15.6.08

တွေးဖြစ်တာလေးတွေ

ဒီရက်ပိုင်းမှာ အားနေလို့လား မသိဘူး။ ငယ်ရွယ်တဲ့ ဘ၀တုန်းက အဖြစ်တွေကို ပြန်တွေးနေမိတယ်။ သိတတ်တဲ့ အရွယ်က စလို့ပေါ့။ သိတတ်တဲ့ အရွယ်က တစ်တန်း နှစ်တန်း အရွယ်ကပဲ ဆိုပါတော့။ စာရေးသူရဲ့ အဖေက နယ်မှာ တာဝန်ကျတော့ နယ်မှာ ကျောင်းလိုက် တက်ရတယ်လေ။ မိမိ နေတဲ့ ပတ်ဝန်းကျင်က အပေါင်းအသင်းတွေက တောသားလေး တွေဆိုတော့ စရိုက်က ကြမ်းတယ်ပဲ ဆိုရမလား။ သူတစ်ပါး အသက် (တိရိစ္ဆာန်) ကို သတ်ဖို့ ၀န်မလေး ကြဘူးလေ။ သူတို့နဲ့ ပေါင်းပြီ မိမိပါ တိရိစ္ဆာန်တွေကို သတ်တတ်လာတယ်။ အမြဲတမ်း ကြောက်တတ်တဲ့ ကျွန်တော်က နယ်တွေရောက်ပြီးတော့မှ တိရိစ္ဆာန်တွေကို သတ်တတ်လာတယ်။

အုန်းပင်မှာ တွယ်ကပ်နေတဲ့ ပုတ်သင်ညိုကို မြင်ရင် ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိတ် .......... ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိတ် ဆိုပြီး တောသားလေးတွေနဲ့ အော်ဟစ်ခဲ့တယ်။ တကယ်လို့ ပုတ်သင်ညိုက ခေါင်းညိတ်ခဲ့ရင် ခေါင်းညိတ်ရမလားဆိုပြီး အုတ်နီခဲနဲ့ ပေါက်သတ်ကြတယ်။ တောသားလေးတွေရဲ့ လုပ်ရပ်တွေက မိမိကိုပါ ကူးစက်ခဲ့တယ်။ ဒါကြောင့် တံငါနားနီး တံငါ .. မုဆိုးနားနီး မုဆိုးလို့ စကားပုံ ဖြစ်ပေါ်ခဲ့ပုံ ရပါတယ်။ မိမိရဲ့ စိတ်က ဘယ်လိုပဲ နူးညံပါစေ ။ မိမိရောက်ရှိတဲ့ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်းရဲ့ အရောင်ပြောင်းလဲ မှုပေါ် မူတည်ပြီး မိမိလဲ အရောင် ပြောင်းလဲခဲ့ရတယ်။

တောသားလေးတွေ လုပ်သလို လိုက်လုပ်ရင်နဲ့ အကောင်သေးတဲ့ တိရိစ္ဆာန်မှန်ရင် တွေ့တာနဲ့ သတ်တတ်တဲ့ အကျင့်က စွဲစေခဲ့တယ်။ ဗိုက်က ပြောင်ချောနေတဲ့ ဖား တွေ တွေ့ပြီဆိုရင် အဲဒီဖားကို ဒေါသထွက်အောင် လုပ်တယ်။ အဲဒီဖားက ဒေါသထွက်လေ ဗိုက်ကြီး ဖောင်းလာလေ ဆိုတော့ ဒေါသထွက်အောင် လုပ်နေတဲ့ ကျွန်တော်တို့ အတွက် ပျော်စရာပါ။ တစ်အားကြီး ဖောင်းလာပြီ ဆိုရင် ခဲနဲ့ ထုသတ်တော့တာပါပဲ။ ဗိုက်ဖောင်းနေတဲ့ ဖားခမာ ဖောင်းခနဲ အသံမြည်ပြီး သေဆုံးရတာပါပဲ။

ပုရစ် ပေါ်ချိန်ဆိုရင် တောသားလေးတွေနဲ့ ပုရစ်ဖမ်းထွက်တယ်။ တွင်းထဲမှာ သူ့ဟာ သူနေတဲ့ ပုရစ်တွေလဲ နေကောင်းခြင်း မနေခဲ့ရပါဘူး။ တွင်းထဲက ရေလောင်းထည့်ပြီး ပုရစ်ရေမွန်းအောင် လုပ်ကြတယ်။ သူတို့ လုပ်တဲ့ နည်းအတိုင်း မိမိလဲ လိုက်လုပ်ဖြစ်တယ်။ ပုရစ်က ရေမွန်းပြီ တွင်းထဲက ထွက်လာတယ်။ အပြင်မှာ လျှောက်သွားနေတဲ့ ပုရစ်တွေကျတော့ အကောင်သေးတယ်ဆိုပြီး သိပ်မဖမ်းကြဘူး။ တွင်းထဲနေတဲ့ ပုရစ်က ကြီးတယ်ဆိုပြီး ဖမ်းကြလေရဲ့။ မိလာတဲ့ ပုရစ်တွေကို ရေနစ်သတ်ကြတယ်။ ရေနစ်ပြီး သေ သေ မသေသေ ခေါင်းဖြုတ် ချီးညစ်ထုတ်ပြီး ကြော်စားကြတယ်။ မိမိလဲ အဲဒီ သားသတ်တဲ့ အဖွဲ့ထဲ အလိုလို ပါဝင်ခဲ့တယ်။

မိမိ ဘာသာ မိမိ စဉ်းစားတတ်တဲ့ အရွယ်ရောက်လာတော့ မိမိလုပ်ခဲ့တဲ့ အမှားတွေကို ပြန်မြင်မိတယ်။ တရားစခန်းတွေဝင်ပြီး တရားအားထုတ်၊ တရားနာတဲ့အခါကျမှ မိုက်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်မြင်ယောင် လာတယ်။ အမှားကြီးမှားခဲ့တဲ့ ငါပါလားဆိုပြီ။ သံဝေဂ ရမိတယ်။ အရှုံးထဲက အမြတ်ထုတ် ဆိုသလို ဘာကို ပြုပြင်ရ မလဲဆိုပြီး စဉ်းစားလိုက်တော့ ပတ်ဝန်းကျင် ကောင်းဆိုတာ လိုအပ်မှန်း သိလာတယ်။ မိမိနေတဲ့ ပတ်ဝန်းကျင် ကြောင့် မိမိ မလုပ်တတ်အုံး၊ စိတ်မ၀င်စားအုံး၊ အစွယ်ကောင်းမှုကြောင့် လုပ်မိမှာပါပဲ။ ဒါကြောင့် ပတ်ဝန်းကျင်ကောင်း၊ မိတ်ဆွေကောင်းဆိုတာ အမှန်တကယ် လိုအပ်မှန်း သိလာခဲ့တယ်။ အပေါင်း အသင်းကြောင့် ဂုဏ်တက်သလို၊ အပေါင်းအသင်းကြောင့် ဂုဏ်ပျက် နိုင်တယ်ဆိုတာ သိလာခဲ့တယ်။

အဲဒီတော့ မိမိရဲ့ လုပ်ရပ်အမှားတွေကို ပြန်လည်သုံးသပ်ပြီး နောက်မမှားဖို့အတွက် ပတ်ဝန်းကျင်ကောင်းနဲ့ မိတ်ဆွေကောင်းကိုသာ ရှာဖွေပေါင်းသင်းခဲ့တယ်။ မိတ်ဆွေကောင်းရင် ဆွေမျိုးတောင် လိုက်မမီဘူးလို့လဲ ကြားဖူးပါတယ်။ သူငယ်ချင်းကောင်းတွေနဲ့ ချစ်ခင်စွာ ကြိုးစားနေထိုင်ရင်း . . .။

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: