8.10.08

စိတ်ဓါတ် ကျချင်ချင်ပဲ

ဒီရက်ပိုင်းအတွင်း အလုပ်တွေ တစ်အားများတော့ စိတ်ဓါတ်တောင် ကျချင်တဲ့ စိတ်ဖြစ်ပေါ်မိတယ်။ အမြဲတမ်း မိမိရဲ့ စိတ်ကို မာကြောအောင် လုပ်နေပေမယ့်လဲ အချိန်တန်တော့ မနိုင်ဝန်ကို ထမ်းရတဲ့အတွက် ခံနိုင်ရည် တောင် မရှိချင်တော့ဘူး။ အလုပ်လုပ်ရတာ စိတ်ဓါတ်မကျပေမယ့် စိတ်ဓါတ်မကောင်းတဲ့ လူကြီးတွေနဲ့ အလုပ်လုပ် နေရတော့ စိတ်ညစ်ပြီး တစ်ခါခါ ထွက်တောင် ပြေးချင်စိတ် ဖြစ်ပေါ်မိတယ်။

အဲဒီအခါကျတော့လဲ မိမိကိုယ်သာ အပြစ်တင်မိတယ်။ ဘာမဟုတ်တာလေးနဲ့ စိတ်ညစ်၊ စိတ်ဆင်းရဲနေတဲ့ မိမိစိတ်ကိုလဲ ဒေါသဖြစ်မိတယ်။ ဒီလိုအသေးအဖွဲ လေးတွေကစပြီး ခံနိုင်ရည်မရှိရင် နောင်တစ်ချိန်မှာဆို ဘယ်လို လုပ်မလဲဟု မိမိကိုယ်သာ ပြစ်တင်ဝေဖန်မိပါတယ်။ အနားမှာ အားပေးမယ့် သူကလဲ မရှိဆိုတော့ မိမိကိုယ်သာ ပြန်အားပေးရပါတယ်။ မိမိကိုယ်ကို စိတ်ဓါတ်ရေးရာရော၊ လုပ်ငန်းပိုင်း ဆိုင်ရာရော ဒီထက် မြင့်မားလာအောင် လေ့ကျင့်ပေး နေတာပဲဟု စိတ်ထဲမှာ မှတ်ယူလိုက်တော့တယ်။

အရင်က ၀မ်းနည်းစရာ တစ်ခုခုနဲ့ ကြုံလာရင် အမေရင်ခွင်ထဲ တိုးပြီး အိပ်ပျော်သွားတတ်တယ်။ အမေကလဲ နှစ်ပေါင်းများစွာ ကျွေးမွေးပြုစုလာတဲ့ သားဆိုတော့ ချက်ချင်း ရိပ်မိတာပေါ့။ သား ဘာဖြစ်လာပြန်ပြီလဲ ... ပြောစမ်း အမေကို ... ဆိုတဲ့ မေးခွန်းကို မေးတော့တယ်။ အဲဒီအခါကျရင် အမေရယ် စိတ်ညစ်လို့ပါ ... ဆိုတဲ့ စကားက လွဲရင် ဘာမှ မပြောပဲ အိပ်ပျော်သွားတတ်ပါတယ်။

ဒီလိုဖြစ်ပါများတော့ အမေက သူ့ပေါင်ပေါ် ခေါင်းတိုးဝင် ၀င်အိပ်တဲ့အခါတိုင်း ဘာမှ မမေးတော့ပဲ သားရယ် ဘယ်မှာပဲ ဖြစ်ဖြစ် အားလုံးနဲ့ အဆင်ပြေအောင် နေပါ ... ဘုရားတရား များများလုပ်ပါ သားရယ် ... ငါ့သားက ဘုရားရှစ်ခိုး အရမ်းပျင်းတာကိုး ... မိမိရဲ့ လုပ်ငန်းတွေကို ဘုရားကို အပ်ပြီးလုပ်ပေါ့ ... ဒါဆို အဆင်ပြေမှာပေါ့ .... ပုတီးလေး ဘာလေး တစ်နေ့ တစ်ပတ်လောက်တော့ စိတ်ပေါ့ သားရယ် ... ဆိုသော စကားများသာ ပြောတော့တယ်။ အမေရဲ့ စကားတွေ နားထောင်ရင်း အိပ်ပျော်သွားခဲ့ပါတယ်။

မိမိကလဲ နဂိုကတည်းက ဘာကိစ္စ ဖြစ်ဖြစ် မိမိရဲ့ စိတ်ထဲမှာ ကြီးရင် သေးအောင် တွေးပြီး သေးရင် ပျောက်အောင် ဖျောက်တတ်တဲ့ အကျင့်က ရှိနေတော့ မနက်မိုးလင်းရင် ညက စိတ်ညစ်ထားတာတွေ အားလုံး အရှင်းမပျောက်တောင် အမြဲမတွေးတော့ပါဘူး။ အခုလဲ စိတ်ညစ်စရာများ ပေါ်လာတော့ ဖျောက်ဖို့သာ ကြိုးစားတွေးခေါ်နေရပါတော့တယ်။ စိတ်ဓါတ်မကျအောင် မောင်စေတနာ တစ်ယောက် မိမိကိုယ်ကို မိမိ အားပေးနေသော်လည်း အိပ်ယာထဲတွင် ဒီညရယ် ရှည်လိုက်တာဟု တွေးထင်မိပါတော့တယ်။



မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

ကျနော်လည်း အစ်ကို့ လို ခဏခဏဖြစ်နေတယ် ။“ဘာမဟုတ်တာလေးနဲ့ စိတ်ညစ်၊ စိတ်ဆင်းရဲနေတဲ့ မိမိစိတ်ကိုလဲ ဒေါသဖြစ်မိတယ်” ဆိုတဲ့စာသားလေးးး တကယ်ပဲဗျာ တိုက်ဆိုင်တယ် ....။

Unknown said...

ဘာမှမဖြစ်နဲ့..keep strong!
လူတိုင်းမှာကြုံနေရတာပါ.. တနေ့တမျိုးမရိုးနိုင်အောင်ပါဘဲ..
ဒါမှလူ့ဘဝရဲ့..အရသာအစစ်လို့တွေးလိုက်ပါ..