လူဝတ်ကို စွန့်ပြီး ရဟန်းဝတ်ဖြင့် တရားအားထုတ်ဖို့ စစ်ကိုင်းတောင်ကို ထွက်လာခဲ့တာ ယခုဆိုလျှင် ခြောက်လပင် ပြည့်တော့မည်။ တရားကို ပြင်းပြင်းထန်ထန် အားထုတ်ခဲ့သော်လည်း ယခုထိ ထင်သလောက် တရားမရသေးပါ။ ရဟန်းတော်သည် မိမိ၏ ကမ္မဌာန်းတရားပဲ မှားနေသလားဟု သံသယ၀င် နေသည်။ မိမိနှင့် သင့်လျော်သော ကမ္မဌာန်းတရားကို ရဖို့ကလဲ တရားပြဆရာတော်များ လိုသေးသည်။ ဆရာတော်များထံ ပြန်လျှင် ကောင်းမည်လား၊ မိမိ၏ တရားအား ထုတ်မှုပဲ လိုသေး၍လား ဟု တွေးနေမိသည်။
ရဟန်းသည် စစ်ကိုင်းတောင်မှနေ၍ စစ်ကိုင်းတိုင်းအတွင်းရှိ ရွာလေး တစ်ရွာနားတွင် သီတင်းသုံးခဲ့သည်။ ထိုရွာလေးသည် သေးငယ်လှသည်။ အိမ်ထောင်စု အနည်းငယ်သာ ရှိသည်။ ရဟန်းသည် မိမိ၏ ဆွမ်းကွမ်းကိစ္စ အတွက် ရွာနီးနားမှာ ကျောင်းသင်္ခမ်း ဆောက်ပြီး တရား အားထုတ်ခဲ့သည်။ ရွာထဲကို အလှူခံလျှင် ရွာစပ်ကနေ ရွာပြင် ရောက်တဲ့အထိ တခါတလေ ဆွမ်းမရခဲ့တာလဲ ရှိခဲ့သည်။ သပိတ်ကို ရေကျင်းပြီး ဘုန်းပေးခဲ့ရသည်။ ရွာပြင်နားတွင် အဘွားအို တစ်ယောက်၏ တဲအိမ်လေး ရှိသည်။ အဘွားအိုက ရဟန်းကို သားတစ်ယောက်မျှ ချစ်ခင်သည်။ ရဟန်း ရွာထဲကနေ ဆွမ်းခံရင်း အဘွားအို တဲရှေ့ရောက်ရင် အဘွားအိုက မိမိရဲ့ သပိတ်ကို အမြဲ ဖွင့်ကြည့် လေ့သည်။ သပိတ်ထဲမှာ ဆွမ်းနည်းပါက အဘွားအိုက ထပ်လောင်းသည်။ ဆွမ်းဟင်း မပါလျှင် ဆွမ်းဟင်း လောင်းသည်။
ရဟန်းသည် တရားအားထုတ်သည့် အခါတွင်လဲ ဆွမ်းကွမ်း အလှူရှင်များကို အမြဲမေတ္တာပို့ လေသည်။ ရွာပြင်နားက အဘွားအို၏ တဲနှင့် တော်တော်ဝေးဝေး နေရာတွင် ဟိန္ဒူကုလား လင်မယားနှစ်ယောက် နေသည့် တဲတစ်လုံး ရှိသည်။ ကုလားလင်မယား၏ ဆင်းရဲမှုသည် ဆင်းရဲမှုအပေါင်း သရဖူဆောင်းထား သည်ဟုပင် ဆိုရမလောက်ပင်။ ရဟန်း ဆွမ်းခံကြွသည့် အခါတိုင်းတွင် ကုလားလင်မယားကို ချီးမြှောက်သည့် အနေဖြင့် သူတို့တဲရှေ့တွင် ဆွမ်းခံရပ်လေ့ ရှိသည်။ ကုလားလင်မယား ကလည်း ကျိုးကျိုးနွံ့နွံ့လေးဖြင့် ၎င်းတို့ရှိသည် များကို လောင်းလှူလေ့ ရှိသည်။ ဆွမ်းမရှိခဲ့လျှင် ကြက်သွန်နီ တစ်လုံးကို လေးစိပ်ခွဲပြီး ဆားဖြူး၍ လောင်းလှူသည်။ တစ်နေ့တွင် ရဟန်းသည် ထုံးစံအတိုင်း ကုလားလင်မယား တဲရှေ့တွင် ရပ်၍ ဆွမ်းခံ လေသည်။ ဒီနေ့တွင် ကုလားလင်မယား၌ စားစရာ မရှိပုံရသည်။ ရဟန်းကို ၎င်းတို့ တဲနားတွင် ရှိသော ညောင်ပင်က ညောင်ရွက် တစ်ရွက်ကို ခူးပြီး ထက်ခြမ်းခေါက်၍ ရဟန်း၏ သပိတ်ပေါ်သို့ လောင်းလှူလေသည်။
ရဟန်းလည်း စိတ်ထဲက အံ့အားသင့်၍ သိချင်စိတ်ကို မအောင့်နိုင်တော့ပဲ မေးလိုက်လေသည်။
“ ဒကာတို့ ဘာကြောင့် အခုလို လောင်းလှူရတာလဲ”
“ အရှင်ဘုရား ..... တပည့်တော်တို့ အိန္ဒိမှာ နေတုန်းက ဆာဒူးကြီး တစ်ယောက်က ဆုံးမဖူးပါတယ်။ ... အလှူခံ ပုဂ္ဂိုလ်မှန်ရင် မလှူဘဲ မနေကြနဲ့လို့ ဆုံးမဖူးပါတယ် ... ဒါကြောင့်ပါ အရှင်ဘုရား ”
ရဟန်းလည်း ကြက်သီးမွှေးထပြီး
“ သာဓု ... သာဓု ..... သာဓု ” ခေါ်၍ ထွက်ခွါသွားလေတော့သည်။
(၂၀၀၈ ခုနှစ်၊ သင်္ကြန်ပိတ်ရက် ၀ိပဿနာတရားစခန်း ၀င်ခဲ့စဉ်က ရရှိခဲ့သော အတွေးများကို မှီငြမ်းရေးသားသည်)

မောင်စေတနာ
1 ယောက် မှတ်ချက်ပြုသည်:
တကယ်ပဲ ရသပေးစွမ်းတဲ့  ဆောင်းပါးလေးပါ။
၂ ကြိမ်မြောက်လာဖတ်ပါတယ်ဗျာ။
Post a Comment