18.2.08

တချိန်တုန်းက ရခိုင်ရိုးမဆီ အပိုင်း(၂)

စားသောက်ပြီးလို့ တစ်ရေးအိပ်မယ် ကြံကာရှိသေးတယ်။ မအိပ်နဲ့ တောင်ပေါ် တက်မယ်လို့ ကရင်လေး ဘကြီးက ပြောတယ်။ တက်ပေါ့။ ရောက်မှတော့ မထူးပါဘူးဆိုပြီး လိုက်ခဲ့တယ်။ လျှောက်လိုက်ရတဲ့ လမ်းတွေ။ နွေရာသီ ဆိုတော့ ရာသီဥတုက ပူတယ်။ မြေကြီးတွေကလဲ နင်းလို့မရအောင် ပူတယ်။ တောင်ပေါ် ရောက်လေလေ ပူလေလေ။ ဖြစ်ချင်တော့ ဖိနပ်မပါဘူး။ ကရင်လေး အိမ်ကထွက်တုန်းက ဘွတ်ဖိနပ်စီးနေ တာကို သတိရမိတယ်။ ရွာခံဖြစ်ပြီး ဘယ်သွားရင် ဘာလုပ်ရမယ် ဆိုတာ မပြောတော့ ကျွန်တော်တို့ ဒုက္ခရောက် ရတာပေါ့။ ဒေါသလဲ ထွက်မိတယ်။

တောင်ထိပ်ကို ရောက်ဖို့ ကရင်လေး ဘကြီးဦးဆောင်မှု နဲ့ ဖြေးဖြေးချင်း တက်လာ ခဲ့တယ်။ တောင်လဲ တက်ရင် ကရင်လေး ဘကြီးကို ဗဟုသုတ ရစရာတွေကို မေးမိတယ်။ ဗမာတွေ နဲ့ စကားပြောဖို့ စိတ်မပါတဲ့ ကရင်လေး ဘကြီးက မေးသမျှ ပြောပြလို့ တော်သေးတယ်။ တောထဲတွင် ဆင်ရိုင်းတွေ ရှိကြောင်း၊ မိုးတွင်းဆိုရင် တောင်ထိပ်ကို တက်လို့မရကြောင်း၊ အခု ကျွန်တော်တို့ လျှောက်လာသော လမ်းများသည် ချောင်းကျရေအဖြစ် စီးဆင်းသည့် အတွက် ရေနှင့် အတူ မျှောပါလာသော သစ်တုံး သစ်ချောင်းများသည် အန္တရာယ် များကြောင်း၊ ထို့ကြောင့် မိုးတွင်းတွင် တောင်ပေါ် တက်ရန် မပြောနှင့် တောင်ခြေ တွင်ပင် မရပ်ရဲကြကြောင်း ပြောပြ၍ သိခဲ့ရပါတယ်။ နောက်ဆုံးတော့ တောင်ထိပ်ပေါ် ရောက်လာတယ်။ မြန်မာနိုင်ငံရဲ့ ထင်ရှား ကျော်ကြားတဲ့ နာမည်ကြီးတဲ့ ရခိုင်ရိုးမကို ရောက်ခဲ့တယ်။

အဝေးက လှမ်းကြည့်ရင် ရှုခင်းရှုကွက်တွေနဲ့ လှပနေပေမယ့် ကိုယ်တကယ် တောင်ပေါ် ရောက်တော့ ဘာမှ မခံစားနိုင်တဲ့ အပြင် နေပူတာ၊ မြေပူတာ တွေကို ခံစားနေရလို့ စိတ်ညစ် ခဲ့ရတယ်။ မြေပူတွေကို မနင်းနိုင်လို့ ပြေးလိုက် နားလိုက်နဲ့ ။ တောင်ထိပ်ပေါ်မှာက အရိပ်ရတဲ့ သစ်ပင် တော်တော်ရှားတာ အဲဒီကျမှ သိခဲ့ရတယ်။ လမ်းတစ်လျှောက် ပူလွန်းသည့် အတွက် ရေမလောက်သည့် ပြဿနာပါ ဖြစ်လာတော့တယ်။ ကျွန်တော်တို့ အတွက် သောက်ရေသန့်သည် အရေးကြီးသည်။ ရေကုန်သွားခဲ့ပါတယ်။ ကရင်လေး ဘကြီးက တောင်ထိပ်မှ ချောက်တစ်ခု အတွင်းသို့ ဆင်းခဲ့တယ်။ ဟိုရောက်တော့ စမ်းရေတွေ စိမ့်ထွက်နေတဲ့ စမ်းရေအိုင် လေးကို တွေ့ရတယ်။

ကရင်လေးနဲ့ ဘကြီးကတော့ ရေဗူးတွေထဲကို စမ်းရေတွေ ဖြည့်ပြီး သောက်ကြတယ်။ ကျွန်တော် ကတော့ စိတ်သိပ်မသန့်ဘူးပေါ့။ ကြားဖူးတာက စမ်းရေ သောက်ရင် ငှက်ဖျားဖြစ်တယ်လေ။ သို့ပေမယ့် တကယ်တန်း ငတ်လာရင် သောက်ရတော့ တာပါပဲ။ ကြားဖူးတယ် မဟုတ်လား။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်....ဆိုတာလေ။

အဲဒီ စမ်းရေတွင်းမှာပဲ ထုတ်ထည့်လာတဲ့ ထမင်းကို စားကြတယ်။ စားသောက်ပြီး ပင်ပန်းစွာနဲ့ လှဲကြ၊ အိပ်ကြပေါ့။ နာရီအနည်းငယ် ကြာတော့ ကရင်လေး ဘကြီးက ကဲ ဆက်သွားစို့...ဆိုပြီး ဆက်လျှောက်ရ ပြန်ရော။ ကျွန်တော် ဒီခရီးစဉ်တစ်လျှောက်လုံး တွေးလာတာက ဒီတောင်ပေါ်ကို ဘာရည်ရွယ်ချက် နဲ့လာတာလဲ။ ဘာအကြောင်းလဲ။ ကျွန်တော်ကို လိုက်ပြ ချင်တာ ဘာတွေလဲ...ဆိုတဲ့ အတွေးတွေ ၀င်လာတယ်။

ကျွန်တော် အရမ်းပင်ပန်းနေတယ်။ ဘယ်လိုမှ ဟန်မဆောင်နိုင်အောင်ပဲ။ ကရင်လေးနဲ့ ဘကြီးကတော့ ပုံစံမပျက်ပဲ။ သူတို့ ခြေသလုံးတွေကလဲ ကြီးလိုက်တာ လွန်းရော။ ဒီလောက် လျှောက်နေမှတော့ ကြီးပြီးပေါ့ဟု တွေးမိတယ်။ စမ်းရေတွင်း ကနေ တော်တော် ကြာကြာ လျှောက်လာ တဲ့အခါမှာ ကရင်လေး ဘကြီး ရည်ရွယ်တဲ့ နေရာကို ရောက်ပါလေရော။ ဒီတော့မှ သူ ဘယ်ကိုလာတာလဲ ဆိုတာ သိတော့တယ်။

နွေရာသီဆိုတော တောင်တွေက ကတုံးတွေ ဖြစ်နေတယ်။ အဝေးက ကိုကိုတို့ မမတို့ ကြည့်နေတဲ့ ရခိုင်ရိုးမက တောင်ကတုံး တွေပါဆို ယုံမှာလား။ မယုံလဲ နေပေါ့။ ဒီမှာတော့ ပင်ပန်း ကြီးစွာနဲ့ ရောက်ခဲ့ ပြီးပြီ။ ကဲ ဆက်အုံးမယ်နော်။ တောင်ကတုံး တစ်ခုကို ရောက်သွားတော့ အဲဒီ တောင်ကတုံးမှာ ပဒတ်ဆာတွေ ဖွေးနေတာပဲ။ ပဒတ်ဆာကို သိတယ် မဟုတ်လား။ ဟင်းရည် ခတ်သောက်၊ ပြုတ်သုတ်၊ လုပ်စားလို့ ရတယ်လေ။ ပဒတ်ဆာ မှန်း ပထမတော့ မသိဘူး။

ဘကြီးက အနီးအနားမှာ ရှိတဲ့ ၀ါးပင်သေးလေး တွေကို ခုတ်ပြီး ပေးတယ်။ ၀ါးချောင်း လေးတွေ ထိပ်မှာ ချွန်ထားတယ်။ ပြီးတော့ ကဲ တူးကြတော့ .....အဲဒီ ၀ါးချွန်နဲ့ ပဒတ်ဆာ တွေကို တူးယူကြ။ ဘုမသိ ဘမသိနဲ့ တူးရတယ်။ ဒီခရီးက ခြေတင်မဟုတ်ဘူး။ လက်ပါ နာလာတယ်။ ကျွပ်ကျွပ်အိတ်နဲ့ သုံးအိတ် လောက်ရတယ်။ ပြီးတော့ ပြန်ခဲ့ကြတယ်။ အပြန်လမ်းမှာ ခြေတောက်တွေကို မသယ်ချင်တော့ဘူး။ မပြန်ရင်လဲ တောထဲ တောင်ထဲမှာ အိပ်ရမှာ ဆိုတော့ အားတင်းပြီး ပြန်ခဲ့တယ်။

စမ်းရေသောက်ရ၊ ခြေထောက် အရေကြည် ပေါက်ရ၊ လက်အရည်ကြည် ဖြစ်ရနဲ့။ ကံမကောင်းတဲ့ ခရီးစဉ်အဖြစ် ကျွန်တော် စိတ်ထဲမှာတော့ သတ်မှတ်ခဲ့တယ်။ ယာထဲကို ရောက်တော့ ညနေ ၄ နာရီထိုးနေပြီ။ အိမ်ပြန် ရောက်တော့ မိုးမှောင်နေပြီ။ ရေချိုး ထမင်း စားပြီး ရွာထဲလဲ လျှောက်မလည်တော့ဘဲ ပါတာစီတမော့ သောက်ပြီး အိပ်လိုက် တော့တယ်။ နောက်တစ်နေ့ ရောက်တော့ ကိုယ်တွေ လက်တွေ ကိုက်တော့တာပဲ။ ညရောက်တော့ ကရင်လေးက နောက်တစ်မျိုး ဒုက္ခပေးပြန်တယ်။ မှောင်ကြီး မဲကြီးထဲမှာ ချောင်းရိုးအတိုင်း လှေနဲ့ တစ်ခြားရွာကို သူ့အပေါင်းအသင်းတွေနဲ့ ခေါ်သွားတယ်။

ဟိုရောက်တော့ ရွာကမ်းထိပ်မှာ မှောင်မဲနေတယ်။ ကျွန်တော်ရဲ့ ကြောက်တဲ့စိတ်ကို မျိုသိမ့်ရင်း သူတို့အဖွဲ့နဲ့ လိုက်ခဲ့တယ်။ သူတို့ သွားတဲ့ လမ်းကလဲ တောလမ်း။ မြွေပါး ကင်းပါး အန္တရာယ်ကို မကြောက်မလန့် သွားကြတယ်။ ရွာလည်လဲ ရောက်ရော မီးစက်မီးတွေနဲ့ ပျော်ပါးနေကြတာကို တွေ့ရတယ်။

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: