9.9.08

စေတနာသည် လူတိုင်းနှင့် တန်သည်

“ မင်းကွာ ဘာလို့ လုပ်ပေးနေရတာလဲ ... မင်း .. စေတနာဆိုတာ လူတိုင်းနဲ့ မတန်ဘူးကွ ... မင်း တစ်ခုခု ဖြစ်လာရင် မင်း ဘယ်လို လုပ်မလဲ ... မင်း ဒီလောက်တောင် စေတနာ ကောင်းနေရင် လုပ်ကွာ ..”

မိမိအပေါ် စေတနာ ကရုဏာဒေါသဖြင့် ပြောနေသော မိမိ၏ ဆရာကို ပြုံး၍သာ ကြည့်နေမိသည်။ ဟုတ်ကဲ့ ဆိုတဲ့ စကားများသာ ပြောနေပေမယ့် အတွေးထဲတွင်တော့ “ ကျွန်တော် အထင်တော့ စေတနာဟာ လူတိုင်းနဲ့ တန်ပါတယ်” လို့သာ တွေးတောရင်း မိမိလုပ်စရာ အလုပ်များကို ဆက်လုပ်ခဲ့သည်။

စေတနာဟာ ကောင်းမွန်စွာ လုပ်ခြင်း၊ လုပ်ပေးခြင်းလို့ ကျွန်တော်အနေနဲ့တော့ အဓိပ္ပါယ် ဖွင့်ထားပါတယ်။ စေတနာမှာ အရောင်နှစ်မျိုးရှိပါတယ်။ ဖြူစင်ခြင်းနဲ့ နောက်ညစ်ခြင်း။ စေတနာရယ်လို့မှ မဟုတ်ပါဘူး။ အရာအားလုံးရဲ့ သဘောတရားဟာ အတူတူပါပဲ။ မြတ်စွာဘုရားရှင် ဟောကြားသွားသော တရားတော်များဟာ သဘာဝကို အခြေခံပြီး သဘာဝတရားတွေကိုသာ ဟောကြားသွားတာပါ။ ကောင်းတာရှိသလို၊ မကောင်းတာ ရှိတယ်။ ပြည့်စုံတာရှိသလို၊ မပြည့်စုံတာ ရှိတယ်။ မြဲခြင်း၊ မမြဲခြင်း။ စသဖြင့် နေရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေပါတယ်။ ဒါဟာ သဘာဝတရားကြီးပါပဲ။

ကျွန်တော်အနေနဲ့တော့ စေတနာကို ဖြူစင်တဲ့ လုပ်ရပ်နဲ့ လုပ်ရင် ဖြူစင်ပါတယ်။ စိတ်ထားမှန်ကန်ခြင်းလို့ ပြောလို့ရပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အလုပ်အပေါ်မှာ မမျှော်လင့်ခြင်း၊ မမျှောကိုးခြင်းလို့ ယူဆပါတယ်။ စေတနာ ဖြူစင်စွာ လုပ်ပေးခဲ့တဲ့ အလုပ်အတွက် ဘယ်တော့မှ ဒုက္ခမရောက်နိုင်ပါဘူး။

မိမိဆရာရဲ့ ကရုဏာဒေါသကြောင့် ပြောတဲ့ စကားမှာ မင်းတစ်ခုခု ဖြစ်ရင် ဘယ်သူလာကယ်မှာလဲ .. မင်း ဒုက္ခရောက်ရင် မင်းကူညီတဲ့ လူတွေက မင်းကို ပြန်ကူညီ မှာလား ... ဆိုတဲ့ စကားပါ ပါတယ်။ ကျွန်တော်က စလုပ်ပေးတယ်က ဘာမှ မျှော်ကိုးပြီး လုပ်တာ မဟုတ်ပါဘူး။ မမျှော်ကိုး ထားတဲ့အတွက် မိမိ ဒုက္ခရောက်လဲ ကူညီ သည်ဖြစ်စေ မကူညီသည် ဖြစ်စေ အဲဒီ အတွက် စိတ်ခံစားမှု မရှိပါဘူး။ မိမိကသာ စိတ်ဖြူစင်စွာ နဲ့ ကူညီခဲ့တာပါ။

ဒါကြောင့် မိမိအနေနဲ့တော့ စေတနာဟာ လူတိုင်းနဲ့ တန်ပါတယ်။ စေတနာကောင်းရင် ကံကောင်းပါတယ်။ ဒုက္ခ မရောက်နိုင်ပါဘူး။


မောင်စေတနာ

5 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

မျှော်လင့်ချက်ဆိုတာ ရှိကိုရှိပါတယ် ညီရယ်။ ငွေ ဂုဏ် မဟုတ်တဲ့ ” ကောင်းတာတွေ ပြန်လာမှာဘဲ ” ဆိုတဲ့ မျှော်လင့်ချက် ညီမှာ ရှိနေပါတယ်။ ရှိမှ ကောင်းဧ။် ။

ပန်းခရေ said...

သိပ်မှန်တဲ့စကားပေါ့အစ်ကိုရာ စေတနာဆိုတာ လူတိုင်းနဲ့ တန်တယ်...ဒါပေမယ့် ဒီစေတနာကို တန်ဖိုးထားတတ်သူနဲ့ တန်ဖိုးမထားတတ်သူ ကွာသွားတယ်အစ်ကိုရ...
ကိုယ်ကပေးလိုက်တဲ့ စေတနာကတော့ ဖြူဖြူသန့်သန့်ပဲလေ...။ လက်ခံယူသူအပေါ်မူတည်သွားတာ ကိုယ်ပေးလိုက်တဲ့ စေတနာကို လက်ခံယူသူအတွက်တန်သည် မတန်သည် မကြည့်ရင် စေတနာသည် လူတိုင်းနှင့်တန်သည်လို့ ပြောတာကို လက်ခံတယ်အစ်ကိုရာ..သိပ်ကောင်းတာပဲ ဆက်ရေးပါအုံး
ခင်တဲ့
ပန်းခရေ

Anonymous said...

အစ်ကိုရေ လာလည်သွားတယ်ဗျာ။ စေတနာထားတာ အကောင်းဆုံးပါပဲ။ လူတိုင်းအပေါ်စေတနာထားတတ်တဲ့ အစ်ကို့ကိုလေးစားပါတယ်ဗျာ။ ကျွန်တော်တို့မသိသေးတဲ့နည်းပညာလေးတွေ ခွဲဝေပေးနေတဲ့အတွက်လည်းကျေးဇူးပါပဲဗျာ။

k said...

မျှော်လင့်ချက်မထားတဲ့ ပေးဆပ်မှုတိုင်းကို ဦးညွတ်အလေးပြုလျှက်ပါ အကိုရေ..

kothantzin said...

မျှော်လင့်ချက်မထားတဲ့ ပေးဆပ်မှုတိုင်းကို ဦးညွတ်အလေးပြုလျှက်ပါ အကိုရေ..