တစ်ခါက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ မျောက်တစ်ကောင် ရှိတယ်။ အဲဒီမျောက်က တအား ဆော့တယ်ဆိုပဲ။ အရမ်းဆော့တဲ့အတွက် ကျောင်းထိုင်ဘုန်းကြီးက
“ တယ်... ဒီမျောက်နှယ် ဒီလောက်တောင် ဆော့လှချည်းလား ” ဆိုပြီး
မျောက်ကို တွေ့တိုင်း ခေါင်းကို နှစ်ချက် ခေါက်တယ်။ တွေ့တိုင်း နှစ်ချက် ခေါက်တယ်။ ဒီတော့ မျောက်က တွေးတယ် ဒီကျောင်းထိုင် ဘုန်းကြီး တော်တော် ဆိုးပါလားဆိုပြီ။
အဲဒီ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးရယ်၊ တိုက်အုပ်ကိုယ်တော်ရယ်၊ ကိုရင်တွေရယ် ရှိကြတယ်။ မျောက်က ကိုရင်လေးတစ်ပါးနဲ့ သူငယ်ချင်း ဖြစ်နေတယ်။ တော်တော်ကို ရင်းနှီးကြတဲ့ မိတ်ဆွေတွေ ဖြစ်နေတယ်။ ကျောင်းထိုင် ဘုန်းကြီးက မျောက်ကို တွေ့တိုင်း ခေါင်းနှစ်ချက်ခေါက်နေတော့ မျောက်က တွေးတယ်။ တိုက်အုပ်ကိုယ်တော်သာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ရင် ငါ့ကို ခေါင်းခေါက်မှာ မဟုတ်ဘူးလို့ တွေးတယ်။
ဒီလိုနဲ့ နှစ်အနည်းငယ် ကြာတော့ ကျောင်းထိုင် ဘုန်းကြီး ပျံလွန်တော် မူလို့ တိုက်အုပ်ကိုယ်တော်က ကျောင်းထိုင် ဖြစ်ပါလေရော။ မျောက်က ပျော်ပြီး ပိုဆော့ပါလေရော။ ဒီမှာ တိုက်အုပ်ကိုယ်တော်က တွေးတယ်။ ဒီမျောက် အရင်ကျောင်းထိုင်တုန်းက ခေါင်းနှစ်ချက်ခေါက်တာတောင် ဆော့တုန်းဆိုတော့ ငါ့ဆိုရင် နည်းနည်း ရင်းနှီးတယ်ဆိုပြီး ပိုဆော့တော့မယ်။ မဖြစ်ဘူး သူခေါင်းကို ငါးချက်လောက် ခေါက်မှ တော်ကာကျမယ် ဆိုပြီး မျောက်ကို တွေ့တိုင်း ခေါင်းကို ငါးချက် ခေါက်ပါလေရော။ မျောက်က စိတ်ညစ်သွားတယ်။ ငါကတော့ တွေးထင်ထားတာ တိုက်အုပ်ကိုယ်တော်ဆိုရင် ငါကို ခေါင်းမခေါက်လောက်ဘူးဆိုပြီး။ သူက အရင်ကျောင်းထိုင်ထက် တောင် ပိုဆိုးနေသေးတယ် ဆိုပြီး ညည်းငြူနေတယ်။ တိုက်အုပ်ကိုယ်တော်ကလဲ ကျောင်းထိုင် ဖြစ်ပြီးကတည်းက မျောက်ကိုတွေ့တိုင်း ခေါင်းကို ငါးချက်ခေါက်တယ်။
ဒီတော့ မျောက်က တွေးပြန်ရော။ သူ့သူငယ်ချင်းဖြစ်တဲ့ ကိုရင်လေးသာ ကျောင်းထိုင်ဖြစ်ရင် ကောင်းမှာပဲ။ ကိုရင်လေးသာ သူ့ကို ဆူပူခေါင်းခေါက်မှာ မဟုတ်ဘူးဆိုပြီး ကိုရင်လေး ကျောင်းထိုင် ဖြစ်ဖို့ တောင့်တ နေတယ်။
ဒီလိုနဲ့ အချိန်တွေကြာလာတော့ ကိုရင်လေးက ကျောင်းထိုင် ဖြစ်ပါလေရောဗျာ။ ဒီမှာ မျောက်က ပျော်တော့ တာပဲ။ သူ့သူငယ်ချင်း ကိုရင်လေး ကျောင်းထိုင် ဖြစ်တော့ ပျော်တော့တာပေါ့။ အဲဒီမှာ ဆော့ချင်တိုင်း ဆော့တော့ တာပဲလေ။ ဒီမှာ ကိုရင်လေးက စဉ်းစားတယ်။ အင်း ... ဒီမျောက် ငါနဲ့ ရင်းနှီးတယ်ဆိုပြီး သိပ်ကဲနေပါလား။ အရင်ကျောင်းထိုင်တုန်းက ခေါင်းကို ငါးချက်ခေါက်မှာ ငြိမ်တယ်ဆိုတော့ ငါ့အလှည့်ကျရင် ဆယ်ချက်လောက် တော့ ခေါက်မှ တော်ကာကျမယ်။
အဲဒီမှာ ကျောင်းထိုင်က မျောက်ကိုတွေ့တိုင်း ခေါင်းကို ဆယ်ချက် ခေါက်ပါလေရော။ နောက်ဆုံး မျောက်လဲ စိတ်ညစ်ပြီး ထွက်ပြေးရတော့တယ်။

မောင်စေတနာ
0 ယောက် မှတ်ချက်ပြုသည်:
Post a Comment