8.3.08

ပြည့်စုံစေလို

ဤလောကကြီးထဲတွင် မပြည့်စုံခြင်းဆိုသည့်အရာသည် ကြီးစိုးနေသည်ဟု ထင်မိသည်။ အရာဝတ္တု တစ်ခုကို ရလျှင် ထိုအရာဝတ္တု ပစ္စည်းထက် ကောင်းသော အရာဝတ္တုကို လိုချင်စိတ် ဖြစ်ပေါ်ကြသည်။ ထိုမှတဆင့် ပို၍ ကောင်းသော အရာဝတ္တုကို လိုချင်စိတ် ဖြစ်ပေါ်လာပြန်သည်။ စသဖြင့်...........။ ဒါကြောင့် လူအလို နတ်မလိုက်နိုင် ဆိုသည့် ဆိုရိုးစကား ဖြစ်ပေါ်လာပုံရသည်။

သတ္တ၀ါအားလုံးပင် မပြည့်စုံခြင်းများဖြင့် လောကသံသရာထဲတွင် ကျင်လည် နေကြရသည်။ ထို မပြည့်စုံခြင်း ဆိုသည့် အရာကို နှိမ်နင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ရောင်ရဲတင်းတိမ်ခြင်းပင် ဖြစ်သည်။ လူတိုင်းသည် ရောင်ရဲသောစိတ်ဖြင့် မပြည့်စုံခြင်းကို ဖြေသိမ့်နေကြရသည်။
သို့သော် အများစုသည် လိုချင်တက်မက်မှု ပြင်းပြစွာဖြင့် အသက်ရှင် နေထိုင်လာကြသည်။ လောဘ၊ ဒေါသ၊ မောဟများဖြင့် မပြည့်စုံခြင်းကို တွန်းလှန်နေကြသည်။ လောဘဖြင့် မပြည့်စုံခြင်းကို ဖုံးအုပ်သည်။ ဒေါသဖြင့် မောင်းထုတ်သည်။ မောဟဖြင့် မသိကျိုးကျွံ ပြုသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသော သဘာဝတရားကို ကျော်လွန်ဖို့ ကြိုးစားကြသည်။

အနိစ္စ = မမြဲခြင်း၊

ဒုက္ခ = ဆင်းရဲခြင်း၊
အနတ္တ = အစိုးမရခြင်း ဆိုသော အရာများကို ဥပက္ခာပြုချင် ကြသည်။ သဘာဝတရားကို အခြေခံသော တရားများကို ဖောက်ဖျက်ဖို့ ကြိုးစားနေကြသည်။

သဘာဝတရားကို ကျော်လွန်ပါက မိမိတို့သာ ဆင်းရဲဒုက္ခရောက်ကြမည်ကို သိသိကြီးနှင့် ကျော်လွန်ရန် အားထုတ် နေကြသည်။

ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သည့် အ၀ိဇ္ဇာနဲ့ တဏှာကြောင့် သံသရာလည် နေကြရသည်ကို လူတိုင်းသိရှိရန် လိုအပ် ပေသည်။ ၀ိပဿနာတရားတော်သည် လူတို့အတွက် သံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ပို့ဆောင် ပေးနိုင်ပါသည်။

ဝိပဿနာ တရားတော်ကို အားထုတ်ကျင့်ကြံနေသော လူတို့အဖို့ လိုချင်တပ်မက်မှု လျော့နည်းလာမည် ဖြစ်ပါသည်။ အားထုတ်ကျင့်ကြံမှု ပိုလာလေလေ လိုချင်တပ်မက်မှု ကင်းလေလေ၊ ရောင်ရဲစိတ်များ ဖြစ်ပေါ် လာမည် ဖြစ်ပါသည်။

သို့ကြောင့် မပြည့်စုံခြင်း ဆိုသည့် အရာကို ရောင်ရဲခြင်းဆိုသည့် လက်နက်ဖြင့် နှိမ်နင်း၍ မိမိ၏ စိတ်ကို အေးချမ်းနိုင်ကြပါစေ........။

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: