21.11.07

လေးနက်သော စကား

လူတွေက သူတို့ ဆိုလိုချင်တဲ့အရာနဲ့ သူတို့ စိတ်ကို တစ်ခြားသူတစ်ယောက် သိဖို့အတွက် စကားဆိုတာ ပေါ်လာတယ်လို့ ထင်ပါတယ်။ လက်ဟန် ခြေဟန်နဲ့ ပြောတဲ့ ကျောက်ခေတ်ကနေ ဘာသာစကားခေတ်ကို တစ်ဖြည်းဖြည်းရောက် လာတာကို ယဉ်ကျေးမှုထွန်းကားလာတယ်ဆိုပြီး ပြောကြပြန်တယ်။ လူမျိုးပေါင်းစုံရဲ့ ဘာသာစကားတွေ ပေါ်လာတယ်။ လူမျိုးအချင်းချင်း နားလည်အောင် ပြောရင်း ထိုစကားက သူတို့ လူမျိုးစကား ဖြစ်သွားရော။ ကိုယ်ပိုင် ဘာသာစကားများ ဖြစ်သွားကြပါသည်။ စကားဆိုတာ လူတွေကြားတဲ့မှာ ဆက်သွယ်ရလွယ်ကူအောင် ချိတ်ဆက်ပေးတဲ့ ပညတ်တစ်ခုပါ။ စကားကို နှစ်မျိုးခွဲကြပြန်သည်။ ကောင်းတဲ့ စကားနဲ့ မကောင်းတဲ့စကားဆိုပြီ။ ညစ်ငြမ်းစကားများ၊ ဂျစ်ကန်ကန်စကားများ၊ အထိန်းအကွတ်မရှိစကားများကို မကောင်းတဲ့ စကားဆိုပြီ သတ်မှတ်ကြပါသည်။ မင်္ဂလာရှိသည်ထင်သော စကားများ၊ ပြေပြစ်သောစကားများကို ကောင်းသောစကားများဟု သတ်မှတ် ကြပါသည်။

မိမိ ညက ဇာတ်ကားတစ်ကား ကြည့်ဖြစ်ပါသည်။ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါသည်။ ဇာတ်ကားနာမည်မှာ တိမ်ခိုးငယ်....ဝေ ဖြစ်ပါသည်။ ဇာတ်ကားတွင် မင်းသားမှာ လွင်မိုး၊ မင်းသမီးမှာ နန္ဒလှိုင်။ ဇာတ်ကားတစ်ကားလုံးတွင် လွင်မိုးသည် အမြဲတမ်းစကားကို ပျက်ချော်ချော် ပြောသည်။ တစ်ရွာလုံးကို စသည်၊ နောက်သည်။ ပြောင်သည်။ သူကြီးတောင် အလွတ်မပေး။ သူ့မွေးစားထားသော ဘကြီးက အစ။ သူ့အဖေနဲ့ အမေက ဓါးမြတွေ သတ်၍ သေခဲ့သည်။ သူ့မျက်စီရှေ့တွင် သတ်ခဲ့သည်ကို အမြဲတမ်းသတိရနေ တဲ့အတွက် ဘ၀ကို ပျော်ပျော်နှင့် ဖြတ်သန်းမည်ဆိုပြီ အမြဲတမ်းပျက်ချော်ချော်နေခြင်း ဖြစ်သည်။ သူ့စကားဆိုလျှင် တစ်ရွာလုံးက အယုံအကြည်မရှိ။ ဘာပြောပြော လေးနက်မှုမရှိသည့်အတွက် တစ်ရွာလုံးက သူ့စကားဆိုရင် မယုံကြည်ကြဘူး။ သူကလည်း ယုံကြည်အောင် မနေဘူး။ တစ်နေ့မှာ သူတို့ ရွာနီးစပ်မှာ ဓါးမြတွေသောင်းကျန်းနေတယ်ဆိုတာနဲ့ သူတို့ရွာက လူများတိုင်ပင်ပြီ ရွာကို ခြံစည်းခတ်၊ ကင်းမျှော်စင်များ ဆောက်ပြီ ရွာလုံခြုံရေးကို လုပ်ကြတော့တယ်။ ရွာက ယောင်္ကျားလေးတိုင် ကင်းစောင့်ရတယ်။ လွင်မိုးလဲ ကင်းစောင့်ရတယ်။ သူ ကင်းစောင့်ရတဲ့ညကျတော့ အိပ်ပျော်ရင်း အိပ်မက်ဆိုးမက်ပြီး ဓါးမြ၊ ဓါးမြ ဆိုပြီ ယောင်ပါလေရော။ သူနဲ့ တာဝန်ကျတဲ့ ကျော်ထူးကလဲ ဓါးမြဆိုတဲ့အသံလဲ ကြားရော သံချောင်းကို အဆက်မပြတ်ခေါက်ပါလေရော။ ရွာက လူတွေလဲ စုရုံးပြီးလိုက်လာတာပေါ့။ ဒါပေမယ့် လွင်မိုးက ကျွန်တော် အိပ်မက် မက်ပြီယောင်တာပါလဲ ဆိုရော သူကြီးကဒေါသထွက်ပြီ ထိတ်တုံးခတ် လိုက်တော့တယ်။ နောက်ထပ် လွင်မိုးကို ကင်းစောင့်တာဝန်ကို မပေးတော့ဘူး။

လွင်မိုးနဲ့ နန္ဒလှိုင်က ကြိုက်နေတယ်။ မိဘတွေက သဘောမတူဘူး။ သူကြီးသားနဲ့ ပေးစားမယ်လုပ်တော့ နန္ဒလှိုင်က လွင်မိုးကို လာခိုးဖို့ ပြောတယ်။ လွင်မိုးက ခိုးမယ်ဆိုပြီ ရွာပြင်က စေတီမှာ စောင့်ခိုင်းတယ်။ အဲဒီနေ့ညဘက်(၁၂း၀၀)မှာ လွင်မိုးက ရွာပြင်ကို ကင်းသမားတွေမသိအောင် ထွက်တယ်။ ရွာပြင်လဲ ရောက်ရော ဓါးပြတွေ ရွာကို လာနေတာ လွင်မိုးကတွေ့သွားတယ်။ အဲဒီမှာ လွင်မိုးက ရွာက ကင်းသမားတွေကို သွားပြောတယ်။ ဒါပေမယ့် အမြဲတမ်း ပျက်ချော်ချော်ပြောတတ်တဲ့ လွင်မိုးရဲ့ စကားကို အယုံအကြည်မရှိ ကြတဲ့အတွက် လွင်မိုးကို တာဝန်နှောင့်ယှက်မှုနဲ့ ဖမ်းမယ်လုပ်တော့ လွင်မိုးလဲ ရွာပြင်ကို ထွက်ပြေးခဲ့တယ်။ တစ်ခါတုန်းက ရွာပြင်မှာရှိတဲ့ ရေအိုင်မှာ ရခဲ့ပြီး သစ်ပင်တစ်ပင်မှာ ၀ှက်ခဲ့တဲ့ လေယာဉ်ပစ် အမြောက်ဆံကို သွားယူတယ်။ ပြီးတော့ အမြောက်ကို ကျောက်တုန်းနဲ့ ပစ်ခွဲပြီ ရွာအတွက် အသက်စွန့်သွားခဲ့တယ်။

မိမိပြောချင်တာက စကားဆိုတာ လေးလေးနက်နက်၊ တည်တည်တံ့တံ့ မပြောတဲ့ စကားဆိုရင် ကလေးရော၊ လူကြီးပါ ယုံကြည်မှုမရှိသလို အထင်ကြီးလေးစားမှုလည်း မရှိဘူးလို့ ပြောချင်တာပါ။ လွင်မိုးလဲ ဒီလိုပါဘဲ အထင်ကြီးမှု လေးစားမှု မပြောနဲ့ ယုံကြည်မှုတောင် မရတဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် သူရဲ့ အတည်အတံ့ပြောတဲ့ စကားကို ဘယ်သူမှ မယုံကြည်ကြလို့ သူ့အသက်ကို စွန့်သွားရတဲ့အထိဘဲ ဆိုပါတော့။ ဒါကြောင့် လေးနက်တဲ့ စကားကိုဘဲ ပြောဆိုရင်း . . .။

မောင်စေတနာ

8.11.07

သတိရမိသည် မိုးရာသီ

ကျွန်တော် အဖေက ၀န်ထမ်းဆိုတော့ အဖေတာဝန်ကျရာ မြို့တွေကို လိုက်ပြီး ကျောင်းတက်ရတယ်။ နယ်ကျောင်း လေးပေါ့ဗျာ။ ပုသိမ်မြို့နဲ့ နှစ်နာရီလောက် စက်လှေစီးရတဲ့ ငပုတောမြို့မှာပါ။ မိုးရာသီက မြို့တွေမှာဆို ထူးထူး ခြားခြားခံစားချက် မဖြစ်ပေါ်ကြပါဘူး။ အဲ... ကျေးလက်တောရွာတွေမှာတော့ မိုးရာသီက ကျေးလက်တောသားတွေ အတွက် ပျော်ရွှင်ဖွယ်ရာ ရာသီကြီးတစ်ခု ဖြစ်နေတယ်။ မိုးရာသီရောက်ရင် နံနက် နေရောင် မကျခင်းကတည်းက လယ်လုပ်သားဦးကြီးများက လယ်တွင်းဆင်းလက်နက် အပြည့်အစုံနဲ့ လယ်ထဲ ဆင်းကြတယ်။ ကျေးလက်မှာက မိုးရွာပြီးဆိုရင် လနဲ့ ချီပြီးရွာတာ။ မိုးနဲ့ အပြိုင် လယ်သမားကြီးများက ထွန်ရေးဝင်ကြတယ်။ နွားတွေနဲ့ လယ်ကွင်းတွေ တစ်ကွက်ပြီး တစ်ကွက် ထွန်ကြတယ်။
ကျွန်တော်တို့ လူငယ်တွေကတော့ မိုးရွာချိန် လယ်ကွင်းထဲဆင်းပြီး ပုဇွန်လုံးတွေ၊ ခရုတွေကို လိုက်ကောက်ကြ တယ်။ သတိရမိတယ်။ ပုဇွန်လုံးတွင်းနဲ့ မြွေတွင်းမှားနိုက်မိမှာ ဆိုတာနဲ့ စမုတ်တံကို တုတ်မှာ ကောက်ပြီး တွင်းတွေကို နိုက်ကြတာတွေ။ ရလာတဲ့ ပုဇွန်လုံးတွေ၊ ခရုတွေကို လယ်စောင့်တဲထဲဝင်ပြီး ရေနဲ့ ပြုတ်ပြီး ချမ်းချမ်းနဲ့ စားကြတယ်။ အလုအယက် စားကြရတယ်။ လူများလို့။ စားပြီးတာနဲ့ အိပ်ကြတယ်။
ကျွန်တော် တစ်သက်တွင် အပျော်ဆုံးအချိန်များတွင် ထိုမိုးရွာသီအချိန်လေးများ ပါဝင်ပါတယ်။ ကျေးလက်တော ရွာရဲ့ နွေးထွေးမှု၊ အေးချမ်းမှုများကို ကိုယ်တိုင်ကြုံခဲ့ရသမျှ။

မောင်စေတနာ