17.5.08

ရည်မှန်းချက်


သင်မမြင်ရသော ပစ်မှတ်ကို သင်ဘယ်လို မှန်အောင် ပစ်မလဲ သိပ်ကို အဓိပ္ပါယ် ရှိတဲ့ စကားလုံးလေးပါ။ ပစ်မှတ်ကို မမြင်ရမှတော့ မှန်အောင် ဘယ်လိုပစ်တော့ မှာလဲ။ ပစ်ရင်ရော ထိမှာလား။ လွဲပြီးပေါ့ ပစ်မှတ်မှ မမြင်ရတာ။ ဟုတ်ဘူးလား။ အဲဒီလိုပဲ မိမိမှာ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခု သို့တည်းမဟုတ် ဖြစ်နိုင်တဲ့ ဆန္ဒတစ်ခု .... အဲ .. ဒါတွေ တစ်ခုမှ မရှိရင် ဖြစ်ချင်တာလဲ မရှိသလို၊ ဖြစ်နိုင်တာလဲ ရှိလာမှာ မဟုတ်ဘူးလေ။ တစ်နည်း ပြောရရင် ရည်မှန်းချက် ပန်းတိုင်ပေါ့ဗျာ

မိမိအိမ်က ထွက်လာတယ်။ ထွက်သာ လာရတယ် ဘယ်သွားရမှန်း မသိဘူး ဖြစ်နေတယ်။ ဘယ်သွားရမှန်း မသိတော့ ခြေဦးတည့်ရာ သွားနေတာပေါ့။ လိုရင်းကို မရောက်နိုင်ဘူး ဖြစ်နေတယ်။ လိုရင်းမှ မရှိတာ။ အိမ်က ထွက်တယ်ဆိုထဲက ငါ ကျောင်းကိုသွားမယ်၊ ရုံးကို သွားမယ်၊ ဈေးကို သွားမယ်၊ စတိုးဆိုင်ကို သွားမယ်၊ ဘဏ်ကို သွားမယ် ... စသဖြင့်ပေါ့။ ကိုယ်သွားချင်တဲ့ နေရာကို အရင်သိရမယ်။ သိမှ သွားလို့ရမယ်။ သိတဲ့အတိုင်း သွားရင် ရောက်မယ်။ ရုံးကို သွားရမယ်လို့ သိတဲ့အတွက် အိမ်က စထွက်ကတည်းက ရုံးကိုပဲ သွားမှာ ဖြစ်တယ်။ ရုံးကို ရောက်ဖို့အတွက် ကားစီးပြီး သွားရင် သွားမယ်၊ နီးရင် လမ်းလျှောက်သွားမယ်။ ဘယ်လိုပဲ သွားသွား ရုံးကိုတော့ ရောက်အောင် သွားမှာပဲ။ ရုံးကို ရောက်ဖို့အတွက် ကြိုးစားအားထုတ်တော့ ရုံးကို ရောက်မယ်။

ဒီဥပမာတွေလိုပါပဲ။ မိမိဘ၀ တိုးတက်ဖို့၊ အောင်မြင်ဖို့ကို ဘယ်လို ကြိုးစားရမယ်၊ ဘယ်လို ရည်မှန်းချက် ထားရမယ်၊ ဘယ်လို ဦးတည်ချက်ထားရမယ်၊ ဘယ်လမ်းကြောင်းက သွားရမယ် ဆိုတာတွေ မသိဘဲနဲ့ အောင်မြင်ချင်၊ တိုးတက်ချင်လို့ မရနိုင်ပါ။ အရင်ဦးစွာ ပစ်မှတ်ဖြစ်သော ရည်မှန်းချက်၊ ဦးတည်ချက်၊ ကိုယ်လျှောက်မယ့်လမ်း ရှိရမှာ ဖြစ်တယ်။ ရည်မှန်းထားသည့် အတိုင်း ဖြစ်အောင် ကြိုးစားရမယ်။ ဒါမှ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: