11.10.08

သဘာဝကျစွာ နေတတ်ဖို့ပဲ လိုတယ်

အနောက်တိုင်း စိတ်ရောဂါကု ဆရာဝန်များက လူတွေ ဘာကြောင့် ရှုးရတာလဲဆိုတဲ့ အဖြေကို သိချင်တာနဲ့ ဖော်ထုတ်ခဲ့ကြပါတယ်။ အဖြေထုတ်ပုံကတော့ အင်မတန်မှ လွယ်ကူပါတယ်။ စိတ်ရောဂါ ဖြစ်နေတဲ့ လူဦးခေါင်းနဲ့ လူကောင်းဦးခေါင်းနှစ်ခုကို ခွဲစိတ်တာပါ။ ခွဲစိတ်ကြည့်တော့ ဦးနှောက်နှစ်ခု လုံးက ကွဲပြားခြားနားမှု မတွေ့ရဘူး။ သိပ်ကို ထွန်းကားပါတယ်၊ တိုးတက်ပါတယ်၊ မှန်ကန်ပါတယ် ဆိုတဲ့ သိပ္ပံနည်းပညာနဲ့ အဖြေရှာခဲ့ကြပေမယ့် မည်သည့်အဖြေမှ မရခဲ့ကြပါဘူး။ နောက်ဆုံး သုံးသပ်ချက်ကတော့ စိတ်ရောဂါဟာ လူဦးနှောက်နဲ့ မသက်ဆိုင်ကြောင်း အဖြေထုတ်ခဲ့ကြပါတယ်

စိတ်ရောဂါ(အရှုး)ဖြစ်ရခြင်းဟာ စိတ်ကြီးဝင်ခြင်း၊ အထင်ကြီးကြောင့်ဟု ကောက်ချက်ချခဲ့ ကြပါတယ်။ လူတိုင်းမှာ စိတ်ကြီးဝင်ခြင်း၊ မိမိကိုယ်မိမိ အထင်ကြီးခြင်းလို့ခေါ်တဲ့ စိတ်ရောဂါအနု တစ်နေ့(၃)ကြိမ်လောက် အနည်းဆုံး ဖြစ်လေ့ရှိပြီး ထိုထက်ပိုရင်တော့ စိတ်ရောဂါ(ရှုးသွပ်မှု) ဖြစ်သွားနိုင်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

ဖြစ်ဖူးကြမှာပါ။ တစ်ခါ တစ်ခါ ကိုယ်မျက်နှာကိုယ် မှန်ကြည့်ပြီး ရယ်လိုက်၊ မဲ့လိုက်၊ ပြုံးလိုက် စတာတွေ လုပ်ဖူးကြမှာပါ။ တစ်ခါတစ်လေ တစ်ယောက်တည်း စကားတွေ ပြောဖူးမှာပါ။ ဒါတွေက အထက်က ပြောခဲ့သလိုပဲ စိတ်ရောဂါ အနုလို့ခေါ်တဲ့ စိတ်ရောဂါတစ်မျိုးပါပဲ။ လူတွေအားလုံးဟာ အရှုးတွေသာ ဖြစ်ကြသည်ဟု ဗုဒ္ဓမြတ်စွာက ဟောကြားခဲ့ပါတယ်။

လူတွေဟာ သူတို့ရဲ့ လုပ်ရပ်များကို တစ်ပါးသူ အထင်ကြီးစေချင်ကြပါတယ်။ ဟာ .. ဒီလူ တယ်တော်ပါလား … တော်လိုက်တဲ့ ပုဂ္ဂိုလ်ပဲ .. စသဖြင့် အထင်ကြီးစေချင်ကြပါတယ်။ သူတို့ လိုလားနေသော တစ်ပါးသူ၏ အထင်ကြီးစေမှုကို မရရှိခဲ့ရင် စိတ်တိုင်းကျ အထင်ကြီးခွင့်ရတဲ့ အရှုးဘ၀ကို ပြောင်းလဲသွားကြပါတယ်။

မြင်ဖူးကြမှာပါ။ တွေ့ရာကို ကောက်ကိုင်ပြီး ဖုန်းပြောနေသော လမ်းဘေးက အရှုးများကို မြင်ဖူးကြမှာပါ။ တစ်ချို့ဆိုလျှင် ဘုရင်ရှုး ရှုးနေပြီး မင်းကြီးများ … ဟာ .. ဟာ .. မောင်မင်းတို့ကို ပြစ်ဒဏ်ပေးမယ် .. နာခံစေ .. စသဖြင့် လမ်းဘေးမှာ ပြောချင်တိုင်း ပြောနေကြတာကို တွေ့ကြမှာပါ။ စိတ်ရောဂါဆေးရုံများကို ရောက်ဖူးလျှင်လည်း တွေ့နိုင်ပါတယ်။ စစ်ဗိုလ်အရှုး၊ သဘောင်္သားအရှုး၊ မော်တော်ယာဉ်ထိန်းရဲ အရှုး၊ ဆရာဝန်အရှုး စသဖြင့် မိမိတို့ စိတ်တိုင်းကျ ဖန်တီး ရှုးနေကြသော အရှုးပေါင်းများစွာကို တွေ့နိုင်ပါတယ်။ တစ်ချို့ဆိုလျှင် အ၀တ်အစားပင် မ၀တ်တော့သည့် အထိ ရှိပါတယ်။

ဒါတွေအားလုံးဟာ ဘာကြောင့်ဖြစ်တာလဲ ဆိုရင် စိတ်ကြီးဝင်ခြင်း၊ အထင်ကြီးခြင်း တို့ကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ သဘာဝကို ကျော်လွန်ပြီး နေချင်တဲ့စိတ်ကြောင့် ဖြစ်လာရခြင်း ဖြစ်ပါတယ်။ ဤကမ္ဘာလောကကြီးတွင် နဂိုကတည်းက ရှိရင်းဘဘာဝတရားများ ရှိပါတယ်။ ရှိရင်း အခြေခံသဘာဝတရားများကို မြတ်စွာဘုရားရှင်မှ ဖော်ထုတ် ဟောကြားသွားခဲ့ခြင်း ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ်၊ အကျိုးကြောင့် အကြောင့်ဖြစ်တယ် စတဲ့ တရားများဟာ အခြေခံ သဘာဝတရားများ ဖြစ်ပါတယ်။

လူများ ရှုးသွပ်ရခြင်းဟာလည်း သဘာဝတရားများကို ကျော်လွန်တဲ့အတွက် over ဖြစ်သွားရခြင်း ဖြစ်ပါတယ်။ သဘာဝနဲ့ လိုက်လျောညီထွေစွာ နေတတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မိမိရှင်သန်ရာ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေစွာ နေတတ်ရမှာ ဖြစ်ပါတယ်။ မိမိက တဲအိမ်နဲ့ နေနေရပြီး ငါက တိုက်အိမ်နဲ့မှ သင့်တော်တဲ့လူ၊ နေသင့်တဲ့လူ ဆိုပြီး စိတ်ကြီးမ၀င်မိဖို့ လိုပါတယ်။ အဲဒီလို စိတ်ကြီးဝင်ရင်တော့ မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ မဖြစ်သလို ပတ်ဝန်းကျင်ရဲ့ ဖယ်ကျဉ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဖြစ်နေရတဲ့ဘ၀မှာ ကျေနပ်ရောင့်ရဲနေတတ်ဖို့ လိုပါတယ်။

ဖြစ်ချင်တိုင်း မဖြစ်ရတဲ့ လောကကြီးမှာ မိမိဖြစ်ချင်မှုများသည် ဖြစ်နိုင်တာ ရှိသလို၊ မဖြစ်နိုင် တာလဲ ရှိနိုင်ပါတယ်။ ဖြစ်နိုင်တာကို ဖန်တီးရယူနိုင်သော်လည်း မဖြစ်နိုင်တာကို ရအောင်ဖန်တီး ယူခြင်းဟာ စိတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ဖြစ်ချင်သည့်စိတ်ကို ဖြစ်အောင် ဖန်တီးယူခွင့်မရတဲ့အခါ မိမိစိတ်ကြိုက် ဖန်တီးလုပ်ယူနိုင်သော အရှုးဘ၀သို့ ကူးပြောင်း သွားနိုင်သော ကြောင့် ဖြစ်ပါတယ်။

မိမိသည် သူဌေးတစ်ယောက် ဖြစ်ပါက သူဌေး၏ အပြုအမှု နေထိုင်မှုများ၊ ပြောဆိုမှုများ၊ စိတ်ထားများသည် သူဌေးတစ်ယောက်၏ အပြုအမှုများသာ ဖြစ်ရမှာဖြစ်ပါတယ်။ ဒါမှ မိမိရှင်သန်ရာ ပတ်ဝန်ကျင်း သဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်မှာ ဖြစ်ပါတယ်။ မိမိကို လူအများက အထင်ကြီး လေးစားမှာ ဖြစ်ပါတယ်။

တစ်ချို့ဆို ဆင်းဆင်းရဲရဲဘ၀ကနေ သိန်းထီပေါက်ပြီး ချမ်းသာသွားကြတာ ရှိပါတယ်။ လူတွေမှာ နဂိုဓါတ်ခံကိုက စိတ်ကြီးဝင်ခြင်း၊ အထင်ကြီးစိတ်ဝင်ခြင်းတို့ ရှိနေပြီးသားဆိုတော့ သူတို့ရဲ့ စိတ်ထား၊ အကျင့်၊ အပြုအမှုတွေက ချက်ချင်း ပြောင်းလဲပစ်ကြတော့တယ်။ သူတို့ရဲ့ ပြောင်းလဲမှုတွေက အင်မတန်မြန်ဆန်လွန်းတဲ့အတွက် သူတို့ ရှင်သန်ရာ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ မဖြစ်တော့ပဲ ပြဿနာဖြစ်သွားတော့တာပါပဲ။ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုများ၊ ရှောင်ကျဉ်မှုများကို ခံကြရမှာ ဖြစ်ပါတယ်။ အထင်ကြီးလေးစားမှုလဲရမှာ မဟုတ်ပါဘူး။ ဒါဆိုရင် အထင်ကြီးလေးစားမှုကို လိုချင်နေတဲ့ သူတို့ စိတ်ဆန္ဒဟာ သူတို့ ထင်သလို ဖြစ်မလာနိုင်ပါဘူး။

ဒါပေမယ့် ပြောင်းလဲလို့တော့ရပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် ပြောင်းလဲပစ်ရမှာပါ။ ဥပမာ - မိမိနေထိုင်တဲ့ ရပ်ကွက်က ဆင်းရဲသားရပ်ကွက်ဖြစ်တယ်။ မိမိကလည်း အရင်က ဆင်းရဲခဲ့တယ်၊ ယခုမှ ထီပေါက်လို့ ချမ်းသာလာတာ။ အရင်ဦးဆုံး မိမိရပ်ကွက်ကို အလှူအတန်းနဲ့ မိမိရဲ့ ချမ်းသာမှုကို အသိအမှတ်ပြုအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ ဒီရပ်ကွက်ထဲမှာပဲ နေချင်တယ်ဆိုရင် တိုက်ဆောက် နေထိုင်ရမှာ ဖြစ်ပါတယ်။ နောက် သာရေးနာရေးတွေမှာ ရှေ့ဆုံးက ပါဝင်။ လူမှုဆက်ဆံရေးကို အရင်အတိုင်းပဲ ဆက်ဆံရပါမယ်။ အရေးကြီးဆုံးက လူမှုဆက်ဆံရေးပါပဲ။ ငါချမ်းသာလာပြီး ဆင်းရဲသားတွေနဲ့ မတူဘူး၊ မတန်ဘူး ဆိုပြီး လုပ်လို့မရပါဘူး။ ဆက်ဆံရေး ကောင်းမွန်ရင် မိမိဟာ လူများရဲ့ အထင်ကြီးလေးစားလာမှာ ဖြစ်ပါတယ်။

လူတွေက ဆင်းရဲတဲ့ဒဏ်ကိုသာ ခံနိုင်ကြတာ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြဘူးလို့ ပြောစမှတ် ရှိပါတယ်။ ပြောတဲ့အတိုင်းကို ဖြစ်ကြတာပါပဲ။ အထက်က ပြောခဲ့သလိုပါပဲ။ နဂိုဓါတ်ခံနဲ့ ချမ်းသာမှု ပေါင်းပြီး သဘာဝပတ်ဝန်းကျင်ကို ဆန့်ကျင်သလို ဖြစ်သွားတာပါပဲ။

ဒါကြောင့် ကျွန်တော်တို့တွေဟာ မိမိတို့ ဖြစ်နေတဲ့ ဘ၀မှာ လိုက်လျော ညီထွေစွာ နေတတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မိမိတို့ ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ထဲကနေ လူတော်လူကောင်း ဖြစ်အောင် ကြိုးစားအားထုတ်ရင်း လိုက်လျောညီထွေစွာ နေထိုင်ကြဖို့ပဲ ဖြစ်ပါတယ်။

မိမိတို့ ရှင်သန်ရာ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ ဖြစ်နိုင်ကြပါစေ။

မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

ပန်းခရေ said...

အင်း လူတိုင်းလူတိုင်းဟာ ကိုယ်စီရူးသွပ်နေကြတာပါပဲ.... ကိုယ့်ရှင်သန်ရာ ကိုယ်နဲ့ အသက်ရှင်နေကြတာပဲလေ..သိပ်ကောင်းတဲ့ ပို့စ်ပဲ ဘာပြောရမှန်းမသိအောင်ကို စကားတွေ စွံ့အကုန်လို့ ဒီအတိုင်းလေးပြန်သွားပြီ ဒါပဲ ဂလောက်

MS said...

မြန်မာစာမှာ စွံ့အ မရှိဘူး။ ဆွံ့အ ပဲရှိတယ်။