8.11.07

သတိရမိသည် မိုးရာသီ

ကျွန်တော် အဖေက ၀န်ထမ်းဆိုတော့ အဖေတာဝန်ကျရာ မြို့တွေကို လိုက်ပြီး ကျောင်းတက်ရတယ်။ နယ်ကျောင်း လေးပေါ့ဗျာ။ ပုသိမ်မြို့နဲ့ နှစ်နာရီလောက် စက်လှေစီးရတဲ့ ငပုတောမြို့မှာပါ။ မိုးရာသီက မြို့တွေမှာဆို ထူးထူး ခြားခြားခံစားချက် မဖြစ်ပေါ်ကြပါဘူး။ အဲ... ကျေးလက်တောရွာတွေမှာတော့ မိုးရာသီက ကျေးလက်တောသားတွေ အတွက် ပျော်ရွှင်ဖွယ်ရာ ရာသီကြီးတစ်ခု ဖြစ်နေတယ်။ မိုးရာသီရောက်ရင် နံနက် နေရောင် မကျခင်းကတည်းက လယ်လုပ်သားဦးကြီးများက လယ်တွင်းဆင်းလက်နက် အပြည့်အစုံနဲ့ လယ်ထဲ ဆင်းကြတယ်။ ကျေးလက်မှာက မိုးရွာပြီးဆိုရင် လနဲ့ ချီပြီးရွာတာ။ မိုးနဲ့ အပြိုင် လယ်သမားကြီးများက ထွန်ရေးဝင်ကြတယ်။ နွားတွေနဲ့ လယ်ကွင်းတွေ တစ်ကွက်ပြီး တစ်ကွက် ထွန်ကြတယ်။
ကျွန်တော်တို့ လူငယ်တွေကတော့ မိုးရွာချိန် လယ်ကွင်းထဲဆင်းပြီး ပုဇွန်လုံးတွေ၊ ခရုတွေကို လိုက်ကောက်ကြ တယ်။ သတိရမိတယ်။ ပုဇွန်လုံးတွင်းနဲ့ မြွေတွင်းမှားနိုက်မိမှာ ဆိုတာနဲ့ စမုတ်တံကို တုတ်မှာ ကောက်ပြီး တွင်းတွေကို နိုက်ကြတာတွေ။ ရလာတဲ့ ပုဇွန်လုံးတွေ၊ ခရုတွေကို လယ်စောင့်တဲထဲဝင်ပြီး ရေနဲ့ ပြုတ်ပြီး ချမ်းချမ်းနဲ့ စားကြတယ်။ အလုအယက် စားကြရတယ်။ လူများလို့။ စားပြီးတာနဲ့ အိပ်ကြတယ်။
ကျွန်တော် တစ်သက်တွင် အပျော်ဆုံးအချိန်များတွင် ထိုမိုးရွာသီအချိန်လေးများ ပါဝင်ပါတယ်။ ကျေးလက်တော ရွာရဲ့ နွေးထွေးမှု၊ အေးချမ်းမှုများကို ကိုယ်တိုင်ကြုံခဲ့ရသမျှ။

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: