10.3.08

အချိန်မီ

``အောင်မယ်လေး ငပေါရယ်၊ နင့်ပါးစပ်ကများ ဒီလိုစကားမျိုး ထွက်ရတယ်လို့ အံ့ပါ့၊ ရယ်ချင်ရဲ့ ပက်ကျိလို ဖြစ်နေပြီ၊ ငါက မင်းသမီး၊ နင်က လူရွှင်တော်၊ ငါ့ကိုများ စော်စော်ကားကား ချစ်တယ် ဟုတ်လား။

အဟင်း ဟင်း၊ နင့် ကိုယ် နင် ရွှေမင်းသမီးနဲ့ မောင်ရွှေရိုး ဇာတ်က နေတယ်လို့များ ထင်နေလား။ ဒီမယ် ငပေါ မင်းသမီးနဲ့ လူရွှင်တော် ညားတာကတော့ ရှိပါတယ်။ ငါက ဒီလို ခပ်ညံ့ညံ့ မင်းသမီးထဲမှာ မပါဘူးဟဲ့၊ နင့်ညကြေး တစ်လစာ ပေါင်းရင်တောင် ငါ့ထဘီတစ်ထည်ဖိုး မရှိဘူး။ ငါ့လို ထိတ်ထိတ်ကြဲ ရွှေမင်းသမီးကိုလေ နင်ကများ တော်တော်…ငါ ဒေါသထွက်လာပြီး ငါ့ရှေ့က ထွက်သွား ``

`` ဟေ့ ငပေါ၊ လူဆိုတာ ကိုယ့်နေရာကိုယ် နေရတယ်ကွ။ ခိုင်သစ္စာကို တို့တစ်တွေ ဖူးဖူးမှုတ်ထားတာ မင်းအသိပဲ၊ မင်းလိုလူက ဇာတ်ထဲမှာ မရှိလို့ ဘာမှမဖြစ်ဘူး ကိုယ့်လူ၊ မင်းသမီးမရှိမှ အားလုံးအိုးစားကွဲ သွားမယ် မှတ်ထား၊ မင်း….ကြပ်ကြပ် သတိထား သွား သွားတော့ နှစ်ပါးခွင်လည်း နီးနေပြီ ``

ငပေါ(ခေါ်)ကိုမြကြီးမှာ ခိုင်သစ္စာ၏ ဥပေက္ခာစကား၊ ဇာတ်ဆရာ၏ အထင်အမြင် သေးသော စကားများကြောင့် အံကို ကြိတ်လိုက်သည်။

----------------------

`` မောင်ကြီးတို့ရေ``

``ဗျာ ဗျ ``

`` လူရွှင်တော်ဆိုတာ ရှေးယခင်က ပျော်တော်ဆက်ကနေ လူပျက်၊ လူရွှင်တော်တဲ့ ဟော ခုခေတ်ကျတော့ ဟာသလုလင်တဲ့ မဟုတ်လားရှင်``

``ဟုတ်တာပေါ့ မင်းသမီးရဲ့``

``အဲသလို လူရွှင်တော်နဲ့ ကျွန်မလို ပြည်ချစ်မင်းသမီးတို့ လက်ဆက်မယ်ဆိုရင်… မောင်ကြီးတို့ ကျေနပ်ပါ့မလား ဟင်``

`` ဟာ…ဘာယ်ကျေနပ်ပါ့မလဲ၊ ဟောဒီကောင်လား၊ ကိုယ့်သမီးလေး အရွယ်ကို စောင့်ရှောက်ရမယ့် အစား စာကလေးကို အမြောက်နဲ့ ချိန်တဲ့ မဟာအကျင့် မဟာအကြံတွေ ကြံနေတာကိုး…..ကဲ………ငပေါ လာ လာ မင်းကို ငါမေးမယ်``

ဇာတ်စင်ထောင့်နားတွင် ထိုင်နေသော ငပေါက

``ဘာလုပ်မလို့တုန်း၊ ငါ့ဟာနဲ့ ငါ ဖီလင်တက်နေတာ``

``လာပါဆို…….လာစမ်းပါ``

ငပေါက သုန်သုန်မှုန်မှုန်နှင့် ထလာပါတယ်။

``မင်းခိုင်သစ္စာကို ကြိုက်လား``

``ကြိုက်တယ်``

``ချစ်လား``

``ချစ်ပါတယ်ဆို``

``မင်း ဒီ မင်းသမီးကို ရရင်ကံကောင်းတယ်``

``ဘာဖြစ်လို့``

``ဟကောင် ငတုံးရ၊ မင်းသမီးက အဘက်ဘက်က ပြည့်စုံနေတော့ မင်း သူ့ကို ရရင် ဘာမှ လုပ်စရာ မလိုတော့ဘူး``

``ဗျာ……လုပ်စရာ မလိုတော့ဘူး ဟုတ်လား``

``ဟုတ်တယ်လေ``

``ဒါဆို မယူတော့ဘူးဗျာ``

``ဘာဖြစ်လို့``

``မင်းတို့ပဲ စဉ်းစားကြည့်လေ၊ မင်းသမီး ယူပြီး ဘာမှ မလုပ်ရဘူးဆိုတော့ ဘာထူးလို့တုန်း``

``သေနာကြီး``

ဆိုပြီး လူရွှင်တော်တွေက ၀ိုင်းထုကြပါတယ်။

ပရိသတ်က မည်သို့သဘောပေါက်သွားကြသည် မသိ။ တ၀ါးဝါးနှင့် ပွဲကျသွားသည်။

-----------------

ဇာတ်ရုံထောင့်နားတွင် ယိမ်းသမ တစ်စု ပွစိပွစိနှင့် ထုံးစံအတိုင်း အတင်းရော၊ သတင်းပါ ရောသမမွှေပြီး သကာလ အတင်းတုတ်နေကြပါသည်။ ငပေါက ၀င်ပြီး နားစွင့်လိုက်သည်။

``ညည်းတို့ စဉ်းစားကြည့်ကြစမ်းပါအေ၊ တို့လို ဇာတ်သမကို ဒီအင်္ဂလိပ်ကြီးက အတည်လက်ထက်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလာကွယ်၊ တို့ ဟိုတစ်ည သံရုံးညစာ စားပွဲမှာ ဗြုန်းကနဲ ခိုင်သစ္စာကို လာရစ်နေတုန်းကတည်းက တို့က သိထားပြီးသား၊ အဲဒီကောင်မကလည်း နှာခေါင်းနီကြီး အရေးပေးတာနဲ့ တစ်ခါတည်း ဖျပ်ဖျပ်ကို လူးနေတာပဲ၊ ဘာပြောလိုက်သေးတယ်ထင်လဲ၊ တို့လို မြန်မာအမျိုးသမီး တစ်ယောက်ကို နိုင်ငံခြားသားက စိတ်ဝင်စားတယ်ဆိုတာ နည်းတဲ့ အခွင့်အရေးလားဟဲ့၊ တောက်….. သင်းကို မပြောလိုက်ချင်ဘူး``

မပြောလိုက်ချင်ဘူးလို့ဆိုပြီး ထပ်ပြောနေမည်ကို သိ၍ ကိုပေါ ဇာတ်ဆရာအခန်းသို့ ၀င်လိုက်သည်။

---------------

``ဒီတစ်ညပြီးရင် ကျွန်မ မကနိုင်တော့ဘူး ဆရာ၊ ကျွန်မစာချုပ်ဖောက်ဖျက်မိတဲ့အတွက် ကျွန်မလျော်ဆို လျော်ပါ့မယ်ဆရာ၊ အပြစ်တင်ရင်လည်း လည်စင်းခံဖို့ ဆုံးဖြတ် ထားပြီးသားပါ။ ဒီဇာတ်က လူတွေအားလုံး ကျွန်မကို အမြင်မကြည်ဘူးဆိုတာ သိပါတယ်။ ကျွန်မ မစ္စတာဗင်(ခ်ျ)ကို ကတိပေးထားပြီးပါပြီ။ သူ့ရဲ့ အထောက်အပံ့နဲ့ ကျွန်မတို့ မိသားစုအများကြီး ချောင်လည်ခဲ့တာကိုလည်း ဆရာ အသိပါ။ အခု ကျွန်မမှာ တိုက်နဲ့ ကားနဲ့ ကျွန်မကို ဒီလိုမျိုး ဘယ်သူက ထောက်ပံ့နိုင်မှာလဲ ဆရာ၊ ညီအစ်ကို မောင်နှမလား၊ မိတ်ဆွေတွေလား၊ ဟင်း ဟင်း ဟင်း ဝေးပါသေးတယ် ဆရာ။ ကျွန်မ ဒီဇာတ်ထဲရောက်တာ ငါးနှစ်ရှိပါပြီး ။ ကျွန်မစီးပွားရေးအရ ဘာများ တိုးတက်မှု ရှိလို့လဲ၊ ရတဲ့ ညကြေးကလည်း မိတ်ကပ်ဖိုးသာသာ….``

`` တော်စမ်း မိခိုင်၊ နင့်စကားတွေ လွန်လာပြီ၊ နင့်ကိုယ်နင် ဘာများထင်နေလို့လဲ၊ မပြောချင်လို့ ကြည့်နေတာ ကြာပြီ၊ အရေးပေး ရောင့်တက်၊ ပရိသတ်တွေ ချီးမြှင့် မြှောက်စားတယ်ဆိုတာ နင်တစ်ယောက်တည်း တော်လို့ မဟုတ်ဘူး၊ အားလုံးက တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းပံ့ပိုးပေးကြလို့ ခိုင်သစ္စာဆိုတဲ့ နာမည်တစ်လုံးရလာတာ၊ ကျေးဇူးမကန်းနဲ့၊ နောက်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာလည်း မဟုတ်တဲ့သူကို နင်ဘာတွေမက်စရာ ရှိလို့လဲ၊ သူတို့ကို နင်ဘယ်လို ယုံရမလဲ၊ ကျေးဇူးဆိုပြီး အဲဒီကျေးဇူးတွေရဲ့ နောက်မှာ ကြောက်စရာအန္တရာယ်ဆိုးကို နင်ဘယ်သိပါ့မလဲ၊ ခုချိန်မှာ နင်က ခိုင်သစ္စာ ခိုင်သစ္စာ ဆိုပြကီး မာန်မာန၊ အတ္တတိမ်သလ္လာတွေ ဖုံးနေတာကိုး၊ ကောင်းပြီ ငကန်းသေ ငစွေပေါ်လာလိမ့်မယ်၊ ညည်း ကတိအတိုင်း ဒီည ကလိုက်ဦး``

ဇာတ်ဆရာက ဒေါသတကြီး ပြောပြီးထွက်သွားသည်။ ဇာတ်တစ်ဖွဲ့လုံးက မကျေနပ်သော အကြည့်ဖြင့် ခိုင်သစ္စာကို လှမ်း၍ ကြည့်လိုက်ကြသည်။

---------------

ခိုင်သစ္စာ၏ အငြိမ့်ခွင်အခန်းသို့ ရောက်ပြီဖြစ်၍ အပြင်တွင် လှည့်ပတ်ဈေးတန်း လျှောက်နေသော အစ်ကို ကာလသားတစ်သိုက် ဇာတ်စင်နားသို့ အလျင်အမြန် စုရုံးရောက်ရှိလာကြသည်။ ခိုင်သစ္စာ၏ အလှ၊ ခိုင်သစ္စာ၏ အဆို၊ အပြော၊ အကနှင့် ညုလုံးလေးများကို လွတ်သွားမည်စိုး၍ ရောက်သည့်နေရာများမှ အပြေးအလွှား လာရောက်အားပေးကြခြင်း ဖြစ်သည်။ ခိုင်သစ္စာ၏ အပြုံးသည် သူတို့အား ညှို့ယူဖမ်းစား လက်ယပ်ခေါ်နေသည်။ ယနေ့ခေတ် အငြိမ့်များတွင် မင်းသမိး၏အကထက် လူရွှင်တော်၏ ပြက်လုံးများကို ပို၍ သဘောကျကြသည်။ သို့ရာတွင် ခိုင်သစ္စာ၏ အငြိမ့်ကို ကြည့်မိသူတိုင်း မှော်ထက်လိုက်တာ အိမ်ကဟာမနှင့် ကွာပါ့လို့ ပြောရလောက်အောင် မင်းသမီးတို့ တတ်အပ်သော မာယာလေးဆယ်အပြင် ဆယ့်နှစ်ကြိုးကဝေ အတတ်ပါ ကျွမ်းတဲ့အတွက် တတ်လည်း တတ်နိုင်ပါရဲ့ဟု အောချရအောင် ပြည်သူတွေ ချစ်တဲ့ ခိုင်သစ္စာ။

ယနေ့ည ခိုင်သစ္စာ၏ ဆိုပုံ၊ ကပုံကို ပရိသတ်များ နားမလည်နိုင်အောင် ဖြစ်နေသည်။ လေးလေးပင်ပင်နှင့်မို့ ကာလသား တစ်သိုက်က

``ချစ်ကလေး ခိုင်ရေ ဘာ အလိုမကျပါလိမ့်``

ဆိုပြီး အူရစ် ရစ်ပြီး ဟစ်နေကြပါသည်။ မင်းသမီးတစ်ပုဒ်ကပြီး ဆိုင်းဝိုင်းသို့ အသွား လူရွှင်တော်များက

``ပရိသတ်ကြီး ခင်ဗျား၊ ဒီညပြက်လုံးသစ်တစ်ခု တင်ဆက်ပါ့မယ်၊ ပရိသတ်ကို တစ်ခါဖူးမှ မတင်ဆက် ဖူးပါဘူး၊ ကဲ မင်းသမီးရေ လာပါဦး``

မင်းသမီးမှာ ပြုံးပြုံးလေးနှင့် လူရွှင်တော်နှစ်ယောက် အကြားရောက်သွားသည်။ လူရွှင်တော်နှစ်ဦးက

``တို့ မြန်မာမင်းသမီးကို တို့ယူမယ်``

ဆိုပြီး သူလု ငါလု သူယူမယ် ငါယူမယ်ဆိုပြီး လုနေကြ၍ ပရိသတ်မှာ တ၀ါးဝါး ပွဲကျနေသည်။

``အောင်မလေးဗျာ ကုန်ပါပြီ၊ ကုန်ပါပြီ၊ ခိုင်သစ္စာဆိုတဲ့ ထန်းလျက်မလေးရေ ခွေးတွေလျက်လို့ တဖြည်းဖြည်းနဲ့ လုံးပါးပါးပြီး ကုန်ပါပြီဗျ``

ဆိုပြီ ကာလသားတစ်သိုက်က စင်မြင့်ထောင့် ၀ဲယာကနေ အားပေးနေပါတယ်။

အဲဒီအချိန်မှာ လူရွှင်တော် တစ်ဦးက အင်္ဂလိပ် ယူနီဖောင်း အပြည့်အစုံနဲ့ ယူနီယံဂျက်အလံကို ကိုင်လာပြီး မင်းသမီးအနားကို ရုတ်တရက် တိုးကပ်သွားပါတယ်။ ရုတ်တရက် တိုးကပ်သွားပါတယ်။ ရုတ်တရက်မို့ မင်းသမီးက အံ့အားသင့် သွားတယ် ထင်ပါ့။ ဒါပေမယ့် မင်းသမီးပဲလေ ဒါလေးများ။

အင်္ဂလိပ်(လူရွှင်တော်)က

`` ကဲ မင်းသမီး ကျုပ်ကို ယူမလား၊ ဟောဟိုက မြန်မာနိုင်ငံသားကို ယူမလား ပြောစမ်း ပြောစမ်း``

ဆိုပြီး အိုက်တင်အပြည့်နဲ့ ဘိုလို မှုတ်နေပါတယ်။ အဲဒီအချိန်မှာ လူရွှင်တော် ကိုပေါက

``ပရိသတ်ကြီး ခင်ဗျား ခင်ဗျားတို့သာ မင်းသမီးဆိုရင် အင်္ဂလိပ်ကြီးကို ယူမလား၊ ကျုပ်ကို ယူမလား`` လို့ ပရိသတ်ကြီးဆီသို့ အော်ပြောလိုက်ပါတယ်။

ပရိသတ်ကလည်း

``မြန်မာနိုင်ငံသားကို ယူပါ ခိုင်သစ္စာရေ၊ သူ့ကို မယူရင် ကျုပ်တို့ကို ယူပါ``

ဆိုပြီး ကာလသား တစ်သိုက်တ၀ါးဝါး ဖြစ်နေကြပါတယ်။ အဲဒီအခါမှာ ခိုင်သစ္စာဆီက မမျှော်လင့်တဲ့ စကားတစ်ခွန်း ထွက်လာပါတယ်။

``ခိုင်ချစ်တဲ့ ပရိသတ်ကြီးရှင့် ခိုင်ကတော့လေ၊ ဟောဒီရိုးတဲ့၊ အတဲ့၊ ဆင်းရဲမွဲတေနေတဲ့ မြန်မာနိုင်ငံသား ကိုပေါကို မယူနိုင်ပေါင်၊ ဟောဟိုက အင်္ဂလိပ်ကြီး မစ္စတာကြီးကိုသာ အသည်းစွဲချစ်ပါသတဲ့ရှင်၊ ကြိုက်ပါသတဲ့ရှင်၊ အားကိုးပါသတဲ့ရှင်၊ ပျိုမေအထုပ်ပိုက်လို့ ဘိုခေါ်ရာ နောက်လိုက်မယ်ရှင်``

လို့ ကြာမူပါပါနဲ့ အင်္ဂလိပ်(လူရွှင်တော်)ကြီးကို လှမ်းအဖက် ပရိသတ်ကြီးက မထင်မှတ်လောက်အောင် မီးကို ရေနဲ့ ငြိမ်းသတ်သလို ငြိမ်ကျသွားပါတယ်။ မကြာလှပါ။ ဇာတ်ခုံပေါ်သို့ ဆေးလိပ်တို၊ ပြောင်းဖူးတို ခဲလုံးများ ပျံတက်လာပါတယ်။

``အမျိုးဖျက်မ၊ သေနာမ``

ဆိုတဲ့ အသံတွေနဲ့အတူ ခဲမိုးများ ရွာလာပါတယ်။

လူရွှင်တော်များက ပြောင်းလဲ သွားတဲ့ အံ့သြဖွယ် မြင်ကွင်းများကြောင့်…………..

``သည်းခံပါခင်ဗျား၊ သည်းခံပါ၊ တကယ် မဟုတ်ပါဘူး ခင်ဗျား၊ ပြက်လုံးထုတ်တာပါခင်ဗျာ၊ ပြက်လုံး ထုတ်တာပါ``

ပွဲခင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့အတွက် ပြည်ဖုံးကား ကန့်လန့်ကာကို ကမန်းကတန်း ချပစ်လိုက်ရပါတယ်။

---------------------

ခိုင်သစ္စာ၏ မျက်နှာမှာ ရစရာ မရှိအောင် စုတ်ပြတ်နေပါသည်။ ကိုပေါနှင့် ဇာတ်ဆရာကို တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်နေပါတယ်။ မျက်ရည်ပေါက်ပေါက် ကျနေပြီး နှုတ်ခမ်းက တဆတ်ဆတ် တုန်နေပါသည်။ သို့သော် အသံကား ထွက်၍ မလာပါ။ ဇာတ်ဆရာက ခိုင်သစ္စာကို ကြည့်ပြီး

``မင်းသမီး သဘောပေါက်ပါပြီနော်``

ခိုင်သစ္စာက ခေါင်းညိတ်ပြ လိုက်ပါသည်။ ဇာတ်ဆရာ ထွက်သွားပြီးနောက် ငပေါက ခိုင်သစ္စာရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပါတယ်။ ပြီးမှ အနားကပ်ပြီး

``အချိန်မီပါသေးတယ် ခိုင်ရယ်၊ မီပါသေးတယ်``

ဟု တိုးတိုးလေး ကပ်ပြောလိုက်လေသတည်း…………။

(ကရင်ပြည်နယ်မဂ္ဂဇင်းမှ စာရေးဆရာ လူကြီး၏ ၀တ္တုတိုကို ထုတ်နုတ်ဖော်ပြပါသည်။)

မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Unknown said...

Really nice post!! This post enlightened patriotic view of point!! And also really match with the current situations which are happening nowadays. Keep it up!! Keep trying and we'll be cheering you up !!