30.6.09

သံဃာတော်အပါး ၂၀၀ အတွက် ဆွမ်းကပ်လှူဒါန်းနိုင်

၉.၇.၂၀၀၉ ရက်နေ့တွင် စစ်ကိုင်းတောင်တွင် ဆွမ်းခံကြွသော သံဃာတော်အပါး ၂၀၀ အတွက် ဆွမ်းဆက်ကပ်လှူဒါန်းမည် ဖြစ်ပါသည်။

၉-၇-၂၀၀၉ ရက်နေ့တွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ လပြည့်ဝန်းလမ်း၊ သာသနာ့ဝေပုလ္လ ကျောင်းတိုက်ရှိ ဆရာတော် ဦးကောဝိဒ မွေးနေ့ ဖြစ်ပါသည်။ အဆိုပါနေ့တွင် ဆရာတော်ဘုရားမှ အလှူအတန်းများ ကျင်းပပြုလုပ်မည် ဖြစ်ပြီး နည်းပညာဟောပြောပွဲ၊ စာပေဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

မွေးနေ့တွင် ဤအစီအစဉ်များ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို အွန်လိုင်းပေါ်တွင် ဆရာတော်ဘုရားနှင့် တွေ့ဆုံပြီး မေးမြန်းလျှောက်ထားရာတွင်

“ ဦးဇင်းမွေးနေ့မှာ ကုသိုလ်ရမည့် အလုပ်မျိုးတွေ စဉ်းစားကြည့်တယ်.။ ခေါင်းထဲမှာ စဉ်းစားခန်းတစ်ခု ၀င်လာခဲ့တယ်။ အမှန်တကယ် လိုအပ်နေတဲ့ အချိန်မှာ လိုအပ်နေတာကို ဖြည့်ဆည်းပေးချင်တဲ့ စိတ်ကလေး ဦးဇင်းရဲ့ စိတ်မှာဖြစ်ပေါ်ပြီး ဆုံးဖြတ်ချက် တစ်ခု ချမိတယ်။

စစ်ကိုင်းတောင်မှာ သံဃာတော်များ ဆွမ်းခံထွက်ဖို့ အလွန်ကို ခက်ခဲနေတယ်..။ အခက်အခဲ ကြားထဲကနေပဲ ဆွမ်းခံထွက်ကြရတယ်။ စစ်ကိုင်းတောင်မှာ မနက် ၄ နာရီ အာရုံတက်ချိန် ရောက်ရင် တောင်အဆင်းလမ်းမှာ ကိုရင်လေးတွေ၊ ရဟန်းတော်တွေ၊ သက်တော်ကြီးပြီ ဖြစ်တဲ့ ရဟန်းတော်ကြီးတွေ သပိတ်ကို ရင်မှာပိုက်ပြီး ဆွမ်းခံထွက်တာကိုတော့ လူတိုင်း တွေ့မြင်ဖူးစေချင်တယ်။ အဲဒီသံဃာတော်တွေ ဘယ်အထိများ ဆွမ်းခံကြွကြမလဲ။ သံဃာတော်တွေ ဆွမ်းများ ပြည့်စုံကြပါ့ မလား.. အာရုံဆွမ်းကော ဘုန်းပေးခဲ့ကြရဲ့လာ... ဒါတွေဟာ အလွန်စဉ်းစား သင့်တဲ့ကိစ္စပါ..။ ဘာဖြစ်လို့လဲဆိုတော့ မနက်အစောကြီးထပြီး ဆွမ်းခံထွက်ရာမှာ နောက်ကျရင် ဆွမ်းကိစ္စ ပြည့်စုံဖို့ မလွယ်ဘူးလေ။ အဲဒါကြောင့် အာရုံဆွမ်းကို ပဓာနမထားဘဲ နေ့ဆွမ်းပြည့်စုံ ရေးကိုသာ ဦးစားပေး အားထားနေ ကြရရှာတယ်..။

ဦးဇင်း ၀ါတွင်းကာလတုန်း ကတော့ သံဃာတော်တွေ အာရုံဆွမ်း ကပ်လှူမည့်ကိစ္စကို အဆင်ပြေအောင် ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်.။ နောက်ပိုင်း စစ်ကိုင်းမှာ သင်တန်းတွေ တိုးချဲ့ဖွင့်လှစ်တော့ စစ်ကိုင်းသင်တန်းမှာ အလှူရှင် သင်တန်းတစ်ခု ပြီးတဲ့အထိ လှူတဲ့သူဆိုတာ မရှိဘူးလေ။ အဲဒါနဲ့ ဦးဇင်းရဲ့ ဆွမ်းလောင်းတဲ့ ကိစ္စလည်း နားထားခဲ့ရတယ်..။

ဝါတွင်းကာလထက် ဦးဇင်းက ၀ါပကာလကို ပိုပြီးလှူချင်တာပါ..။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးဇင်းဝါတွင်း ကာလမှာ အလှူအတန်း လုပ်တဲ့သူ ဆွမ်းလောင်းတဲ့သူက များတယ်လေ။ ၀ါပ ကာလမှာ လည်းသံဃာတော် များဆွမ်းဘုန်း ပေးကြရပါတယ်။ အဲဒီဝါပကာလမှာ ဆွမ်းခက်ခဲတဲ့ ကိစ္စကို ဘယ်သူသိပြီး ဘယ်သူ စဉ်စားမလဲ။ အခုလောလောဆယ် ပြောချင်တာ ကတော့ ဦးဇင်း အခုမွေးနေ့မှာ ဆွမ်းခံကြွတဲ့ သံဃာတော်များကို အာရုံဆွမ်း ဆက်ကပ်လှူဒန်းဖို့ ရွေးချယ်ထားပြီးပါပြီ..။ အခုလို ရွေးချယ်ပြီးတော့လည်း ကပ်မည့်ဆွမ်းကို ရွေးချယ်ရ ပြန်ပါတယ်။ ၀ါတွင်းကာလတုန်း ကတော့ ဦးဇင်း မုန့်ဟင်းခါး ကပ်လှူခဲ့ပါတယ်.။ အခုလက်ရှိ ဆွမ်းခံကြွတဲ့ သံဃာတော်များကို ဦးဇင်းက နတ်သုဒ္ဓါ ဒံပေါက်ဆွမ်း ကပ်လှူမှာ ဖြစ်ပါတယ်.။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်ကိုင်းတောင်မှာ အခုဆွမ်းခံကြွတဲ့ ကိုရင်လေးတွေကို မေးကြည့်နိုင်ပါတယ်..။ သူတို့လေးတွေကို အိမ်မှာပင့်ပြီး ဆွမ်းကပ်မည့် သူလည်း မရှိဘူး။ အခုဖြစ်နေတာ တွေက ဆွမ်းကပ်မယ် ဆိုရင် ပြည့်စုံနေတဲ့ ကျောင်းတွေက ဆရာတော် တွေလောက်ပဲ ကပ်ချင်ကြတာကိုး။ အဲဒီလိုဆွမ်းမျိုးကို ဆွမ်းခံကြွတဲ့ သံဃာတော်တွေ တစ်နှစ်နေလို့ တစ်ခါဘုန်းပေးဖို့ မလွယ်ဘူး။ အလွန်ပြောတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကထိန်တို့ အလှူတို့ရှိမှ သာ ဘုန်းပေးခွင့် ကြုံကြမှာပါ။ အခုခေတ် ကထိန်တို့ အလှူတို့ ဆိုတာကလည်း အလွန်နာမည်ကြီးတဲ့ ကျောင်းတိုက်ကြီးထဲမှာ ချမ်းသာတဲ့ သူတွေကို ဖိတ်ပြီး လှူဒါန်းနေကြတယ်.။ အပြင်မှာ တောင်းရမ်းတဲ့ သူလာရင် မောင်းထုတ်ကြတယ်။ အဲဒါမျိုးတွေ မြန်မာနိုင်ငံမှာ ရှိနေကြတယ်။ အဲဒါတွေကတော့ ထားလိုက်ပါတော့.။ သူများအလှူကို အကုသိုလ်ပွား သလိုဖြစ်နေမှာ စိုးလို့လေ..။

အခုကိုယ့်အလှူ အကြောင်းပဲ ပြောကြရအောင် အခုဦးဇင်း လှူမည့်အလှူမှာက သံဃာတော်တွေကို အာရုံဆွမ်း ကပ်လှူမှာ ဖြစ်ပါတယ်.။ အခု စာဖတ်ပရိတ်သတ်တို့ မနက်ခင်း အစောကြီးထပြီး ကိုးနာရီဆယ်နာရီအထိ မသုံးဆောင်ပဲ နေနိုင်ကြလား။ လူတိုင်း နေနိုင်ကြလိမ့်မယ်လို့ ဦးဇင်းမထင်ဘူး..။ အခုလို သာသနာ့တာဝန် တွေကို ထမ်းဆောင်နေကြတဲ့ သံဃာတော်များကို ဆွမ်းလောင်း လှူမည့်ကိစ္စမှာ ပါဝင်လှူဒါန်း ကြမည်ဆိုပါက ၀၉-၂၁၁၀၂၀၂ ကို ဆက်သွယ် လှူဒါန်း နိုင်ကြပါတယ်.။ သံဃာတော် တစ်ပါးအတွက် ဆွမ်းစားရိတ်၊ အချိုပွဲ စုစုပေါင်း ငွေကျပ်(၁၂၀၀)ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။

ဆရာတော်ဦးကောဝိဒထံ မေးမြန်းလျှောက်ထားရာမှ ဖြေကြားချက်များ ဖြစ်ပါတယ်။ ပါရမီရှင် အလှူရှင်များ အနေနဲ့လည်း သံဃာတော်များအတွက် လှူဒါန်းနိုင်ရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်လိုက် ပါတယ်။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

ဘယ္လိုလွဴရင္ရမလဲ။