19.6.08

တစ်ချိန်က မိုးရေထဲ

မိုးရာသီရောက်တော့ ကလေးဘ၀က ဖြစ်စဉ်များကို သတိရမိတယ်။ မိုးရာသီထဲ လျှောက်သွားရတာ၊ မိုးရာသီထဲ ဆော့ကစားရတာကို အနှစ်သက်ဆုံး ဖြစ်ခဲ့တယ်။ မိုးရာသီ ရောက်ရင် နေရာတိုင်းက သစ်ပင်တွေ အားလုံး စိမ်းစို လာကြတယ်။ စိမ်းစိုမှုက လူ့ပတ်ဝန်းကျင် အတွက် အေးမြမှုကို ရစေတယ်။ သဘာဝမိုးကြောင့် လူသား အားလုံး ကျန်းမာ ပျော်ရွှင်ရသလို စိတ်ရွှင်လန်းမှု ကိုလဲ ရရှိကြတယ်။

မိုးရာသီက ကလေးတိုင်း အားလုံးအတွက် မိတ်ဆွေပဲ။ မိုးရာသီကို တစ်နှစ်တခါ မျှော်ရတာ အမောပဲ။ မိုးရွာတာနဲ့ မိုးရေထဲ ပြေးဆင်းလာတဲ့ ကလေးတွေဟာ သူရာသီနဲ့ သူထွက်တတ်တဲ့ တိရိစ္ဆာန်လေးတွေလား အောက်မေ့ရတယ်။ လမ်းပေါ်ကို အသီးသီးရောက် နေလာကြပြီ ကစားနည်း မျိုးစုံနဲ့ ဆော့ကစားကြတော့မယ်။ များသော အားဖြင့် ဘောလုံး ကန်ကြတယ်။ ရေကူးကြတယ်။

ယခု မိုးရာသီရောက်တော့ မိမိဖြတ်သန်းခဲ့တဲ့ ကလေးဘ၀ကို ပြန်သတိရမိတယ်။ ကလေးဘ၀ကို ပြန်ရောက်ချင်မိတယ်။ လွှမ်းမိုး သီဆိုတဲ့ သီချင်းထဲကလို ဖြစ်သွားတယ်။ “ငယ်ငယ်က ကလေးလေး ဘ၀မှာ ပျော်ပါးဖို့ရာ လွယ်ပါတယ် .... ။ ကိုယ်ရတာနဲ့ တင်းတိမ် ရောင့်ရဲ .... စားချိန်မှာ တို့စားမယ် ... အိပ်ချိန်မှာ ၀င်အိပ်မယ် .... အပူအပင် ကင်းတဲ့ ကလေးလေး ဘ၀ကို တစ်ခါပြန်ပြီ ရောက်ချင်သေးတယ်.... အဖြစ်မရှိသေးတဲ့ ကလေးလေး ဘ၀ကို တစ်ခါပြန်ပြီ ရောက်ချင်သေးတယ် ” ဆိုတဲ့ လွှမ်းမိုး သီချင်းလေးကို သတိရမိတယ်။

အသက်တွေ ကြီးလာတာနဲ့အမျှ လွတ်လပ်မှုဆိုတာ ဆုံးရှုံးလာတယ်လို့ ခံစားရတယ်။ အသက်ကလေး နည်းနည်း ကြီးလေ လွတ်လပ်မှုတွေ ဆုံးရှုံးလေ၊ လုပ်ပိုင်ခွင့်တွေ လျော့နည်းလေ၊ ခံစားမှုတွေ မွန်းကြပ်လေလို့ ခံစားရတယ်။ မိမိလုပ်ချင်ရာကို မလုပ်နိုင်တော့ဘူး။ ဒီအသက်အရွယ်မှာ မိုးရေထဲ ပြေးဆော့နေချင်ပေမယ့် အမြင်မတော်တာ၊ ကျန်းမာရေး မကောင်းတာ၊ စတာတွေနဲ့ ထိန်းချုပ်ခံလာရတယ်။ ငယ်စဉ်တုန်းက ဖင်ပြောင်ပြောင်နဲ့ မိုးရေထဲ ပြေးဆော့လဲ ဆူမယ့်သူ ငေါက်မယ့်သူ မရှိခဲ့ဘူး။ ကလေးသဘာဝ ဆော့ကစားတယ်ဆိုတဲ့ အကြောင်းပြချက် လေးနဲ့ လွတ်လပ်ခဲ့တယ်။ မနက်မိုးလင်းတာနဲ့ မျက်နှာသစ် အ၀တ်အစားလဲပြီးရင် ပထမဦးဆုံး စဉ်းစားမိတာကို ဗိုက်ပြည့်ဖို့။ ဗိုက်ပြည့်တာနဲ့ ဆော့ဖို့ အတွေးဝင်တယ်။ စားသောက်ပြီးရင် အိမ်မှာ မရှိတော့ဘူး။ ရွာရိုးကိုးပေါက် နေရာ အနှံ့ ဆော့ကစားတော့တယ်။ လူကြီးတွေက ဆူစရာတွေ့လို့ ဆူရင် ထွက်ပြေးကြတယ်။ သူများခြံထဲ ခိုးဝင်ပြီး သစ်သီးတွေ ခူးစားကြ၊ လူကြီးတွေ့လို့ လိုက်ဖမ်းရင် ထွက်ပြေးကြနဲ့ အပူအပင်ကင်းတဲ့ ဘ၀တွေကို ဖြတ်သန်းခဲ့ရတယ်။

လွတ်လပ်တဲ့ ခံစားမှုတွေကို အခုမှ ပြန်လွမ်းမိတယ်။ အခုများကျတော့ ဘာလုပ်လုပ် မိမိရဲ့ အလုပ်၊ မိမိရဲ့အသက်အရွယ်၊ မိမိရဲ့ ပတ်ဝန်းကျင်၊ မိမိရဲ့ ဂုဏ်သိက္ခာဆိုတာတွေနဲ့ ထိန်းချုပ်ခဲ့ရတယ်။ ဒါကြောင့် သြော် အသက်နည်းနည်းကြီးလာလေ လွတ်လပ်မှုတွေ ဆုံးရှုံးလေဆိုတဲ့ ခံစားမှုကို ဖြစ်ပေါ်လာတယ်။ တွေးလာမိတယ်။ ဘယ်လိုလုပ်ကြမလဲ။ အသက်တွေကလဲ တဖြည်းဖြည်းကြီးလာပြီ။ လွတ်လပ်မှုတွေလဲ တဖြည်းဖြည်း လျော့လာပြီ။

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: