစားမှုတစ်ခုဖြစ်တိုင်း စာတွေ ကဗျာတွေ ရေးတတ်တယ်။ ဖေဖေက ကဗျာဆို ရေးတတ်တာ မဟုတ်ဘူး။ ဒါပေမယ့် ခံစားချက်ရှိလာတော့ ခံစားချက်ကို ရေးရင်နဲ့ ကဗျာဆိုပြီး ရေးဖြစ်သွားတယ်။

"ခစ် ... ခစ် .. ခစ်"

"ဟော့ သမီးက ဖေဖေ့ကို ရယ်တယ်ပေါ့ ... ဟုတ်လား။"

"ဟုတ်ပါဘူး ဖေဖေရဲ့ ... ဖေဖေက စကားပြောကောင်းလို့ ရယ်တာ ..."

"ဟား ဟား ဟုတ်လား ... သမီးမေမေကလဲ ဖေဖေကို အဲလို ချီးကျူးဖူးတယ် ... ဟား ဟား"

"ခစ် ခစ် ခစ်"

နှစ်ယောက်သား သဘောအကျကြီးကျ၍ ရယ်မောလိုက်ကြသည်။ ထို့အချိန် မိမိ၏ အမေ ရောက်လာပြီး

"ဟင်း မပြောချင်ဘူး .... ဒါတွေ ပြန်ပြောရမယ်ဆိုရင် ပါးစပ်ကို မစိတော့ဘူး။ တော်တော် သဘောကျနေတယ်ပေါ့။ ဟုတ်လား။"

"ဟား ဟား မဟုတ်ပါဘူး အမေရယ် ... အမေမြှောက်ပေးထားလို့ အမေ့မြေးက မေးနေတာလေ ... အဲဒါကို ဖြေနေတာ ... ဟား ဟား"

"ဖေဖေ ဆက်ပြောလေ ... ဘွားဘွားနော် လာမရှုပ်နဲ့ ."

"အမလေးတော် ကောင်းပါပြီတဲ့ရှင် မရှုပ်တော့ပါဘူး ပြောကြပါ ပြောကြပါ "

"ခစ် ခစ် ခစ်"

"အယ် ဒါနဲ့ ဖေဖေက သမီးမေမေကို မအောင့်နိုင်တော့လို့ ချစ်ပါတယ်၊ ကြိုက်ပါတယ် ဆိုပြီး ရည်းစကား စပြောတာပေါ့။ သမီးမေမေက ဖေဖေကို ငြင်းတယ်။ ဖေဖေက အသည်းတွေကွဲပြီး စိတ်တွေ ညစ်တာပေါ့။ အဲဒီတုန်းက။ ဘာလုပ်ရမှန်းလဲ မသိဘူး။ ဖေဖေက အရက်ကလဲ မသောက်တတ်တော့ အရက်ပဲ ပြေးသောက်ရမလိုလို။ ဟိုလိုလို ဒီလိုလိုပေါ့ သမီးရယ်။ မျောက်မီးခဲ ကိုင်မိသလို ဖြစ်နေတာပေါ့။ "

"ဟင်း မျောက်မီးခဲကိုင်တယ်ဆိုတာ ဘာကိုပြောတာလဲဟင် ဖေဖေ "

"အယ် မျောက်မီးခဲကိုင်တယ်ဆိုတာ မီးခဲက ကိုင်မိရင် မပူဘူးလား "

"ပူတာပေါ့ ဖေဖေရဲ့"

"အဲဒါပေါ့ မျောက်က အစကတည်းက ပြာယာခတ်တဲ့ အကောင်လေ။ မီးခဲကိုင်မိတော့ ပိုပြာယာခတ် ယောက်ရက် ခတ်တာပေါ့။ အဲဒါကို ပြောတာ။"

"ခစ် ခစ် ခစ် ရယ်ရတယ် "

"ဟ ဟား ဟား ဟုတ်ပါ့ဗျာ .. . ရယ်ရပါ့။ "

"တော်တို့ သားအဖ ဘာတွေ ရယ်နေတာလဲ ... ။ ကျွန်မအကြောင့်တော့ မဟုတ်လောက်ဘူး ထင်တယ်နော်။ "

"အယ် သမီး မေမေလာပြီ။ တော်ပြီနော်။ နောက်မှပဲ ဆက်တော့မယ်။ ဖေဖေလဲ ရုံးသွားဖို့ ပြင်တော့မယ်။ သမီးလဲ ဘွားဘွားနဲ့ စာဖတ်တော့။ "

"ဟုတ်ကဲ့ ... ခစ် ခစ် ခစ်"

ဟော့ အလကားနေရင်း ရယ်သွားသေးသည်။

(ဆက်ပါအုံးမည်)


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

ချမ်းလင်းနေ said...

ဇာတ်လမ်းကောင်းလေး ဆန့်တငင်ငင်နဲ့ဖတ်လိုက်ရတယ်။