18.2.08

တချိန်တုန်းက ရခိုင်ရိုးမဆီ အပိုင်း(၁)

ရခိုင်ရိုးမကို ရောက်ဖူးတယ်ဆိုရင် ဘယ်သူယုံမှာလဲ။ ရောက်ခဲ့ဖူးပါတယ်။ လွန်ခဲ့သော (၅)နှစ်လောက်ကပါ။ ကျွန်တော်အဖေ တာဝန်ကျတဲ့ မြို့မှာ ကျောင်းနေချိန်ကပေါ့။ အဲဒီမြို့လေးက ရုံးစိုက်မြို့လေဗျ။ မြို့လယ်ခေါင် ဆိုတာ ခြေလှမ်းဆယ်လှမ်းလောက် လျှောက်ရင်ရတယ်။ သိပ်အဝေးကြီး သွားစရာမလိုဘူး။ အထက်တန်းကျောင်း တစ်ကျောင်းထဲ ရှိတယ်။ မြို့နယ်လက်အောက်ရဲ့ ကရင်ရွာတွေကနေ ကရင်မလေးတွေ လာရောက်ကျောင်း တက်ကြတယ်။ ကျောင်းဖွင့်ချိန် တစ်ချိန်ပဲ အဲဒီမြို့လေးက စည်ကားတယ်။ အဲဒီမြို့မှာ ကျွန်တော် နှစ်နှစ်လောက် နေခဲ့ရတယ်။ ကိုးတန်း/ဆယ်တန်း တက်ခဲ့ရတယ်။ ကြေငြာဝင်ရအုံးမယ်။

ကရင်မလေးတွေက ချောတယ်ဗျ။ ကရင်မလေးတွေနဲ့ ချစ်သူဖြစ်ရင် မပြတ်စေနဲ့။ ဟီး ...ဟီး။ စကားကို ဆက်မယ်နော်။ ကျောင်းကတော့ ကောင်းပါတယ်။ သူ့ရပ်သူဇာတ်နဲ့ပေါ့။ ကျောင်းပိတ်ရင်တော့ မြို့က ခြောက်ကပ်နေတော့တာပါပဲ။ ရုံးဝန်ထမ်းတွေပဲ မြို့မှာရှိတယ်။ ဒီလိုနဲ့ ကျွန်တော်လဲ ၉ တန်းပြီးလို့ ၁၀ တန်းရောက်ခဲ့တာ ပေါ့ဗျာ။ ဆယ်တန်းစာမေးပွဲ ပြီးလို့ ကျတော့ ကျွန်တော်ရဲ့ သူငယ်ချင်း ကရင်လေးက သူ့ရွာကို လိုက်လည်ဖို့ ခေါ်တယ်။ ကျွန်တော်လဲ မော်တင်စွန်းကို မရောက်မယ့်အတူတူ ကရင်ရွာပဲ လိုက်သွားတာ ကောင်းတယ်ဆိုပြီး လိုက်သွားခဲ့တယ်။

ဆယ်တန်းစာမေးပွဲ ဖြေတဲ့အချိန်က မော်တင်စွန်းဘုရားပွဲတော် အချိန်လေ။ ကရင်ရွာကို ရောက်ဖို့ စက်လှေ ၄ နာရီလောက် စီးရတယ်။ ကျွန်တော်တို့လို မြို့သားအတွက်တော့ ရွာက ထူးဆန်းသလို။ ရွာသားတွေ အတွက်တော့ မြို့က ထူးဆန်းတယ်။ ရွာကို သွားရာ ရေလမ်းတစ်လျှောက် ဟိုငေး ဒီငေးပေါ့။ ရွာရောက်တော့လဲ ရွာစဉ်တစ်လျှောက် ရွာသားတွေရဲ့ ဘ၀ကို လေ့လာရင် လိုက်လာခဲ့တယ်။

ရောက်ပါပြီ။ ပျဉ်းတောင်အိမ် ကောင်းကောင်း။ ဘေးညာ အကာကင်းမဲ့တဲ့ ပျဉ်းတောင်အိမ်ကြီး။ သစ်လုံးကြီးတွေ ကို တိုင်ထူထားတယ်။ တောရုံတန်ရုံကားတွေ ၀င်တိုက်ရင်တောင် ပြိုမယ့်အိမ် မဟုတ်ဘူး။ အိမ်ရောက်တော့ သူ့မိသားစုနဲ့ မိတ်ဆက်ပေးတယ်။ သူ့မိသားစုကလဲ အေးအေးဆေးဆေး နေပါဆိုတဲ့ စကားကလွှဲရင် တစ်ခြား ဘာစကားမှ မပြောတော့ဘူး။ ဖော်ရွေးတာလေ.....။ သူ့သားနဲ့ပဲ ကရင်စကားတွေ ပြောနေတယ်။ ည(၆း၀၀) နာရီမှာ ထမင်းစားမယ်ဆိုပြီး ခေါ်တယ်။ ဟင်းက မှတ်မှတ်ရရပဲ....။ ဗမာကြက်သားဟင်း။ ဗမာကြက်ဆိုတော့ အရိုးက များနေတယ်။ စားပြီး ကရင်လေးက ရွာထဲလျှောက်လည်ဖို့ ခေါ်တယ်။ သူ့မိသားစုကလဲ ကျွန်တော်ကို စကား မပြောတော့ သူ့နဲ့ပဲ လိုက်ရတော့တာပေါ့။

ရွာထဲရောက်တော့လဲ ကျွန်တော်ရဲ့ သူငယ်ချင်း ကရင်လေးက သူ့ရပ်သူ့ရွာက အပေါင်းအသင်းတွေနဲ့ပဲ စကားပြောနေတယ်။ ကျွန်တော်ကိုလဲ မိတ်ဆက်မပေးဘူး။ ကျောင်းမှာ တုန်းက ဗမာတွေနဲ့ စကားပြော သလောက် သူ့ရွာရောက်တော့ ကျွန်တော်ကို အဖက်တောင် မလုပ်ပါလားဟု ထင်မိသည်။

ကျွန်တော်ကို ဗီဒီယိုရုံများကို ခေါ်သွားတယ်။ ဗီဒီယိုရုံဆိုတာကလဲ အိမ်ပေါ်မှာ အပေါ်စက် အောက်စက်နဲ့ ပြကြတာပါ။ သီးခြားရုံ ဆောက်ပြီး ဖွင့်တာမဟုတ်ပါဘူး။ ရွာက တော်တော် နိမ့်ကျတယ်။ ရွာသားတွေကို လေ့လာမိ သလောက် တစ်နေကုန် ငါးဖမ်းပြီး ညရောက်ရင် ရလာတဲ့ ပိုက်ဆံကို ဗီဒီယိုကြည့်၊ ကွမ်းစား၊ ရွာမှာရှိတဲ့ မိန်းကလေးတွေ အိမ်ကို မုန့်တွေ ၀ယ်ပြီး လူပျိုလှည့်ကြတာ ကို တွေ့ရပါတယ်။ သူတို့ လူပျိုလှည့်တာက ကရင်မလေးတွေ အိမ်ကို သွားပြီး လူပျိုလှည့်တာပါ။ ကရင်မလေးတွေ မိဘတွေကလဲ ကြည်ဖြူကြတယ်။

ပထမရက်ရဲ့ ညမှာတော့ ဗီဒီယိုရုံ၊ ကရင်မလေးတွေအိမ်နဲ့ အချိန်ကုန်ခဲ့ပါတယ်။ စိတ်ကတော့ သိပ်မပျော်ပါဘူး။ စိတ်ထဲမှာလဲ ထင်မိတယ်။ သူ့တို့က သူတို့လူမျိုးကလွှဲရင် အဖက်မလုပ်တတ် ပါလားလို့။ ဟုတ်တယ်လေ.....။ သူတို့ ဘာသာ သူတို့ စကားတွေပဲ ပြောပြီး ကျွန်တော်ကို ရှိတယ်လို့တောင် မထင်ကြဘူး။ ဒီလိုနဲ့ တစ်ညအိပ်ခဲ့တယ်။ နောက်တစ်နေ့ရောက်တော့လဲ ကရင်လေးအပါအ၀င် သူ့မိသားစုက ကျွန်တော်ကို စားဖို့ ခေါ်တာကလွှဲရင် ဘာတစ်လုံးမှ စကားမပြောဘူး။ မနက် ၇ နာရီလောက်ကျတော့ ကရင်လေးက ယာထဲသွား မယ် လိုက်ခဲ့လို့ခေါ်တယ်။ သူ့ကတော့ ဘွတ်ဖိနပ်တွေ၊ ဂျင်းဘောင်းဘီတွေ ၀တ်လို့။ ကျွန်တော်က ဘာမှန်းညာမှန်းမသိတော့ ပုဆိုးနဲ့ပဲ လိုက်ခဲ့တယ်။ ရွာကနေ ယာထဲကို တော်တော်ကြာတဲ့အထိ သွားရတယ်။

မြို့သားတွေ တောရောက်ရင် ဒုက္ခရောက်တယ်ဆိုတာ ဒါကိုပြောတာနေမှာ။ ယာထဲရောက်တော့ တောင်ကမု ကလေးမှာ တဲထိုးထားတယ်။ တဲက ခြေတန်းရှည်တဲကို ဆောက်ထားတယ်။ တဲရဲ့ အောက်မှာ ကြက်တွေ မွေးထားတယ်။ ပင်ပန်းလွန်းလို့ ရောက်ရောက်ချင်း တဲပေါ်မှာ မှောက်အိပ်လိုက်ရတယ်။ အချိန်ကို ကြည့်လိုက်တော့ နေ့လည် ထမင်းစားချိန်ရောက်နေပြီ။ ကျွန်တော်ကို ကြက်သားစားမလားလို့ လာမေးတယ်။ ရပါတယ်။ အဆင်ပြောသလိုလုပ်ပါလို့ ပြန်ပြောလိုက်တယ်။ သိပ်မကြာဘူး တဲအောက်က ကြက်ခြံကို ဖွင့်ပြီး ကြက်တစ်ကောင်ကို လွှတ်ပေးလိုက်တယ်။ ကြက်ကလဲ ယာထဲကို ထွက်ပြေးလိုက်တာ တန်းနေတာပဲ။

စိတ်ကတွေးမိတယ်။ ဘာလုပ်တာလဲပေါ့။ ကြက်ကို လွှတ်ပေးလိုက်တယ် ဆိုတော့။ ဘာဟုတ်မလဲ။ ကရင်လေးက လေးခွနဲ့ ကြက်ကို လှမ်းပစ်တာ ကြက်ခေါင်းကို သွားမှန်းပါလေရော။ ကျွန်တော်လဲ ခဏလောက် အံ့သြတဲ့စိတ်နဲ့ မှင်သက်နေမိတယ်။ ကြက်က ချက်ကောင်းကို မမှန်လို့လား မသိဘူး။ အော်မြည်းရင်း ပြေးတုန်းပဲ။ ဒီမှာ ဇာတ်လိုက်က ၀င်လာပြီ။ ကရင်လေး မွေးထားတဲ့ အမဲလိုက်ခွေးက သခင်ဘာလုပ်တယ် ဆိုတာကို အလိုက်သိစွာနဲ့ ကြက်နောက်ကို လိုက်ပါလေရော။ မိပါတယ်။ ခွေးပါးစပ်မှာ တန်းလှန်းကြီး ပါလာတယ်။

ကျွန်တော် ဘ၀မှာ ဒီလိုအဖြစ်အပျက်မျိုးကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် တွေ့ခဲ့ရတာပါ။ သြော်.... ကျွန်တော်တို့ လူမျိုးတွေ ပညာတတ်ဖို့ လိုအပ်လာပြီးလို့ တွေးမိခဲ့တယ်။ ပညာတတ်မှ ကောင်းမှုနဲ့ မကောင်းမှုကို ခွဲခြားပြီး အလုပ်တွေ လုပ်နိုင်မှာလေ...။ ထားပါ...။ သေသွားတဲ့ ကြက်နဲ့ ကရင်လေး ဘကြီး ထောင်ဖမ်းလာတဲ့ ငှက်ကို ရောချက်လိုက်တာ တအိုးကြီးပဲ ဆိုပါတော့ဗျာ။ ကုသိုလ်တွေ အကုသိုလ်တွေကို မတွေးတော့ပဲ ဆာလောင်နေတဲ့ ၀မ်းတထွာအတွက် အားရပါးရ စားသောက်ခဲ့ပါတယ်။

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: