10.3.08

အချိန်မီ

``အောင်မယ်လေး ငပေါရယ်၊ နင့်ပါးစပ်ကများ ဒီလိုစကားမျိုး ထွက်ရတယ်လို့ အံ့ပါ့၊ ရယ်ချင်ရဲ့ ပက်ကျိလို ဖြစ်နေပြီ၊ ငါက မင်းသမီး၊ နင်က လူရွှင်တော်၊ ငါ့ကိုများ စော်စော်ကားကား ချစ်တယ် ဟုတ်လား။

အဟင်း ဟင်း၊ နင့် ကိုယ် နင် ရွှေမင်းသမီးနဲ့ မောင်ရွှေရိုး ဇာတ်က နေတယ်လို့များ ထင်နေလား။ ဒီမယ် ငပေါ မင်းသမီးနဲ့ လူရွှင်တော် ညားတာကတော့ ရှိပါတယ်။ ငါက ဒီလို ခပ်ညံ့ညံ့ မင်းသမီးထဲမှာ မပါဘူးဟဲ့၊ နင့်ညကြေး တစ်လစာ ပေါင်းရင်တောင် ငါ့ထဘီတစ်ထည်ဖိုး မရှိဘူး။ ငါ့လို ထိတ်ထိတ်ကြဲ ရွှေမင်းသမီးကိုလေ နင်ကများ တော်တော်…ငါ ဒေါသထွက်လာပြီး ငါ့ရှေ့က ထွက်သွား ``

`` ဟေ့ ငပေါ၊ လူဆိုတာ ကိုယ့်နေရာကိုယ် နေရတယ်ကွ။ ခိုင်သစ္စာကို တို့တစ်တွေ ဖူးဖူးမှုတ်ထားတာ မင်းအသိပဲ၊ မင်းလိုလူက ဇာတ်ထဲမှာ မရှိလို့ ဘာမှမဖြစ်ဘူး ကိုယ့်လူ၊ မင်းသမီးမရှိမှ အားလုံးအိုးစားကွဲ သွားမယ် မှတ်ထား၊ မင်း….ကြပ်ကြပ် သတိထား သွား သွားတော့ နှစ်ပါးခွင်လည်း နီးနေပြီ ``

ငပေါ(ခေါ်)ကိုမြကြီးမှာ ခိုင်သစ္စာ၏ ဥပေက္ခာစကား၊ ဇာတ်ဆရာ၏ အထင်အမြင် သေးသော စကားများကြောင့် အံကို ကြိတ်လိုက်သည်။

----------------------

`` မောင်ကြီးတို့ရေ``

``ဗျာ ဗျ ``

`` လူရွှင်တော်ဆိုတာ ရှေးယခင်က ပျော်တော်ဆက်ကနေ လူပျက်၊ လူရွှင်တော်တဲ့ ဟော ခုခေတ်ကျတော့ ဟာသလုလင်တဲ့ မဟုတ်လားရှင်``

``ဟုတ်တာပေါ့ မင်းသမီးရဲ့``

``အဲသလို လူရွှင်တော်နဲ့ ကျွန်မလို ပြည်ချစ်မင်းသမီးတို့ လက်ဆက်မယ်ဆိုရင်… မောင်ကြီးတို့ ကျေနပ်ပါ့မလား ဟင်``

`` ဟာ…ဘာယ်ကျေနပ်ပါ့မလဲ၊ ဟောဒီကောင်လား၊ ကိုယ့်သမီးလေး အရွယ်ကို စောင့်ရှောက်ရမယ့် အစား စာကလေးကို အမြောက်နဲ့ ချိန်တဲ့ မဟာအကျင့် မဟာအကြံတွေ ကြံနေတာကိုး…..ကဲ………ငပေါ လာ လာ မင်းကို ငါမေးမယ်``

ဇာတ်စင်ထောင့်နားတွင် ထိုင်နေသော ငပေါက

``ဘာလုပ်မလို့တုန်း၊ ငါ့ဟာနဲ့ ငါ ဖီလင်တက်နေတာ``

``လာပါဆို…….လာစမ်းပါ``

ငပေါက သုန်သုန်မှုန်မှုန်နှင့် ထလာပါတယ်။

``မင်းခိုင်သစ္စာကို ကြိုက်လား``

``ကြိုက်တယ်``

``ချစ်လား``

``ချစ်ပါတယ်ဆို``

``မင်း ဒီ မင်းသမီးကို ရရင်ကံကောင်းတယ်``

``ဘာဖြစ်လို့``

``ဟကောင် ငတုံးရ၊ မင်းသမီးက အဘက်ဘက်က ပြည့်စုံနေတော့ မင်း သူ့ကို ရရင် ဘာမှ လုပ်စရာ မလိုတော့ဘူး``

``ဗျာ……လုပ်စရာ မလိုတော့ဘူး ဟုတ်လား``

``ဟုတ်တယ်လေ``

``ဒါဆို မယူတော့ဘူးဗျာ``

``ဘာဖြစ်လို့``

``မင်းတို့ပဲ စဉ်းစားကြည့်လေ၊ မင်းသမီး ယူပြီး ဘာမှ မလုပ်ရဘူးဆိုတော့ ဘာထူးလို့တုန်း``

``သေနာကြီး``

ဆိုပြီး လူရွှင်တော်တွေက ၀ိုင်းထုကြပါတယ်။

ပရိသတ်က မည်သို့သဘောပေါက်သွားကြသည် မသိ။ တ၀ါးဝါးနှင့် ပွဲကျသွားသည်။

-----------------

ဇာတ်ရုံထောင့်နားတွင် ယိမ်းသမ တစ်စု ပွစိပွစိနှင့် ထုံးစံအတိုင်း အတင်းရော၊ သတင်းပါ ရောသမမွှေပြီး သကာလ အတင်းတုတ်နေကြပါသည်။ ငပေါက ၀င်ပြီး နားစွင့်လိုက်သည်။

``ညည်းတို့ စဉ်းစားကြည့်ကြစမ်းပါအေ၊ တို့လို ဇာတ်သမကို ဒီအင်္ဂလိပ်ကြီးက အတည်လက်ထက်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလာကွယ်၊ တို့ ဟိုတစ်ည သံရုံးညစာ စားပွဲမှာ ဗြုန်းကနဲ ခိုင်သစ္စာကို လာရစ်နေတုန်းကတည်းက တို့က သိထားပြီးသား၊ အဲဒီကောင်မကလည်း နှာခေါင်းနီကြီး အရေးပေးတာနဲ့ တစ်ခါတည်း ဖျပ်ဖျပ်ကို လူးနေတာပဲ၊ ဘာပြောလိုက်သေးတယ်ထင်လဲ၊ တို့လို မြန်မာအမျိုးသမီး တစ်ယောက်ကို နိုင်ငံခြားသားက စိတ်ဝင်စားတယ်ဆိုတာ နည်းတဲ့ အခွင့်အရေးလားဟဲ့၊ တောက်….. သင်းကို မပြောလိုက်ချင်ဘူး``

မပြောလိုက်ချင်ဘူးလို့ဆိုပြီး ထပ်ပြောနေမည်ကို သိ၍ ကိုပေါ ဇာတ်ဆရာအခန်းသို့ ၀င်လိုက်သည်။

---------------

``ဒီတစ်ညပြီးရင် ကျွန်မ မကနိုင်တော့ဘူး ဆရာ၊ ကျွန်မစာချုပ်ဖောက်ဖျက်မိတဲ့အတွက် ကျွန်မလျော်ဆို လျော်ပါ့မယ်ဆရာ၊ အပြစ်တင်ရင်လည်း လည်စင်းခံဖို့ ဆုံးဖြတ် ထားပြီးသားပါ။ ဒီဇာတ်က လူတွေအားလုံး ကျွန်မကို အမြင်မကြည်ဘူးဆိုတာ သိပါတယ်။ ကျွန်မ မစ္စတာဗင်(ခ်ျ)ကို ကတိပေးထားပြီးပါပြီ။ သူ့ရဲ့ အထောက်အပံ့နဲ့ ကျွန်မတို့ မိသားစုအများကြီး ချောင်လည်ခဲ့တာကိုလည်း ဆရာ အသိပါ။ အခု ကျွန်မမှာ တိုက်နဲ့ ကားနဲ့ ကျွန်မကို ဒီလိုမျိုး ဘယ်သူက ထောက်ပံ့နိုင်မှာလဲ ဆရာ၊ ညီအစ်ကို မောင်နှမလား၊ မိတ်ဆွေတွေလား၊ ဟင်း ဟင်း ဟင်း ဝေးပါသေးတယ် ဆရာ။ ကျွန်မ ဒီဇာတ်ထဲရောက်တာ ငါးနှစ်ရှိပါပြီး ။ ကျွန်မစီးပွားရေးအရ ဘာများ တိုးတက်မှု ရှိလို့လဲ၊ ရတဲ့ ညကြေးကလည်း မိတ်ကပ်ဖိုးသာသာ….``

`` တော်စမ်း မိခိုင်၊ နင့်စကားတွေ လွန်လာပြီ၊ နင့်ကိုယ်နင် ဘာများထင်နေလို့လဲ၊ မပြောချင်လို့ ကြည့်နေတာ ကြာပြီ၊ အရေးပေး ရောင့်တက်၊ ပရိသတ်တွေ ချီးမြှင့် မြှောက်စားတယ်ဆိုတာ နင်တစ်ယောက်တည်း တော်လို့ မဟုတ်ဘူး၊ အားလုံးက တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းပံ့ပိုးပေးကြလို့ ခိုင်သစ္စာဆိုတဲ့ နာမည်တစ်လုံးရလာတာ၊ ကျေးဇူးမကန်းနဲ့၊ နောက်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာလည်း မဟုတ်တဲ့သူကို နင်ဘာတွေမက်စရာ ရှိလို့လဲ၊ သူတို့ကို နင်ဘယ်လို ယုံရမလဲ၊ ကျေးဇူးဆိုပြီး အဲဒီကျေးဇူးတွေရဲ့ နောက်မှာ ကြောက်စရာအန္တရာယ်ဆိုးကို နင်ဘယ်သိပါ့မလဲ၊ ခုချိန်မှာ နင်က ခိုင်သစ္စာ ခိုင်သစ္စာ ဆိုပြကီး မာန်မာန၊ အတ္တတိမ်သလ္လာတွေ ဖုံးနေတာကိုး၊ ကောင်းပြီ ငကန်းသေ ငစွေပေါ်လာလိမ့်မယ်၊ ညည်း ကတိအတိုင်း ဒီည ကလိုက်ဦး``

ဇာတ်ဆရာက ဒေါသတကြီး ပြောပြီးထွက်သွားသည်။ ဇာတ်တစ်ဖွဲ့လုံးက မကျေနပ်သော အကြည့်ဖြင့် ခိုင်သစ္စာကို လှမ်း၍ ကြည့်လိုက်ကြသည်။

---------------

ခိုင်သစ္စာ၏ အငြိမ့်ခွင်အခန်းသို့ ရောက်ပြီဖြစ်၍ အပြင်တွင် လှည့်ပတ်ဈေးတန်း လျှောက်နေသော အစ်ကို ကာလသားတစ်သိုက် ဇာတ်စင်နားသို့ အလျင်အမြန် စုရုံးရောက်ရှိလာကြသည်။ ခိုင်သစ္စာ၏ အလှ၊ ခိုင်သစ္စာ၏ အဆို၊ အပြော၊ အကနှင့် ညုလုံးလေးများကို လွတ်သွားမည်စိုး၍ ရောက်သည့်နေရာများမှ အပြေးအလွှား လာရောက်အားပေးကြခြင်း ဖြစ်သည်။ ခိုင်သစ္စာ၏ အပြုံးသည် သူတို့အား ညှို့ယူဖမ်းစား လက်ယပ်ခေါ်နေသည်။ ယနေ့ခေတ် အငြိမ့်များတွင် မင်းသမိး၏အကထက် လူရွှင်တော်၏ ပြက်လုံးများကို ပို၍ သဘောကျကြသည်။ သို့ရာတွင် ခိုင်သစ္စာ၏ အငြိမ့်ကို ကြည့်မိသူတိုင်း မှော်ထက်လိုက်တာ အိမ်ကဟာမနှင့် ကွာပါ့လို့ ပြောရလောက်အောင် မင်းသမီးတို့ တတ်အပ်သော မာယာလေးဆယ်အပြင် ဆယ့်နှစ်ကြိုးကဝေ အတတ်ပါ ကျွမ်းတဲ့အတွက် တတ်လည်း တတ်နိုင်ပါရဲ့ဟု အောချရအောင် ပြည်သူတွေ ချစ်တဲ့ ခိုင်သစ္စာ။

ယနေ့ည ခိုင်သစ္စာ၏ ဆိုပုံ၊ ကပုံကို ပရိသတ်များ နားမလည်နိုင်အောင် ဖြစ်နေသည်။ လေးလေးပင်ပင်နှင့်မို့ ကာလသား တစ်သိုက်က

``ချစ်ကလေး ခိုင်ရေ ဘာ အလိုမကျပါလိမ့်``

ဆိုပြီး အူရစ် ရစ်ပြီး ဟစ်နေကြပါသည်။ မင်းသမီးတစ်ပုဒ်ကပြီး ဆိုင်းဝိုင်းသို့ အသွား လူရွှင်တော်များက

``ပရိသတ်ကြီး ခင်ဗျား၊ ဒီညပြက်လုံးသစ်တစ်ခု တင်ဆက်ပါ့မယ်၊ ပရိသတ်ကို တစ်ခါဖူးမှ မတင်ဆက် ဖူးပါဘူး၊ ကဲ မင်းသမီးရေ လာပါဦး``

မင်းသမီးမှာ ပြုံးပြုံးလေးနှင့် လူရွှင်တော်နှစ်ယောက် အကြားရောက်သွားသည်။ လူရွှင်တော်နှစ်ဦးက

``တို့ မြန်မာမင်းသမီးကို တို့ယူမယ်``

ဆိုပြီး သူလု ငါလု သူယူမယ် ငါယူမယ်ဆိုပြီး လုနေကြ၍ ပရိသတ်မှာ တ၀ါးဝါး ပွဲကျနေသည်။

``အောင်မလေးဗျာ ကုန်ပါပြီ၊ ကုန်ပါပြီ၊ ခိုင်သစ္စာဆိုတဲ့ ထန်းလျက်မလေးရေ ခွေးတွေလျက်လို့ တဖြည်းဖြည်းနဲ့ လုံးပါးပါးပြီး ကုန်ပါပြီဗျ``

ဆိုပြီ ကာလသားတစ်သိုက်က စင်မြင့်ထောင့် ၀ဲယာကနေ အားပေးနေပါတယ်။

အဲဒီအချိန်မှာ လူရွှင်တော် တစ်ဦးက အင်္ဂလိပ် ယူနီဖောင်း အပြည့်အစုံနဲ့ ယူနီယံဂျက်အလံကို ကိုင်လာပြီး မင်းသမီးအနားကို ရုတ်တရက် တိုးကပ်သွားပါတယ်။ ရုတ်တရက် တိုးကပ်သွားပါတယ်။ ရုတ်တရက်မို့ မင်းသမီးက အံ့အားသင့် သွားတယ် ထင်ပါ့။ ဒါပေမယ့် မင်းသမီးပဲလေ ဒါလေးများ။

အင်္ဂလိပ်(လူရွှင်တော်)က

`` ကဲ မင်းသမီး ကျုပ်ကို ယူမလား၊ ဟောဟိုက မြန်မာနိုင်ငံသားကို ယူမလား ပြောစမ်း ပြောစမ်း``

ဆိုပြီး အိုက်တင်အပြည့်နဲ့ ဘိုလို မှုတ်နေပါတယ်။ အဲဒီအချိန်မှာ လူရွှင်တော် ကိုပေါက

``ပရိသတ်ကြီး ခင်ဗျား ခင်ဗျားတို့သာ မင်းသမီးဆိုရင် အင်္ဂလိပ်ကြီးကို ယူမလား၊ ကျုပ်ကို ယူမလား`` လို့ ပရိသတ်ကြီးဆီသို့ အော်ပြောလိုက်ပါတယ်။

ပရိသတ်ကလည်း

``မြန်မာနိုင်ငံသားကို ယူပါ ခိုင်သစ္စာရေ၊ သူ့ကို မယူရင် ကျုပ်တို့ကို ယူပါ``

ဆိုပြီး ကာလသား တစ်သိုက်တ၀ါးဝါး ဖြစ်နေကြပါတယ်။ အဲဒီအခါမှာ ခိုင်သစ္စာဆီက မမျှော်လင့်တဲ့ စကားတစ်ခွန်း ထွက်လာပါတယ်။

``ခိုင်ချစ်တဲ့ ပရိသတ်ကြီးရှင့် ခိုင်ကတော့လေ၊ ဟောဒီရိုးတဲ့၊ အတဲ့၊ ဆင်းရဲမွဲတေနေတဲ့ မြန်မာနိုင်ငံသား ကိုပေါကို မယူနိုင်ပေါင်၊ ဟောဟိုက အင်္ဂလိပ်ကြီး မစ္စတာကြီးကိုသာ အသည်းစွဲချစ်ပါသတဲ့ရှင်၊ ကြိုက်ပါသတဲ့ရှင်၊ အားကိုးပါသတဲ့ရှင်၊ ပျိုမေအထုပ်ပိုက်လို့ ဘိုခေါ်ရာ နောက်လိုက်မယ်ရှင်``

လို့ ကြာမူပါပါနဲ့ အင်္ဂလိပ်(လူရွှင်တော်)ကြီးကို လှမ်းအဖက် ပရိသတ်ကြီးက မထင်မှတ်လောက်အောင် မီးကို ရေနဲ့ ငြိမ်းသတ်သလို ငြိမ်ကျသွားပါတယ်။ မကြာလှပါ။ ဇာတ်ခုံပေါ်သို့ ဆေးလိပ်တို၊ ပြောင်းဖူးတို ခဲလုံးများ ပျံတက်လာပါတယ်။

``အမျိုးဖျက်မ၊ သေနာမ``

ဆိုတဲ့ အသံတွေနဲ့အတူ ခဲမိုးများ ရွာလာပါတယ်။

လူရွှင်တော်များက ပြောင်းလဲ သွားတဲ့ အံ့သြဖွယ် မြင်ကွင်းများကြောင့်…………..

``သည်းခံပါခင်ဗျား၊ သည်းခံပါ၊ တကယ် မဟုတ်ပါဘူး ခင်ဗျား၊ ပြက်လုံးထုတ်တာပါခင်ဗျာ၊ ပြက်လုံး ထုတ်တာပါ``

ပွဲခင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့အတွက် ပြည်ဖုံးကား ကန့်လန့်ကာကို ကမန်းကတန်း ချပစ်လိုက်ရပါတယ်။

---------------------

ခိုင်သစ္စာ၏ မျက်နှာမှာ ရစရာ မရှိအောင် စုတ်ပြတ်နေပါသည်။ ကိုပေါနှင့် ဇာတ်ဆရာကို တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်နေပါတယ်။ မျက်ရည်ပေါက်ပေါက် ကျနေပြီး နှုတ်ခမ်းက တဆတ်ဆတ် တုန်နေပါသည်။ သို့သော် အသံကား ထွက်၍ မလာပါ။ ဇာတ်ဆရာက ခိုင်သစ္စာကို ကြည့်ပြီး

``မင်းသမီး သဘောပေါက်ပါပြီနော်``

ခိုင်သစ္စာက ခေါင်းညိတ်ပြ လိုက်ပါသည်။ ဇာတ်ဆရာ ထွက်သွားပြီးနောက် ငပေါက ခိုင်သစ္စာရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပါတယ်။ ပြီးမှ အနားကပ်ပြီး

``အချိန်မီပါသေးတယ် ခိုင်ရယ်၊ မီပါသေးတယ်``

ဟု တိုးတိုးလေး ကပ်ပြောလိုက်လေသတည်း…………။

(ကရင်ပြည်နယ်မဂ္ဂဇင်းမှ စာရေးဆရာ လူကြီး၏ ၀တ္တုတိုကို ထုတ်နုတ်ဖော်ပြပါသည်။)

မောင်စေတနာ

9.3.08

http://neepyinnyar.blogsome.com/

HTML များကို လေ့လာချင်သူတွေ အတွက်ပါ။ အသေးစိတ် ရှင်းပြထားတဲ့ အတွက် နားလည်ကြမှာပါ။ HTML စတင် ဖြစ်ပေါ်လာပုံ ကစပြီး အသုံးပြုပုံအထိ ရှင်းလင်း ထားပါတယ်။ HTML ကို လုပ်ဖို့ စိတ်မ၀င်စား ရင်တောင် HTML ဖြစ်ပေါ် လာပုံကို ရေးသားထားလို့ လေ့လာသင့်ပါတယ်။ အပိုင်း(၁) ကနေ အပိုင်း(၇)ထိ ရှင်းလင်း ဖော်ပြထားပါတယ်။ ဒီလိုနည်းပညာတွေကို ဖော်ပြတဲ့အတွက် အင်တာနက် အသုံးပြုတွေအတွက် အင်မတန်မှ အကျိုးရှိပါတယ်။ HTML ကို လေ့လာချင်သော user အားလုံး စိတ်ကျေနပ်စေမှာပါ။ အပြည့်အ၀ မရရှိပေမယ့်လဲ HTML စတင်လေ့လာသူများ အတွက်တော့ အဆင်ပြေ ပါလိမ့်မယ်။ ကဲ ဒီကနေ သွားပြီး လေ့လာကြရအောင်လား။

မောင်စေတနာ

8.3.08

http://www.myanmartraining.com/mt/

ပညာရေးသင်တန်းများနဲ့ သက်ဆိုင်တဲ့ ၀က်ဆိုက်တစ်ခုပါ။ နိုင်ငံခြားမှာ ပညာသင်ကြားဖို့ စိတ်ဝင်စားသူ တွေအတွက်ပါ။ စင်္ကာပူနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာ ပညာသင်ကြားဖို့ လေ့လာနိုင်ပါတယ်။ scholarship အစီအစဉ်များကိုလဲ လေ့လာနိုင်ပါတယ်။ ဒီဝက်ဆိုက်ကို လေ့လာသူတွေ အတွက် အကျိုးရှိစေတာကတော့ ဘာသာစကားစာအုပ်များ၊ စီးပွားရေးစီမံခန့်ခွဲရေး စာအုပ်များ၊ ကွန်ပျူတာ စာအုပ်တွေကို download လုပ်ခွင့် ပေးထားတာပါပဲ။ သင်တန်းနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလဲ ဖော်ပြပေးထားလို့ လေ့လာသူတို့အတွက် အကျိုးရှိမှာပါ။ ပညာရေးနဲ့ ပတ်သက်တဲ့ သတင်းထူးများကိုလဲ ဖော်ပြ ပေးထားပါသည်။ ကဲ ပြောနေကြာတယ် သွားပြီး လေ့လာကြရအောင်လား။

မောင်စေတနာ

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် အမေ

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အမေမသိတောင်မှ
အမေရှိတယ်။
ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာအမေလည်း အမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။
သမီးသားတွေ ကြီးထွားစေရော့လို့
စိန်ရွှေပတ္တမြား အိမ်မြေကားနဲ့
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်းကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကိုမျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာအကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေဟာ အမေပဲလေ။ .......။


မောင်စေတနာ

ပြည့်စုံစေလို

ဤလောကကြီးထဲတွင် မပြည့်စုံခြင်းဆိုသည့်အရာသည် ကြီးစိုးနေသည်ဟု ထင်မိသည်။ အရာဝတ္တု တစ်ခုကို ရလျှင် ထိုအရာဝတ္တု ပစ္စည်းထက် ကောင်းသော အရာဝတ္တုကို လိုချင်စိတ် ဖြစ်ပေါ်ကြသည်။ ထိုမှတဆင့် ပို၍ ကောင်းသော အရာဝတ္တုကို လိုချင်စိတ် ဖြစ်ပေါ်လာပြန်သည်။ စသဖြင့်...........။ ဒါကြောင့် လူအလို နတ်မလိုက်နိုင် ဆိုသည့် ဆိုရိုးစကား ဖြစ်ပေါ်လာပုံရသည်။

သတ္တ၀ါအားလုံးပင် မပြည့်စုံခြင်းများဖြင့် လောကသံသရာထဲတွင် ကျင်လည် နေကြရသည်။ ထို မပြည့်စုံခြင်း ဆိုသည့် အရာကို နှိမ်နင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ရောင်ရဲတင်းတိမ်ခြင်းပင် ဖြစ်သည်။ လူတိုင်းသည် ရောင်ရဲသောစိတ်ဖြင့် မပြည့်စုံခြင်းကို ဖြေသိမ့်နေကြရသည်။
သို့သော် အများစုသည် လိုချင်တက်မက်မှု ပြင်းပြစွာဖြင့် အသက်ရှင် နေထိုင်လာကြသည်။ လောဘ၊ ဒေါသ၊ မောဟများဖြင့် မပြည့်စုံခြင်းကို တွန်းလှန်နေကြသည်။ လောဘဖြင့် မပြည့်စုံခြင်းကို ဖုံးအုပ်သည်။ ဒေါသဖြင့် မောင်းထုတ်သည်။ မောဟဖြင့် မသိကျိုးကျွံ ပြုသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသော သဘာဝတရားကို ကျော်လွန်ဖို့ ကြိုးစားကြသည်။

အနိစ္စ = မမြဲခြင်း၊

ဒုက္ခ = ဆင်းရဲခြင်း၊
အနတ္တ = အစိုးမရခြင်း ဆိုသော အရာများကို ဥပက္ခာပြုချင် ကြသည်။ သဘာဝတရားကို အခြေခံသော တရားများကို ဖောက်ဖျက်ဖို့ ကြိုးစားနေကြသည်။

သဘာဝတရားကို ကျော်လွန်ပါက မိမိတို့သာ ဆင်းရဲဒုက္ခရောက်ကြမည်ကို သိသိကြီးနှင့် ကျော်လွန်ရန် အားထုတ် နေကြသည်။

ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သည့် အ၀ိဇ္ဇာနဲ့ တဏှာကြောင့် သံသရာလည် နေကြရသည်ကို လူတိုင်းသိရှိရန် လိုအပ် ပေသည်။ ၀ိပဿနာတရားတော်သည် လူတို့အတွက် သံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ပို့ဆောင် ပေးနိုင်ပါသည်။

ဝိပဿနာ တရားတော်ကို အားထုတ်ကျင့်ကြံနေသော လူတို့အဖို့ လိုချင်တပ်မက်မှု လျော့နည်းလာမည် ဖြစ်ပါသည်။ အားထုတ်ကျင့်ကြံမှု ပိုလာလေလေ လိုချင်တပ်မက်မှု ကင်းလေလေ၊ ရောင်ရဲစိတ်များ ဖြစ်ပေါ် လာမည် ဖြစ်ပါသည်။

သို့ကြောင့် မပြည့်စုံခြင်း ဆိုသည့် အရာကို ရောင်ရဲခြင်းဆိုသည့် လက်နက်ဖြင့် နှိမ်နင်း၍ မိမိ၏ စိတ်ကို အေးချမ်းနိုင်ကြပါစေ........။

မောင်စေတနာ

www.phoxin.blogspot.com

စုံလင်ပါတယ်။ အကြောင်းအရာ တစ်ခုထဲကို ဦးတည်ပြီး တည်ဆောက်ထားတဲ့ ဘလော့မဟုတ်ပါဘူး။ ဒီဘလော့ဂ် ကနေ တစ်ခြားဘလော့ဂ်ဆိုက် တော်တော်များများ ကိုလဲ လင့်လုပ်ပေးထားပါတယ်။ ဒီဘလော့ဂ်ကို ဖန်တီးသူက ရုရှားကို ရောက်နေပုံ ရပါတယ်။ အကြောင်းကတော့ ရုရှားမှ မြန်မာဘလော့ဂ်ဂါများ ဆိုပြီး ဖော်ပြပေးထားလို့ပါ။ ရုရှားက ဘလော့ဂ်များကလဲ ဒီဆိုက်ဖန်တီးသူနဲ့ ပါတနာတွေ ဖြစ်ပုံရပါတယ်။ ဒီဆိုက်ကနေ မြန်မာသီချင်းဆိုက်များ၊ ဗီဒီယိုဆိုက်များ၊ ဗီစီဒီဆိုက်များ၊ အခမဲ့ ebook ဆိုက်များ၊ ဖိုရမ်များကို လင့်လုပ်ပေးထားပါတယ်။ ကဲ သွားလေ့လာ ကြရအောင်လာဗျာ။

မောင်စေတနာ

ရယ်မောပျော်ရွှင်စေလိုချင်ငှာ

နောက်တစ်နေ့ ရုံးပိတ်ရက် စနေနေ့ဆိုတော့ ညက ၂း၀၀ ထိုးတဲ့အထိ အင်တာနက် ကြည့်ဖြစ်ပါတယ်။ မိမိဘလော့ဂ်ကို ကြည့်ရှုသည့် မိတ်ဆွေများ အသိပညာ ဗဟုသုတအပြင် ပျော်ရွှင် ရယ်မောနိုင်ရန် အတွက် ရယ်မော စရာလေးများ ရှာအုံးမည်ဟု စိတ်ကူးဖြင့် ရှာဖွေခဲ့တာပါ။ ဘလော့ဂ်ကြည့် မိတ်ဆွေများ ပျော်ရွှင်ရယ်မော နိုင်စေရန် အတွက် ဓါတ်ပုံ၊ ကာတွန်း၊ animation များ ရှာဖွေဖော်ပြ လိုက်ပါတယ်။ မိမိရှာဖွေ ဖော်ပြထားသော ပြကွက်များသည် ဘလော့ကြည့် မိတ်ဆွေများ ရယ်မောမည် ဆိုပါက ရှာဖွေ ဖော်ပြရကျိုး နပ်မည်ဖြစ်ပါကြောင်း....။

7.3.08

http://dhammaratha.blogspot.com/

ဒီဝက်ဆိုက်လေးကတော့ ဘာသာရေးကို လေ့လာ လိုက်စားသူများ အတွက်ပါ။ လူတိုင်းလဲ သိသင့်ပါတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး ပြည့်စုံမှု မရှိပေးမယ့် မှတ်သားသင့် သလောက်တော့ မှတ်နိုင်လို့ ရနိုင်ပါတယ်။ ဆရာတော်ကြီးများရဲ့ အဆိုအမိန့်များကို မှတ်သားနိုင်ပါတယ်။ ဗုဒ္ဓ၏ သြ၀ါဒများကို တွေ့မြင်နိုင်ပါတယ်။ ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဥာဏ်ထက် နိုင်ရန်အတွက် ဓမ္မစာပေများကို နေ့စဉ် ဖတ်ရှုနိုင်ရန် ရှာဖွေ ဖော်ပြလိုက် ပါတယ်။ ဓမ္မ၀က်ဆိုက်ကို ဒီကနေ သွားနိုင်ပါတယ်။

မောင်စေတနာ

5.3.08

http://mp3.mmblogs.net/

သီချင်းနဲ့ ပတ်သက်လာရင် အကြိုက်ဆုံး website ကို ပြောပါဆိုရင် ဒီ website ကို ပြောရပါလိမ့်မယ်။ ထွက်သမျှ သီချင်းများရှိပါတယ်။ mp3 အနေနဲ့ ပြုလုပ်ထားပါတယ်။ သီချင်းခွေတစ်ခွေလုံးကို ချက်ချင်း download လုပ်ယူနိုင်ပါတယ်။ သီချင်း အခွေသစ်များ၊ နောက်ဆုံးတင်သော သီချင်းခွေများ စသဖြင့် သီချင်းနဲ့ ပတ်သက်ရင် ဒီဆိုက်က ကောင်းလွန်း တယ်လို့ ထင်ပါတယ်။ ကဲ download လုပ်ပြီး နားထောင်ကြ ရအောင်လား။ ကဲ သွားတော့ ၀က်ဆိုက်ကို။
မောင်စေတနာ

26.2.08

www.saitmon.blogspot.com

ကြိုက်ကြမှာပါ။ စုံလင်စွာ ပြုစုထားတာ အားကျစရာပါပဲ။ အင်တာနက် အသုံးပြုသူ အားလုံး စိတ်ကျေနပ် ကျမှာပါ။ သတင်း၊ ကဗျာ၊ အိုင်တီ၊ ဆောင်းပါး၊ ဗီဒီယို၊ ဓါတ်ပုံ၊ ကာတွန်း၊ မြန်မာ့ရုပ်ရှင်၊ ကိုးရီးယားရုပ်ရှင်၊ သီချင်း၊ အက်ဆေး ၀တ္တုတို၊ အခမဲ့ ဆော့ဝဲလ်များ ကို စုံလင်စွာ တွေ့ရမှာပါ။ တစ်ခုတော့ သတိပေး ချင်ပါတယ်။ ရုပ်ရှင်ကား တွေကို ကြည့်ချင် ရင်တော့ proxy ကျော်ဝင် ပြီးမှ ကြည့်လို့ ရပါတယ်။ ဒီကနေ ၀က်ဆိုက်ကို သွားနိုင်ပါတယ်။
မောင်စေတနာ

20.2.08

တချိန်တုန်းက ရခိုင်ရိုးမဆီ အပိုင်း(၃)

စတိတ်ရှိုးစင် လုပ်ပြီး မီးစက်မီးတွေနဲ့ သီချင်းဆိုနေတဲ့ ကရင်တွေကို တွေ့ရ တော့တယ်။ စတိတ်ရှိုး လုပ်တဲ့ နေရာက ရွာထဲမှာလဲ မဟုတ်ဘူး။ အနည်းငယ်သာ ကျယ်တဲ့ ကွင်းပြင် ထဲမှာ။ ရှိုးစင်ရဲ့ ပတ်ဝန်းကျင်မှာ ကွမ်းယာ ဆိုင်တွေ ပတ်ပတ် လည်ပဲ။ ကွမ်းယာ ရောင်းတာ ကလဲ ကရင်မလေးတွေ။ ကွမ်းယာ ဆိုင်တွေမှာ ကရင်ယောကျာင်္း လေးတွေ ၀ိုင်းနေတယ်။ သ်ီချင်းဆို တာကို အားပေးတဲ့ လူရှိသလို။ ကွမ်းယာဆိုင် မှာပဲ ၀ိုင်းနေတဲ့ ကရင်တွေ လဲရှိတယ်။

ကျွန်တော် အတွက်တော့ နည်းနည်း ထူးဆန်း နေတယ်။ စတိတ်ရှိုးစင် ပေါ်ကို သီချင်းဆို ချင်တဲ့ လူတိုင်း တက်ဆိုလို့ ရတယ်။ ကရင်မလေး တွေရော၊ ကရင်လေး တွေရော ဆိုကြပါတယ်။ သီချင်းဆိုတာ သိပ်ကောင်း ကြတယ်။ ကလေးရော လူကြီးပါ သီချင်းဆို ကောင်းတာ သိခဲ့ရတယ်။ ဂစ်တာ တီးခတ်တာ လဲ ပြောစရာ မရှိပါဘူး။ ကရင်တွေရဲ့ ပျော်ရွှင်ပွဲ ဆိုတာကို သိခဲ့ရပါတယ်။ ကျွန်တော် အတွက်တော့ သိပ်မပျော် ခဲ့ရပါဘူး။ ကျွန်တော်က ကရင်စကားလဲ မပြောတတ်၊ သီချင်းလဲ မဆိုတတ်တော့ ကျွန်တော့် အတွက် နေရာမရှိသလို ပါပဲ။ ကွမ်းယာဆိုင်နား သွားရအောင်လဲ ကွမ်းယာမစား တတ်တော့ ပျှော်စရာ မတွေ့ဘဲ စိတ်ညစ်စရာသာ ဖြစ်ခဲ့ရပါတယ်။

ကျွန်တော့်ရဲ့ မိတ်ဆွေ ကရင်လေး ပြန်တဲ့ထိ ပျင်းရိလေးတွဲ စွာနဲ့ ထိုင်နေခဲ့ ရပါတယ်။ သူတို့ ပြန်တဲ့အချိန်က ညဉ်းတော်တော် နက်ခဲ့ပါတယ်။ အိမ်ပြန်ရောက် တဲ့အခါ ကျွန်တော်လဲ ချက်ချင်းပဲ အိပ်ပျော်သွား ခဲ့ပါတယ်။ နောက်တစ်နေ့ ရောက်တော့ ကျွန်တော် ပြန်မယ်ဆိုပြီး ကရင်လေးကို ပြောပါတယ်။ ကရင်လေးက နေပါအုံး ဆို ပြီး တားပါတယ်။ သူတားလဲ မနေနိုင်တော့ပါ။ မိမိနဲ့ အဆင်မပြေ တဲ့ဒေသမှာ နေရတာ ဆိုတော့ ပြန်ချင်စိတ်ပဲ ရှိနေပါတယ်။ ကရင်လေးက စက်လှေဆိပ်ကို လိုက်ပို့ပါတယ်။ အပြန်လမ်း ခရီးမှာတော့ အတွေးတွေ အများကြီးနဲ့ပါ။ အတွေ့အကြုံ ရခဲ့တဲ့ မိမိရဲ့ အဖြစ်ကို တွေးရင် စက်လှေနဲ့ လိုက်ပါခဲ့ပါတယ်။

မိမိ သိပ်ရောက်ချင် ခဲ့တဲ့ ရခိုင်ရိုးမ ကို ရောက်ခဲ့တဲ့ စိတ်ကျေနပ် မှုရခဲ့ပါတယ်။ အဝေးက ကြည့်ရင် သိပ်လှ သိပ်ကြည်နူးစရာ ကောင်းတဲ့ ရခိုင်ရိုးမ......အနီးကပ်ရောက် တော့မှ ပင်ပန်းဆင်းရဲစွာ ဖြစ်ခဲ့ရတာ ကျွန်တော်ဘ၀မှာ မေ့မရစရာ အဖြစ်အပျက် တစ်ခုဖြစ်ခဲ့ပါတယ်။ စာဖတ်သူ များကိုလဲ မိမိရဲ့ ရခိုင်ရိုးမ၊ ကရင်လေးများ၏ ဘ၀ကို သိရှိခံစားစေလိုတဲ့ အတွက် ဘ၀အတွေ့အကြုံများ တွေးမိရင်း . . . . ။


မောင်စေတနာ

18.2.08

တချိန်တုန်းက ရခိုင်ရိုးမဆီ အပိုင်း(၂)

စားသောက်ပြီးလို့ တစ်ရေးအိပ်မယ် ကြံကာရှိသေးတယ်။ မအိပ်နဲ့ တောင်ပေါ် တက်မယ်လို့ ကရင်လေး ဘကြီးက ပြောတယ်။ တက်ပေါ့။ ရောက်မှတော့ မထူးပါဘူးဆိုပြီး လိုက်ခဲ့တယ်။ လျှောက်လိုက်ရတဲ့ လမ်းတွေ။ နွေရာသီ ဆိုတော့ ရာသီဥတုက ပူတယ်။ မြေကြီးတွေကလဲ နင်းလို့မရအောင် ပူတယ်။ တောင်ပေါ် ရောက်လေလေ ပူလေလေ။ ဖြစ်ချင်တော့ ဖိနပ်မပါဘူး။ ကရင်လေး အိမ်ကထွက်တုန်းက ဘွတ်ဖိနပ်စီးနေ တာကို သတိရမိတယ်။ ရွာခံဖြစ်ပြီး ဘယ်သွားရင် ဘာလုပ်ရမယ် ဆိုတာ မပြောတော့ ကျွန်တော်တို့ ဒုက္ခရောက် ရတာပေါ့။ ဒေါသလဲ ထွက်မိတယ်။

တောင်ထိပ်ကို ရောက်ဖို့ ကရင်လေး ဘကြီးဦးဆောင်မှု နဲ့ ဖြေးဖြေးချင်း တက်လာ ခဲ့တယ်။ တောင်လဲ တက်ရင် ကရင်လေး ဘကြီးကို ဗဟုသုတ ရစရာတွေကို မေးမိတယ်။ ဗမာတွေ နဲ့ စကားပြောဖို့ စိတ်မပါတဲ့ ကရင်လေး ဘကြီးက မေးသမျှ ပြောပြလို့ တော်သေးတယ်။ တောထဲတွင် ဆင်ရိုင်းတွေ ရှိကြောင်း၊ မိုးတွင်းဆိုရင် တောင်ထိပ်ကို တက်လို့မရကြောင်း၊ အခု ကျွန်တော်တို့ လျှောက်လာသော လမ်းများသည် ချောင်းကျရေအဖြစ် စီးဆင်းသည့် အတွက် ရေနှင့် အတူ မျှောပါလာသော သစ်တုံး သစ်ချောင်းများသည် အန္တရာယ် များကြောင်း၊ ထို့ကြောင့် မိုးတွင်းတွင် တောင်ပေါ် တက်ရန် မပြောနှင့် တောင်ခြေ တွင်ပင် မရပ်ရဲကြကြောင်း ပြောပြ၍ သိခဲ့ရပါတယ်။ နောက်ဆုံးတော့ တောင်ထိပ်ပေါ် ရောက်လာတယ်။ မြန်မာနိုင်ငံရဲ့ ထင်ရှား ကျော်ကြားတဲ့ နာမည်ကြီးတဲ့ ရခိုင်ရိုးမကို ရောက်ခဲ့တယ်။

အဝေးက လှမ်းကြည့်ရင် ရှုခင်းရှုကွက်တွေနဲ့ လှပနေပေမယ့် ကိုယ်တကယ် တောင်ပေါ် ရောက်တော့ ဘာမှ မခံစားနိုင်တဲ့ အပြင် နေပူတာ၊ မြေပူတာ တွေကို ခံစားနေရလို့ စိတ်ညစ် ခဲ့ရတယ်။ မြေပူတွေကို မနင်းနိုင်လို့ ပြေးလိုက် နားလိုက်နဲ့ ။ တောင်ထိပ်ပေါ်မှာက အရိပ်ရတဲ့ သစ်ပင် တော်တော်ရှားတာ အဲဒီကျမှ သိခဲ့ရတယ်။ လမ်းတစ်လျှောက် ပူလွန်းသည့် အတွက် ရေမလောက်သည့် ပြဿနာပါ ဖြစ်လာတော့တယ်။ ကျွန်တော်တို့ အတွက် သောက်ရေသန့်သည် အရေးကြီးသည်။ ရေကုန်သွားခဲ့ပါတယ်။ ကရင်လေး ဘကြီးက တောင်ထိပ်မှ ချောက်တစ်ခု အတွင်းသို့ ဆင်းခဲ့တယ်။ ဟိုရောက်တော့ စမ်းရေတွေ စိမ့်ထွက်နေတဲ့ စမ်းရေအိုင် လေးကို တွေ့ရတယ်။

ကရင်လေးနဲ့ ဘကြီးကတော့ ရေဗူးတွေထဲကို စမ်းရေတွေ ဖြည့်ပြီး သောက်ကြတယ်။ ကျွန်တော် ကတော့ စိတ်သိပ်မသန့်ဘူးပေါ့။ ကြားဖူးတာက စမ်းရေ သောက်ရင် ငှက်ဖျားဖြစ်တယ်လေ။ သို့ပေမယ့် တကယ်တန်း ငတ်လာရင် သောက်ရတော့ တာပါပဲ။ ကြားဖူးတယ် မဟုတ်လား။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်....ဆိုတာလေ။

အဲဒီ စမ်းရေတွင်းမှာပဲ ထုတ်ထည့်လာတဲ့ ထမင်းကို စားကြတယ်။ စားသောက်ပြီး ပင်ပန်းစွာနဲ့ လှဲကြ၊ အိပ်ကြပေါ့။ နာရီအနည်းငယ် ကြာတော့ ကရင်လေး ဘကြီးက ကဲ ဆက်သွားစို့...ဆိုပြီး ဆက်လျှောက်ရ ပြန်ရော။ ကျွန်တော် ဒီခရီးစဉ်တစ်လျှောက်လုံး တွေးလာတာက ဒီတောင်ပေါ်ကို ဘာရည်ရွယ်ချက် နဲ့လာတာလဲ။ ဘာအကြောင်းလဲ။ ကျွန်တော်ကို လိုက်ပြ ချင်တာ ဘာတွေလဲ...ဆိုတဲ့ အတွေးတွေ ၀င်လာတယ်။

ကျွန်တော် အရမ်းပင်ပန်းနေတယ်။ ဘယ်လိုမှ ဟန်မဆောင်နိုင်အောင်ပဲ။ ကရင်လေးနဲ့ ဘကြီးကတော့ ပုံစံမပျက်ပဲ။ သူတို့ ခြေသလုံးတွေကလဲ ကြီးလိုက်တာ လွန်းရော။ ဒီလောက် လျှောက်နေမှတော့ ကြီးပြီးပေါ့ဟု တွေးမိတယ်။ စမ်းရေတွင်း ကနေ တော်တော် ကြာကြာ လျှောက်လာ တဲ့အခါမှာ ကရင်လေး ဘကြီး ရည်ရွယ်တဲ့ နေရာကို ရောက်ပါလေရော။ ဒီတော့မှ သူ ဘယ်ကိုလာတာလဲ ဆိုတာ သိတော့တယ်။

နွေရာသီဆိုတော တောင်တွေက ကတုံးတွေ ဖြစ်နေတယ်။ အဝေးက ကိုကိုတို့ မမတို့ ကြည့်နေတဲ့ ရခိုင်ရိုးမက တောင်ကတုံး တွေပါဆို ယုံမှာလား။ မယုံလဲ နေပေါ့။ ဒီမှာတော့ ပင်ပန်း ကြီးစွာနဲ့ ရောက်ခဲ့ ပြီးပြီ။ ကဲ ဆက်အုံးမယ်နော်။ တောင်ကတုံး တစ်ခုကို ရောက်သွားတော့ အဲဒီ တောင်ကတုံးမှာ ပဒတ်ဆာတွေ ဖွေးနေတာပဲ။ ပဒတ်ဆာကို သိတယ် မဟုတ်လား။ ဟင်းရည် ခတ်သောက်၊ ပြုတ်သုတ်၊ လုပ်စားလို့ ရတယ်လေ။ ပဒတ်ဆာ မှန်း ပထမတော့ မသိဘူး။

ဘကြီးက အနီးအနားမှာ ရှိတဲ့ ၀ါးပင်သေးလေး တွေကို ခုတ်ပြီး ပေးတယ်။ ၀ါးချောင်း လေးတွေ ထိပ်မှာ ချွန်ထားတယ်။ ပြီးတော့ ကဲ တူးကြတော့ .....အဲဒီ ၀ါးချွန်နဲ့ ပဒတ်ဆာ တွေကို တူးယူကြ။ ဘုမသိ ဘမသိနဲ့ တူးရတယ်။ ဒီခရီးက ခြေတင်မဟုတ်ဘူး။ လက်ပါ နာလာတယ်။ ကျွပ်ကျွပ်အိတ်နဲ့ သုံးအိတ် လောက်ရတယ်။ ပြီးတော့ ပြန်ခဲ့ကြတယ်။ အပြန်လမ်းမှာ ခြေတောက်တွေကို မသယ်ချင်တော့ဘူး။ မပြန်ရင်လဲ တောထဲ တောင်ထဲမှာ အိပ်ရမှာ ဆိုတော့ အားတင်းပြီး ပြန်ခဲ့တယ်။

စမ်းရေသောက်ရ၊ ခြေထောက် အရေကြည် ပေါက်ရ၊ လက်အရည်ကြည် ဖြစ်ရနဲ့။ ကံမကောင်းတဲ့ ခရီးစဉ်အဖြစ် ကျွန်တော် စိတ်ထဲမှာတော့ သတ်မှတ်ခဲ့တယ်။ ယာထဲကို ရောက်တော့ ညနေ ၄ နာရီထိုးနေပြီ။ အိမ်ပြန် ရောက်တော့ မိုးမှောင်နေပြီ။ ရေချိုး ထမင်း စားပြီး ရွာထဲလဲ လျှောက်မလည်တော့ဘဲ ပါတာစီတမော့ သောက်ပြီး အိပ်လိုက် တော့တယ်။ နောက်တစ်နေ့ ရောက်တော့ ကိုယ်တွေ လက်တွေ ကိုက်တော့တာပဲ။ ညရောက်တော့ ကရင်လေးက နောက်တစ်မျိုး ဒုက္ခပေးပြန်တယ်။ မှောင်ကြီး မဲကြီးထဲမှာ ချောင်းရိုးအတိုင်း လှေနဲ့ တစ်ခြားရွာကို သူ့အပေါင်းအသင်းတွေနဲ့ ခေါ်သွားတယ်။

ဟိုရောက်တော့ ရွာကမ်းထိပ်မှာ မှောင်မဲနေတယ်။ ကျွန်တော်ရဲ့ ကြောက်တဲ့စိတ်ကို မျိုသိမ့်ရင်း သူတို့အဖွဲ့နဲ့ လိုက်ခဲ့တယ်။ သူတို့ သွားတဲ့ လမ်းကလဲ တောလမ်း။ မြွေပါး ကင်းပါး အန္တရာယ်ကို မကြောက်မလန့် သွားကြတယ်။ ရွာလည်လဲ ရောက်ရော မီးစက်မီးတွေနဲ့ ပျော်ပါးနေကြတာကို တွေ့ရတယ်။

မောင်စေတနာ

တချိန်တုန်းက ရခိုင်ရိုးမဆီ အပိုင်း(၁)

ရခိုင်ရိုးမကို ရောက်ဖူးတယ်ဆိုရင် ဘယ်သူယုံမှာလဲ။ ရောက်ခဲ့ဖူးပါတယ်။ လွန်ခဲ့သော (၅)နှစ်လောက်ကပါ။ ကျွန်တော်အဖေ တာဝန်ကျတဲ့ မြို့မှာ ကျောင်းနေချိန်ကပေါ့။ အဲဒီမြို့လေးက ရုံးစိုက်မြို့လေဗျ။ မြို့လယ်ခေါင် ဆိုတာ ခြေလှမ်းဆယ်လှမ်းလောက် လျှောက်ရင်ရတယ်။ သိပ်အဝေးကြီး သွားစရာမလိုဘူး။ အထက်တန်းကျောင်း တစ်ကျောင်းထဲ ရှိတယ်။ မြို့နယ်လက်အောက်ရဲ့ ကရင်ရွာတွေကနေ ကရင်မလေးတွေ လာရောက်ကျောင်း တက်ကြတယ်။ ကျောင်းဖွင့်ချိန် တစ်ချိန်ပဲ အဲဒီမြို့လေးက စည်ကားတယ်။ အဲဒီမြို့မှာ ကျွန်တော် နှစ်နှစ်လောက် နေခဲ့ရတယ်။ ကိုးတန်း/ဆယ်တန်း တက်ခဲ့ရတယ်။ ကြေငြာဝင်ရအုံးမယ်။

ကရင်မလေးတွေက ချောတယ်ဗျ။ ကရင်မလေးတွေနဲ့ ချစ်သူဖြစ်ရင် မပြတ်စေနဲ့။ ဟီး ...ဟီး။ စကားကို ဆက်မယ်နော်။ ကျောင်းကတော့ ကောင်းပါတယ်။ သူ့ရပ်သူဇာတ်နဲ့ပေါ့။ ကျောင်းပိတ်ရင်တော့ မြို့က ခြောက်ကပ်နေတော့တာပါပဲ။ ရုံးဝန်ထမ်းတွေပဲ မြို့မှာရှိတယ်။ ဒီလိုနဲ့ ကျွန်တော်လဲ ၉ တန်းပြီးလို့ ၁၀ တန်းရောက်ခဲ့တာ ပေါ့ဗျာ။ ဆယ်တန်းစာမေးပွဲ ပြီးလို့ ကျတော့ ကျွန်တော်ရဲ့ သူငယ်ချင်း ကရင်လေးက သူ့ရွာကို လိုက်လည်ဖို့ ခေါ်တယ်။ ကျွန်တော်လဲ မော်တင်စွန်းကို မရောက်မယ့်အတူတူ ကရင်ရွာပဲ လိုက်သွားတာ ကောင်းတယ်ဆိုပြီး လိုက်သွားခဲ့တယ်။

ဆယ်တန်းစာမေးပွဲ ဖြေတဲ့အချိန်က မော်တင်စွန်းဘုရားပွဲတော် အချိန်လေ။ ကရင်ရွာကို ရောက်ဖို့ စက်လှေ ၄ နာရီလောက် စီးရတယ်။ ကျွန်တော်တို့လို မြို့သားအတွက်တော့ ရွာက ထူးဆန်းသလို။ ရွာသားတွေ အတွက်တော့ မြို့က ထူးဆန်းတယ်။ ရွာကို သွားရာ ရေလမ်းတစ်လျှောက် ဟိုငေး ဒီငေးပေါ့။ ရွာရောက်တော့လဲ ရွာစဉ်တစ်လျှောက် ရွာသားတွေရဲ့ ဘ၀ကို လေ့လာရင် လိုက်လာခဲ့တယ်။

ရောက်ပါပြီ။ ပျဉ်းတောင်အိမ် ကောင်းကောင်း။ ဘေးညာ အကာကင်းမဲ့တဲ့ ပျဉ်းတောင်အိမ်ကြီး။ သစ်လုံးကြီးတွေ ကို တိုင်ထူထားတယ်။ တောရုံတန်ရုံကားတွေ ၀င်တိုက်ရင်တောင် ပြိုမယ့်အိမ် မဟုတ်ဘူး။ အိမ်ရောက်တော့ သူ့မိသားစုနဲ့ မိတ်ဆက်ပေးတယ်။ သူ့မိသားစုကလဲ အေးအေးဆေးဆေး နေပါဆိုတဲ့ စကားကလွှဲရင် တစ်ခြား ဘာစကားမှ မပြောတော့ဘူး။ ဖော်ရွေးတာလေ.....။ သူ့သားနဲ့ပဲ ကရင်စကားတွေ ပြောနေတယ်။ ည(၆း၀၀) နာရီမှာ ထမင်းစားမယ်ဆိုပြီး ခေါ်တယ်။ ဟင်းက မှတ်မှတ်ရရပဲ....။ ဗမာကြက်သားဟင်း။ ဗမာကြက်ဆိုတော့ အရိုးက များနေတယ်။ စားပြီး ကရင်လေးက ရွာထဲလျှောက်လည်ဖို့ ခေါ်တယ်။ သူ့မိသားစုကလဲ ကျွန်တော်ကို စကား မပြောတော့ သူ့နဲ့ပဲ လိုက်ရတော့တာပေါ့။

ရွာထဲရောက်တော့လဲ ကျွန်တော်ရဲ့ သူငယ်ချင်း ကရင်လေးက သူ့ရပ်သူ့ရွာက အပေါင်းအသင်းတွေနဲ့ပဲ စကားပြောနေတယ်။ ကျွန်တော်ကိုလဲ မိတ်ဆက်မပေးဘူး။ ကျောင်းမှာ တုန်းက ဗမာတွေနဲ့ စကားပြော သလောက် သူ့ရွာရောက်တော့ ကျွန်တော်ကို အဖက်တောင် မလုပ်ပါလားဟု ထင်မိသည်။

ကျွန်တော်ကို ဗီဒီယိုရုံများကို ခေါ်သွားတယ်။ ဗီဒီယိုရုံဆိုတာကလဲ အိမ်ပေါ်မှာ အပေါ်စက် အောက်စက်နဲ့ ပြကြတာပါ။ သီးခြားရုံ ဆောက်ပြီး ဖွင့်တာမဟုတ်ပါဘူး။ ရွာက တော်တော် နိမ့်ကျတယ်။ ရွာသားတွေကို လေ့လာမိ သလောက် တစ်နေကုန် ငါးဖမ်းပြီး ညရောက်ရင် ရလာတဲ့ ပိုက်ဆံကို ဗီဒီယိုကြည့်၊ ကွမ်းစား၊ ရွာမှာရှိတဲ့ မိန်းကလေးတွေ အိမ်ကို မုန့်တွေ ၀ယ်ပြီး လူပျိုလှည့်ကြတာ ကို တွေ့ရပါတယ်။ သူတို့ လူပျိုလှည့်တာက ကရင်မလေးတွေ အိမ်ကို သွားပြီး လူပျိုလှည့်တာပါ။ ကရင်မလေးတွေ မိဘတွေကလဲ ကြည်ဖြူကြတယ်။

ပထမရက်ရဲ့ ညမှာတော့ ဗီဒီယိုရုံ၊ ကရင်မလေးတွေအိမ်နဲ့ အချိန်ကုန်ခဲ့ပါတယ်။ စိတ်ကတော့ သိပ်မပျော်ပါဘူး။ စိတ်ထဲမှာလဲ ထင်မိတယ်။ သူ့တို့က သူတို့လူမျိုးကလွှဲရင် အဖက်မလုပ်တတ် ပါလားလို့။ ဟုတ်တယ်လေ.....။ သူတို့ ဘာသာ သူတို့ စကားတွေပဲ ပြောပြီး ကျွန်တော်ကို ရှိတယ်လို့တောင် မထင်ကြဘူး။ ဒီလိုနဲ့ တစ်ညအိပ်ခဲ့တယ်။ နောက်တစ်နေ့ရောက်တော့လဲ ကရင်လေးအပါအ၀င် သူ့မိသားစုက ကျွန်တော်ကို စားဖို့ ခေါ်တာကလွှဲရင် ဘာတစ်လုံးမှ စကားမပြောဘူး။ မနက် ၇ နာရီလောက်ကျတော့ ကရင်လေးက ယာထဲသွား မယ် လိုက်ခဲ့လို့ခေါ်တယ်။ သူ့ကတော့ ဘွတ်ဖိနပ်တွေ၊ ဂျင်းဘောင်းဘီတွေ ၀တ်လို့။ ကျွန်တော်က ဘာမှန်းညာမှန်းမသိတော့ ပုဆိုးနဲ့ပဲ လိုက်ခဲ့တယ်။ ရွာကနေ ယာထဲကို တော်တော်ကြာတဲ့အထိ သွားရတယ်။

မြို့သားတွေ တောရောက်ရင် ဒုက္ခရောက်တယ်ဆိုတာ ဒါကိုပြောတာနေမှာ။ ယာထဲရောက်တော့ တောင်ကမု ကလေးမှာ တဲထိုးထားတယ်။ တဲက ခြေတန်းရှည်တဲကို ဆောက်ထားတယ်။ တဲရဲ့ အောက်မှာ ကြက်တွေ မွေးထားတယ်။ ပင်ပန်းလွန်းလို့ ရောက်ရောက်ချင်း တဲပေါ်မှာ မှောက်အိပ်လိုက်ရတယ်။ အချိန်ကို ကြည့်လိုက်တော့ နေ့လည် ထမင်းစားချိန်ရောက်နေပြီ။ ကျွန်တော်ကို ကြက်သားစားမလားလို့ လာမေးတယ်။ ရပါတယ်။ အဆင်ပြောသလိုလုပ်ပါလို့ ပြန်ပြောလိုက်တယ်။ သိပ်မကြာဘူး တဲအောက်က ကြက်ခြံကို ဖွင့်ပြီး ကြက်တစ်ကောင်ကို လွှတ်ပေးလိုက်တယ်။ ကြက်ကလဲ ယာထဲကို ထွက်ပြေးလိုက်တာ တန်းနေတာပဲ။

စိတ်ကတွေးမိတယ်။ ဘာလုပ်တာလဲပေါ့။ ကြက်ကို လွှတ်ပေးလိုက်တယ် ဆိုတော့။ ဘာဟုတ်မလဲ။ ကရင်လေးက လေးခွနဲ့ ကြက်ကို လှမ်းပစ်တာ ကြက်ခေါင်းကို သွားမှန်းပါလေရော။ ကျွန်တော်လဲ ခဏလောက် အံ့သြတဲ့စိတ်နဲ့ မှင်သက်နေမိတယ်။ ကြက်က ချက်ကောင်းကို မမှန်လို့လား မသိဘူး။ အော်မြည်းရင်း ပြေးတုန်းပဲ။ ဒီမှာ ဇာတ်လိုက်က ၀င်လာပြီ။ ကရင်လေး မွေးထားတဲ့ အမဲလိုက်ခွေးက သခင်ဘာလုပ်တယ် ဆိုတာကို အလိုက်သိစွာနဲ့ ကြက်နောက်ကို လိုက်ပါလေရော။ မိပါတယ်။ ခွေးပါးစပ်မှာ တန်းလှန်းကြီး ပါလာတယ်။

ကျွန်တော် ဘ၀မှာ ဒီလိုအဖြစ်အပျက်မျိုးကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် တွေ့ခဲ့ရတာပါ။ သြော်.... ကျွန်တော်တို့ လူမျိုးတွေ ပညာတတ်ဖို့ လိုအပ်လာပြီးလို့ တွေးမိခဲ့တယ်။ ပညာတတ်မှ ကောင်းမှုနဲ့ မကောင်းမှုကို ခွဲခြားပြီး အလုပ်တွေ လုပ်နိုင်မှာလေ...။ ထားပါ...။ သေသွားတဲ့ ကြက်နဲ့ ကရင်လေး ဘကြီး ထောင်ဖမ်းလာတဲ့ ငှက်ကို ရောချက်လိုက်တာ တအိုးကြီးပဲ ဆိုပါတော့ဗျာ။ ကုသိုလ်တွေ အကုသိုလ်တွေကို မတွေးတော့ပဲ ဆာလောင်နေတဲ့ ၀မ်းတထွာအတွက် အားရပါးရ စားသောက်ခဲ့ပါတယ်။

မောင်စေတနာ

http://www.softpedia.com/

ဆော့ဝဲလ်ပိုင်းကိုမှ စိတ်ဝင်စားတဲ့ ကိုကိုတွေ အတွက်ပါ။ ဆော့ဝဲလ်မျိုးစုံကို download လုပ်ယူနိုင်ပါတယ်။ အားလုံး အခမဲ့တွေပါ။ နောက်ဆုံးပေါ်တွေကို အမြဲတင်ပေးထားပါ။ ဆော့ဝဲလ်မျိုးစုံကြောင့် စိတ်ကျေနပ်မှုကို ရရှိမှာပါ။ ဒီဝက်ဆိုက်ကို click လုပ်ပြီး သွားနိုင်ပါတယ်။
မောင်စေတနာ

16.2.08

ကြက်ဥနဲ့ ဖြတ်ကျော်ရမည့် နေ့ရက်များ

ကျွန်တော့် မိဘတွေက ၀န်ထမ်းတွေဆိုတော့ အမြဲတမ်းပြောင်းရွှေ့တာဝန် ထမ်းဆောင်နေရတယ်။ ကျွန်တော် တောင် မြို့နယ်ပေါင်း(၆)မြို့နယ်ကျော် လောက်မှာ ကျောင်းမျိုးစုံကို တက်ခဲ့ပြီးပြီ။ တစ်မျိုးတော့ ကောင်းတယ်။ နယ်မြေမျိုးစုံရောက်ဖူးတဲ့ အတွေ့အကြုံတော့ရတယ်။ အခုလဲ လာပါပြီ။ အဖေက ရာထူးတိုးနဲ့ နယ်ပြောင်းသွား တယ်။ အမေကလဲ အဖေရှိတဲ့ မြို့ကို လိုက်ပြောင်းရမယ်။ ကဲ ကျွန်တော်တစ်ယောက်တည်း ကျန်တော့တယ်။ ဒါဆို ကျွန်တော်ကို ဘယ်သူချက်ကျွေးမှာလဲ။ ကျွန်တော်က ဟင်းဆိုဘာဟင်းမှ ချက်တက်တာမဟုတ်ဘူး။ ကြက်ဥကျော် က လွဲရင်ပေါ့။

အခုလဲ အဲဒီကြက်ဥအကြောင်းပဲ ပြောမလို့ပါ။ အမေကတော့ ပုဇွန်ခြောက်အစပ်ကြော် ကြော်ပြီးထားခဲ့မယ်။ ပုလင်းနှစ်ပုလင်းထဲ ထည့်ပြီးထားခဲ့မယ်လို့ ပြောတယ်။ ရှေ့ဆက် ကျွန်တော် ဘယ်လိုဟင်းတွေနဲ့ စားသောက်ရမယ်ဆိုတာ အခုထဲက ကျွန်တော်အတွေးထဲ ရောက်နေပြီ။ ရုံးနောက်ကျတဲ့ရက်တွေမှာ ညစာအဖြစ် အမေကြော်ပေးတဲ့ အစပ်ကြော်လေး စားပေါ့။

ဒါဆို ရုံးတက်တဲ့အခါ ကြက်သားလား။ ၀က်သားလား။ မဟုတ်ပါဘူး။ အလွယ်ကူဆုံးနဲ့ ကျွန်တော် အကျွမ်းကျင်ဆုံးဖြစ်တဲ့ ကြက်ဥကြော်ပေါ့။ ဒါဆို နောက်နေ့တွေကျ တော့ရော။ ကြက်ဥပြုတ်ပြီး သုတ်ပေါ့။ ဟ ဒါဆို နောက်တစ်ရက်အတွက်ရော။ ဒါလား...ကြက်ဥဟပ်ပွိုင်ကြော် ပေါ့။ နောက်တစ်ရက်...ဆေးဘဲဥ။ ဥ ပြောင်းလိုက်ပီနော်။ နောက်တစ်ရက်.....ကြက်ဥ ကြက်သွန်နဲ့ မွှေကြော်။ ဟီးဟီး....။ကြက်ဥ နှစ်လုံးမွှေကြော်။ ကြက်ဥ တစ်ခြမ်းပြုတ် တစ်ခြမ်းကြော်......။ ကြက်ဥ.....ကြက်ဥ... ...ကြက်ဥ...........။

မောင်စေတနာ

http://www.english4myanmar.com/

ကျွန်တော် အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး လေ့လာနေခဲ့တာ ကြာပါပြီ။ စာအုပ်ဆိုင်မျိုးစုံကိုလဲ ရောက်ပြီးပါပြီ။ စိတ်ကြိုက်စာအုပ်တွေလည်း ၀ယ်နေပါတယ်။ တဖက်ကလဲ 0nline ကနေ မှတ်သားစရာလေးများ၊ အသုံးဝင်စရာအင်္ဂလိပ်စာများကို ရှာဖွေခဲ့တာ လနဲ့ချီနေပါပြီ။ ရှာပေမယ့်လဲ မတွေ့ခဲ့ပါဘူး။ မနေ့ကမှ ကျွန်တော်ရဲ့မိတ်ဆွေ အစ်ကိုကြီးကိုရဲမြင့်ကို လှမ်းမေးလိုက်မိတယ်။ ကိုရဲမြင့်ရေ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ၀က်ဆိုက်လေးများ မရနိုင်ဘူးလားဗျာ။ ကိုရဲမြင့်က ပေးလိုက်ပါတယ်။ ဒီဝက်ဆိုက်ကို။ ကျွန်တော်တို့လို အင်္ဂလိပ်စာလေ့လာချင်တဲ့ လူငယ်၊ လူကြီးတွေအတွက် သိပ်အသုံးဝင်ပါတယ်။ အားလုံးကြိုက်ကြမှာပါ။ download လုပ်ချင်တဲ့ လူတွေအတွက်လဲ အဆင်ပြေမှာပါ။ သိပ်ကောင်းတဲ့ အင်္ဂလိပ်စာအုပ်တော်တော် များများကို စုဆောင်းထားပါတယ်။ ဒီဝက်ဆိုက်ကို ပြုလုပ်တည်ထောင်တဲ့ သူကို ကျေးဇူးတင်မိပါတယ်။ အားလုံးလဲ ဖွင့်ကြည့်မိရင် ကျွန်တော်ထက် ကျေးဇူးတင်ကြမှာပါ။ ဒီ ၀က်ဆိုက်ပိုင်ရှင်က user တွေအပေါ်မှာ တော်တော် စေတနာထားတာ သိရမှာပါ။ ကျွန်တော်ကတော့ ဒီဝက်ဆိုက်ကို ပြုလုပ်တဲ့ phil.sm.mdy@gmail.com ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ (ဒီဝက်ဆိုက်ကို ညွှန်ပြပေးတဲ့ ကျွန်တော်ရဲ့အစ်ကိုကြီး ကိုရဲမြင့်ကိုလဲ ရင်ထဲမှ လှိုင်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။) ကျွန်တော်ကလဲ ဒီဝက်ဆိုက် ထက်ပြီး ညွှန်လိုက်ပါတယ်။ ကြည့်ရှု့အားပေးရင် အသုံးဝင်နိုင်ကြပါစေ။ ဒီကနေ ၀က်ဆိုက်ကို သွားနိုင်ပါတယ်။
မောင်စေတနာ

11.2.08

ခန္တီစ (သည်းခံခြင်း)

သည်းခံခြင်းနဲ့ ပတ်သက်ပြီး ဖတ်ဖူးတာလေးပါ။ ရယ်စရာလဲကောင်းတယ်။ တစ်ခါက ဘုန်းကြီးတစ်ပါးဟာ သူ့ရွာမှာ တရားပွဲပြုလုပ်တယ်။ အဲဒီတရားပွဲမှာ ခန္တီစဆိုတဲ့ တရားကို ဟောကြားတယ်။ ဘုန်းကြီးက တရားဟောအရမ်း ကောင်းတော့ ရွာသားတွေမှာ ငြိမ်နေတာပဲဆိုပဲ။ တရားက အရှိန်တက်လေလေ တရားနာပရိတ်သတ်များရဲ့ အသံက ငြိမ်ကျသွားလေလေ ဖြစ်နေတယ်။ တရားလဲ ပြီးသွားရော တရားနာပရိတ်သတ်တွေက ဘုန်းဘုန်းဘုရားကို ကန်တော့လိုက်ကြတာ ဖင်ကိုထောင်နေတာဘဲ။ တရားဟော အရမ်းကောင်းတော့ အရမ်းကြည်ညိုပြီးလေ။ အဲဒီနေ့က ဘုန်းဘုန်းရဲ့ ခန္တီစတရားက ရွာထဲမှာ ပြန့်သွားတယ်။ ဘုန်းဘုန်းတရား ကောင်းတယ်၊ ကောင်းတယ်ပေါ့။ တရားမနာရတဲ့ လူတွေကလဲ နာချင်လာကြတယ်။

နောက်တစ်နေ့ရောက်တော့ ဆရာတော်ဘုရားက ဆွမ်းဘုန်းချိန်ရောက်လို့ ဆွမ်းဘုန်း နေတယ်။ အဲဒီမှာ တရားမနာလိုက်ရတဲ့ ဒါယကာ၊ ဒါယကာမတွေရောက်လာတယ်။ အရှင်ဘုရား တပည့်တော်တို့ ဆရာတော်ဘုရားရဲ့ ခန္တီစတရားကို မနားလိုက်ရလို့ ထပ်ဟောတော်မူပါလို့ လျှောက်တင်ကြတယ်။ ဆရာတော်ဘုရားကလဲ ဆွမ်းစားနေရင်း တန်းလန်းနဲ့ တရားဟောရရှာတယ်။ ဒါယကာ၊ ဒါယကာမတွေကလဲ အလိုက်မသိကြဘူး။ တရားနာချင်တဲ့ စိတ်နဲ့ ဘုန်းကြီးဆွမ်းစားနေမှန်းမသိကြတော့ဘူး။ ဆရာတော်ဘုရားကလဲ သည်းခံပြီး ဟောတောမူတယ်။ အဲဒါနဲ့ တရားလဲပြီးရော ဆရာတော်ဘုရားကို ကန်တော့ပြီး ပြန်သွားကြတယ်။

ဘုန်းကြီးလဲ နာရီကို မော့ကြည်လိုက်တော့ အချိန်က(၁၁း၃၀)ရှိနေပြီး။ ဒါနဲ့ စားလတ်စ ဆွမ်းကို ဆက်ဘုန်းတယ်။ နှစ်မိနစ်လောက်အကြာမှာ ဒါယကာတစ်ယောက် ထပ်ရောက် လာတယ်။ အထက်ကအတိုင်းဘဲ ခန္တီစတရားကို ဟောဖို့ လျှောက်ထားတယ်။ ဆရာတော် စားလတ်စ ဆွမ်းက ရပ်ပြီး ဟောတောမူတယ်။ ဒီလိုနဲ့ လာလိုက် ပြန်သွားလိုက်နဲ့ လေးအုပ်စုလောက်ဖြစ်သွားတယ်။ လေးခါလောက် တရားဟောလိုက်ရတယ်။ ဆွမ်းကလဲ ခြောက်ကပ်နေပြီ။ ဆွမ်းဟင်းတွေလဲ အေးကုန်ပြီပေါ့။ နာရီကြည့်လိုက်တော့ (၁၂)နာရီနဲ့ (၅၅)မိနစ်ဖြစ်နေပြီ။ ၁၂ နာရီကျော်ရင် ဆွမ်းငတ်ပြီလေ။ ဒေါသက ထွက်စပြုနေပြီ။

သိပ်မကြာဘူး ဒါယကာတစ်ယောက်တည်း ရောက်လာတယ်။ ဆရာတော်ဘုရား တပည့်တော်ကို သည်းခံခြင်း တရားလေး ဟောကြားတော်မူပါ။ အိမ်က မိန်းမက အမြဲပြဿနာရှာနေတော့ သိပ်သည်းခံချင်တဲ့ စိတ်မရှိတော့ဘူး ဖြစ်နေပါတယ်ဘုရား။ ဒါကြောင့် သည်းခံနိုင်အောင် တရားချီးမြှင့်တော်မူပါဘုရားလို့လဲ လျှောက်တင်ရော ဘုန်းကြီးရဲ့ ထွက်စပြုနေတဲ့ ဒေါသက အထွဋ်အထိပ်ကို ရောက်ရှိသွားတယ်။ တယ်...ဒီဒါယကာနှယ် သည်းခံခြင်းဆိုတဲ့ တရားကို ဒီလောက်တောင်မသိရဘူးလား ....ဆိုပြီး ဘေးမှာရှိတဲ့ လက်ဆေးခွက်နဲ့ ပစ်ပေါက်လိုက်တာ ဒါယကာလဲ ထိပ်ကွဲပြီ တချိုးတည်းလစ်ပြေးပါတော့တယ်။

ဒါပါဘဲ ဘုန်းကြီးတောင် ၄/၅ ခါလောက်ဘဲ သည်းခံနိုင်ရင် ကျွန်တော်တို့ ရိုးရိုးလူတွေက ဘယ်အတိုင်းအတာထိ သည်းခံနိုင်မှာလဲ။ ဒါပေမယ့် သည်းခံပေါ့ဗျာ.....။

မောင်စေတနာ

1.2.08

www.minwai85.blogspot.com/

ဒီဘလော့ဘ်လေးက ဘာသာရေးကို စိတ်ဝင်စားတဲ့ user တွေ အတွက်ပါ။ အပြည့်အစုံကြီးမဟုတ်တောင် ၀ိပသာနာနဲ့ ပတ်သက်ရင် ဆရာတော်ကြီးတွေရဲ့ တရားတော် VCD တွေကို ရနိုင်ပါတယ်။ download လုပ်ယူနိုင်ပါတယ်။ တရားခွေတော်တော် စုံစုံလင်လင်ရှိပါတယ်။ နိဗ္ဗာန်အတွက် ကျွန်တော်လည်း တစ်ဖက်တစ်လမ်းကနေ လမ်းကြောင်းခင်းပေးပါတယ်။ အားလုံး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

မောင်စေတနာ

30.1.08

www.googlepages.com/home

gmail ရှိတဲ့ သူတွေအတွက်ပါ။ Internet မှာ မိမိရဲ့ ကိုယ်ပိုင်စာမျက်နှာလေး ရှိချင်တဲ့ သူများအတွက် အသုံးဝင်မှာပါ။ အသုံးပြုရတာ ရိုးရှင်းလှပါတယ်။ အဆင့်(၁)အနေနဲ့ အထက်ပါဝက်ဆိုက်ကို ဖွင့်ပါ။ အဆင့်(၂) ကတော့ မိမိရဲ့ gmail user name နဲ့ password ကို ရိုက်ထည့်ပါ။ အဆင့်(၃)ကတော့ Welcome to Google Page Creator! ဆိုပြီး ပေါ်လာပါလိမ့်မည်....အောက်ဆုံးမှာ I have read and agree to these Terms and Conditions ဆိုတဲ့ စာသားလေးကို အမှန်ခြစ်ပေးလိုက်ပါ...ပြီးလျှင် I'm ready to create my pages battan ကို နှိပ်၍ ကိုယ်ပိုင်စာမျက်နှာလေးများကို ပိုင်ဆိုင်နိုင်ပါပြီ။ မိမိ၏ ကိုယ်ပိုင်စာမျက်နှာ များပေါ်တွင် အတွေးအမြင်ခံစားချက်လေးများကို ရေးသားဖော်ပြရင် ပျော်ရွှင်နိုင်ကြပါစေ။ ဒီကနေ ၀က်ဆိုက်ကို သွားနိုင်ပါတယ်။
မောင်စေတနာ

21.11.07

လေးနက်သော စကား

လူတွေက သူတို့ ဆိုလိုချင်တဲ့အရာနဲ့ သူတို့ စိတ်ကို တစ်ခြားသူတစ်ယောက် သိဖို့အတွက် စကားဆိုတာ ပေါ်လာတယ်လို့ ထင်ပါတယ်။ လက်ဟန် ခြေဟန်နဲ့ ပြောတဲ့ ကျောက်ခေတ်ကနေ ဘာသာစကားခေတ်ကို တစ်ဖြည်းဖြည်းရောက် လာတာကို ယဉ်ကျေးမှုထွန်းကားလာတယ်ဆိုပြီး ပြောကြပြန်တယ်။ လူမျိုးပေါင်းစုံရဲ့ ဘာသာစကားတွေ ပေါ်လာတယ်။ လူမျိုးအချင်းချင်း နားလည်အောင် ပြောရင်း ထိုစကားက သူတို့ လူမျိုးစကား ဖြစ်သွားရော။ ကိုယ်ပိုင် ဘာသာစကားများ ဖြစ်သွားကြပါသည်။ စကားဆိုတာ လူတွေကြားတဲ့မှာ ဆက်သွယ်ရလွယ်ကူအောင် ချိတ်ဆက်ပေးတဲ့ ပညတ်တစ်ခုပါ။ စကားကို နှစ်မျိုးခွဲကြပြန်သည်။ ကောင်းတဲ့ စကားနဲ့ မကောင်းတဲ့စကားဆိုပြီ။ ညစ်ငြမ်းစကားများ၊ ဂျစ်ကန်ကန်စကားများ၊ အထိန်းအကွတ်မရှိစကားများကို မကောင်းတဲ့ စကားဆိုပြီ သတ်မှတ်ကြပါသည်။ မင်္ဂလာရှိသည်ထင်သော စကားများ၊ ပြေပြစ်သောစကားများကို ကောင်းသောစကားများဟု သတ်မှတ် ကြပါသည်။

မိမိ ညက ဇာတ်ကားတစ်ကား ကြည့်ဖြစ်ပါသည်။ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါသည်။ ဇာတ်ကားနာမည်မှာ တိမ်ခိုးငယ်....ဝေ ဖြစ်ပါသည်။ ဇာတ်ကားတွင် မင်းသားမှာ လွင်မိုး၊ မင်းသမီးမှာ နန္ဒလှိုင်။ ဇာတ်ကားတစ်ကားလုံးတွင် လွင်မိုးသည် အမြဲတမ်းစကားကို ပျက်ချော်ချော် ပြောသည်။ တစ်ရွာလုံးကို စသည်၊ နောက်သည်။ ပြောင်သည်။ သူကြီးတောင် အလွတ်မပေး။ သူ့မွေးစားထားသော ဘကြီးက အစ။ သူ့အဖေနဲ့ အမေက ဓါးမြတွေ သတ်၍ သေခဲ့သည်။ သူ့မျက်စီရှေ့တွင် သတ်ခဲ့သည်ကို အမြဲတမ်းသတိရနေ တဲ့အတွက် ဘ၀ကို ပျော်ပျော်နှင့် ဖြတ်သန်းမည်ဆိုပြီ အမြဲတမ်းပျက်ချော်ချော်နေခြင်း ဖြစ်သည်။ သူ့စကားဆိုလျှင် တစ်ရွာလုံးက အယုံအကြည်မရှိ။ ဘာပြောပြော လေးနက်မှုမရှိသည့်အတွက် တစ်ရွာလုံးက သူ့စကားဆိုရင် မယုံကြည်ကြဘူး။ သူကလည်း ယုံကြည်အောင် မနေဘူး။ တစ်နေ့မှာ သူတို့ ရွာနီးစပ်မှာ ဓါးမြတွေသောင်းကျန်းနေတယ်ဆိုတာနဲ့ သူတို့ရွာက လူများတိုင်ပင်ပြီ ရွာကို ခြံစည်းခတ်၊ ကင်းမျှော်စင်များ ဆောက်ပြီ ရွာလုံခြုံရေးကို လုပ်ကြတော့တယ်။ ရွာက ယောင်္ကျားလေးတိုင် ကင်းစောင့်ရတယ်။ လွင်မိုးလဲ ကင်းစောင့်ရတယ်။ သူ ကင်းစောင့်ရတဲ့ညကျတော့ အိပ်ပျော်ရင်း အိပ်မက်ဆိုးမက်ပြီး ဓါးမြ၊ ဓါးမြ ဆိုပြီ ယောင်ပါလေရော။ သူနဲ့ တာဝန်ကျတဲ့ ကျော်ထူးကလဲ ဓါးမြဆိုတဲ့အသံလဲ ကြားရော သံချောင်းကို အဆက်မပြတ်ခေါက်ပါလေရော။ ရွာက လူတွေလဲ စုရုံးပြီးလိုက်လာတာပေါ့။ ဒါပေမယ့် လွင်မိုးက ကျွန်တော် အိပ်မက် မက်ပြီယောင်တာပါလဲ ဆိုရော သူကြီးကဒေါသထွက်ပြီ ထိတ်တုံးခတ် လိုက်တော့တယ်။ နောက်ထပ် လွင်မိုးကို ကင်းစောင့်တာဝန်ကို မပေးတော့ဘူး။

လွင်မိုးနဲ့ နန္ဒလှိုင်က ကြိုက်နေတယ်။ မိဘတွေက သဘောမတူဘူး။ သူကြီးသားနဲ့ ပေးစားမယ်လုပ်တော့ နန္ဒလှိုင်က လွင်မိုးကို လာခိုးဖို့ ပြောတယ်။ လွင်မိုးက ခိုးမယ်ဆိုပြီ ရွာပြင်က စေတီမှာ စောင့်ခိုင်းတယ်။ အဲဒီနေ့ညဘက်(၁၂း၀၀)မှာ လွင်မိုးက ရွာပြင်ကို ကင်းသမားတွေမသိအောင် ထွက်တယ်။ ရွာပြင်လဲ ရောက်ရော ဓါးပြတွေ ရွာကို လာနေတာ လွင်မိုးကတွေ့သွားတယ်။ အဲဒီမှာ လွင်မိုးက ရွာက ကင်းသမားတွေကို သွားပြောတယ်။ ဒါပေမယ့် အမြဲတမ်း ပျက်ချော်ချော်ပြောတတ်တဲ့ လွင်မိုးရဲ့ စကားကို အယုံအကြည်မရှိ ကြတဲ့အတွက် လွင်မိုးကို တာဝန်နှောင့်ယှက်မှုနဲ့ ဖမ်းမယ်လုပ်တော့ လွင်မိုးလဲ ရွာပြင်ကို ထွက်ပြေးခဲ့တယ်။ တစ်ခါတုန်းက ရွာပြင်မှာရှိတဲ့ ရေအိုင်မှာ ရခဲ့ပြီး သစ်ပင်တစ်ပင်မှာ ၀ှက်ခဲ့တဲ့ လေယာဉ်ပစ် အမြောက်ဆံကို သွားယူတယ်။ ပြီးတော့ အမြောက်ကို ကျောက်တုန်းနဲ့ ပစ်ခွဲပြီ ရွာအတွက် အသက်စွန့်သွားခဲ့တယ်။

မိမိပြောချင်တာက စကားဆိုတာ လေးလေးနက်နက်၊ တည်တည်တံ့တံ့ မပြောတဲ့ စကားဆိုရင် ကလေးရော၊ လူကြီးပါ ယုံကြည်မှုမရှိသလို အထင်ကြီးလေးစားမှုလည်း မရှိဘူးလို့ ပြောချင်တာပါ။ လွင်မိုးလဲ ဒီလိုပါဘဲ အထင်ကြီးမှု လေးစားမှု မပြောနဲ့ ယုံကြည်မှုတောင် မရတဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် သူရဲ့ အတည်အတံ့ပြောတဲ့ စကားကို ဘယ်သူမှ မယုံကြည်ကြလို့ သူ့အသက်ကို စွန့်သွားရတဲ့အထိဘဲ ဆိုပါတော့။ ဒါကြောင့် လေးနက်တဲ့ စကားကိုဘဲ ပြောဆိုရင်း . . .။

မောင်စေတနာ

8.11.07

သတိရမိသည် မိုးရာသီ

ကျွန်တော် အဖေက ၀န်ထမ်းဆိုတော့ အဖေတာဝန်ကျရာ မြို့တွေကို လိုက်ပြီး ကျောင်းတက်ရတယ်။ နယ်ကျောင်း လေးပေါ့ဗျာ။ ပုသိမ်မြို့နဲ့ နှစ်နာရီလောက် စက်လှေစီးရတဲ့ ငပုတောမြို့မှာပါ။ မိုးရာသီက မြို့တွေမှာဆို ထူးထူး ခြားခြားခံစားချက် မဖြစ်ပေါ်ကြပါဘူး။ အဲ... ကျေးလက်တောရွာတွေမှာတော့ မိုးရာသီက ကျေးလက်တောသားတွေ အတွက် ပျော်ရွှင်ဖွယ်ရာ ရာသီကြီးတစ်ခု ဖြစ်နေတယ်။ မိုးရာသီရောက်ရင် နံနက် နေရောင် မကျခင်းကတည်းက လယ်လုပ်သားဦးကြီးများက လယ်တွင်းဆင်းလက်နက် အပြည့်အစုံနဲ့ လယ်ထဲ ဆင်းကြတယ်။ ကျေးလက်မှာက မိုးရွာပြီးဆိုရင် လနဲ့ ချီပြီးရွာတာ။ မိုးနဲ့ အပြိုင် လယ်သမားကြီးများက ထွန်ရေးဝင်ကြတယ်။ နွားတွေနဲ့ လယ်ကွင်းတွေ တစ်ကွက်ပြီး တစ်ကွက် ထွန်ကြတယ်။
ကျွန်တော်တို့ လူငယ်တွေကတော့ မိုးရွာချိန် လယ်ကွင်းထဲဆင်းပြီး ပုဇွန်လုံးတွေ၊ ခရုတွေကို လိုက်ကောက်ကြ တယ်။ သတိရမိတယ်။ ပုဇွန်လုံးတွင်းနဲ့ မြွေတွင်းမှားနိုက်မိမှာ ဆိုတာနဲ့ စမုတ်တံကို တုတ်မှာ ကောက်ပြီး တွင်းတွေကို နိုက်ကြတာတွေ။ ရလာတဲ့ ပုဇွန်လုံးတွေ၊ ခရုတွေကို လယ်စောင့်တဲထဲဝင်ပြီး ရေနဲ့ ပြုတ်ပြီး ချမ်းချမ်းနဲ့ စားကြတယ်။ အလုအယက် စားကြရတယ်။ လူများလို့။ စားပြီးတာနဲ့ အိပ်ကြတယ်။
ကျွန်တော် တစ်သက်တွင် အပျော်ဆုံးအချိန်များတွင် ထိုမိုးရွာသီအချိန်လေးများ ပါဝင်ပါတယ်။ ကျေးလက်တော ရွာရဲ့ နွေးထွေးမှု၊ အေးချမ်းမှုများကို ကိုယ်တိုင်ကြုံခဲ့ရသမျှ။

မောင်စေတနာ

25.10.07

ကျေးဇူးကန်းခြင်း

ကျေးဇူးကန်းခြင်းဆိုသော စကားကို လူတိုင်း၏ ပါးစပ်ဖျားတွင် တွင်တွင်အသုံးပြုနေကြသည်။ ကျေးဇူးကန်း ခြင်းဆိုသောစကားကို ကျွန်တော်နားလည်သလောက် ပြောချင်ပါတယ်။ သူတောင်းစားတစ်ယောက်ကို ပိုက်ဆံလှူခြင်းသည် သူတောင်းစားဆီမှ ဘာပြန်ရစရာရှိ၍ လှူဒါန်းခြင်းလဲဟု မေးခွန်းထုတ်ချင်ပါတယ်။ လူတိုင်းပြောမှာပဲ သူတောင်းစားဆီက ဘာပြန်ရရမှာလဲ သူတောင်မရှိလို့ တောင်းစားနေရတာ၊ ကိုယ်က ပြန်ရစရာ လားလို့ ပြောလိမ့်မယ်။ သူက ပြန်မပေးနိုင်တာကို ကျေးဇူးကန်းတယ်လို့ မပြောကြဘူး။ မိတ်ဆွေ နှစ်ဦးရှိတယ် ဆိုပါတော့ဗျာ။ ဦးဘနဲ့ ဦးမြဆိုပါတော့ဗျာ။ ဦးဘက မိတ်ဆွေအချင်းချင်း တစ်ချိန်က ကူညီခဲ့ တယ်။ ကူညီတုန်းကတော့ ဦးမြက ပြောတယ်။ ငါအဆင်ပြေရင် မင်းရဲ့ကျေးဇူးတွေကို ပြန်ဆပ်ပါမယ့်ပေါ့။ ဒါကို ဦးဘက ပြောတယ် မလိုပါဘူး သူငယ်ချင်းရယ် မင်းကိုကူညီတာ မင်းဆီက ဘာအကျိုးမှ မျှော်ကိုးပြီး ကူညီတာမဟုတ်ပါဘူးလို့ ပြောတယ်။ အဲဒီစကားတွေက အခုလူတိုင်းပြောနေတဲ့ စကားတွေနော်။
နောင်တစ်ချိန် ဦးဘဒုက္ခရောက်တဲ့အခါကြတော့ ဦးမြက မသိချင်ယောင်ဆောင်ပြီး မကူညီဘူးဆိုပါတော့။ ပြောပါလေရော။ ဒီကောင်ကွာ ကျေးဇူးကန်းတဲ့နေရာမှာ နှစ်ယောက်မရှိဘူး။ ငါတစ်ချိန်က သူကို မြေတောင် မြှောက်ပေးခဲ့တာ၊ အခုငါအတွက် ဘာမှအကျိုးမရှိတဲ့ကောင် ဆိုပြီး ပြောပါလေရော။
ဒါဆိုရှင်းပါတယ်နော်။ ငါတစ်ချိန်က မင်းကို အကျိုးပြုခဲ့တယ်၊ အခုမင်းကောင်းစားနေတယ်။ ငါကို ပြန်အကျိုး ပြုလို့ ပြောတဲ့အဓိပ္ပါယ်ပါပဲ။ ပထမတုန်းကတော့ မင်းကိုကူညီတာ ဘာအကျိုးမှ မျှော်ကိုးပြီး ကူညီတာမဟုတ် ပါဘူးလို့ ပြောတယ်။ ဒါပေမယ့် အခုဒုက္ခရောက်တော့ ဦးမြဆီက အကူအညီလိုချင်တယ်။ အဓိကပြောချင်တာက လူတွေဟာ မိမိလုပ်လိုက်တဲ့အပေါ် အကျိုးမျှော်ကိုးတယ်ဆိုတာ ရှင်းပါတယ်။ အဲဒီအကျိုးမျှော်ကိုးလို့လဲ ကျေးဇူးကန်းတယ်တို့ ကျေးဇူးဆပ်ခြင်းတို့ ဆိုတာ ပေါ်လာတယ်လို့ ထင်ပါတယ်။ ပြုလိုက်တဲ့ အရာကို ကုသိုလ်ကောင်းမှုလို့ မြင်ရင်၊ ဒီကုသိုလ်ပေါ် အကျိုးမမျှော်ကိုးရင် ကျေးဇူးကန်းခြင်း ဆိုတဲ့ စကားကို ပြောမှာ မဟုတ်တော့ဘူးလို့ ထင်ပါတယ်။ ကျွန်တော် အဲဒီအတွေးအခေါ်ရတဲ့ နေ့ကစပြီး သူတပါးအပေါ် ဘာပဲလုပ်ပေးလုပ်ပေး သူဆီက အကျိုးဆိုတဲ့ အရာကို မမျှော်ကိုးတော့ဘူး။ မျှော်ကိုးတဲ့ စိတ်လည်း မရှိတော့ပါဘူး။ လူတိုင်းလဲ အဲဒီလို ဖြစ်စေချင်ပါတယ်။ အဲဒါကျွန်တော့်ဆန္ဒပါ။

23.10.07

အစ

ဘလော့တစ်ခုစတင်လိုက်ပါတယ် ၊ လာရောက်လည်ပတ်သူအာလုံး
ကျေးဇူးတင်ပါတယ်ဆိုတဲ့ အကြောင်း