ဒီနှစ်သည် ကျွန်တော့်အတွက် ခရီးသွားနှစ်များလာဟုပင် တွေးမိသည်။ ခရီးသွားရန် ရည်ရွယ်ချက် မရှိဘဲနှင့် ၁၁-၇-၂၀၀၈ ရက်နေ့ညက စ၍ စနေ၊ တနင်္ဂနွေ နှစ်ရက်တွင် မန္တလေးမြို့သို့ သွားရောက် လည်ပတ်ခဲ့ပြီးပြီ။ ယခု စနေ၊ တနင်္ဂနွေနေ့(၂၆-၇-၂၀၀၈/၂၇-၇-၂၀၀၈)တွင်လည်း မျှော်လင့်မထား သော တောင်ငူခရီးစဉ်ကို ရောက်ခဲ့ပါသည်။
မိမိ၏ သူငယ်ချင်းဖြစ်သူသည် ပျဉ်းမနားသို့ အလုပ်ကိစ္စဖြင့် ရောက်ရှိလာပြီး မိမိတွင် တည်းခိုရာမှ တောင်ငူတွင် တာဝန်ကျနေသော ဖခင်ထံ သွားချင်ကြောင်း၊ ၎င်းနှင့် အဖော်လိုက်ရန် ခေါ်သည့်အတွက် တောင်ငူခရီးစဉ်ကို လိုက်ပါခဲ့ပါသည်။
စနေနေ့ နံနက်(၁၀း၃၀)တွင် ပျဉ်းမနား ဆင်ရုပ်ကားဂိတ်မှ ဟိုင်းလတ်ကားလေးများဖြင့် တောင်ငူသို့ ခရီးထွက်ခွာခဲ့ပါသည်။ တောင်ငူသို့ ရထားဖြင့်သွားပါက နှစ်နာရီသာ ကြာမြင့်ပါသည်။ မော်တော် ကားဖြင့် သွားပါက ပိုမိုမြန်လိမ့်မည်ဟု တွေးထင်ထားသည့်အတွက် မော်တော်ကားဖြင့် သွားခဲ့ကြခြင်း ဖြစ်ပါသည်။ သို့သော် ထင်ထားသည့်ထက် နှစ်နာရီနောက်ကျပြီးမှ တောင်ငူသို့ ရောက်ရှိပါသည်။ မြန်မာနိုင်ငံတွင် အချိန်ဖြင့် အသက်မွေးသော၊ စီးပွားရှာသော အလုပ်များ လုပ်ပါက ကျိန်းသေရှုံးမည်ဟု တွေးမိသည်။ (အချိန်နဲ့ ပတ်သက်ပြီးလည်း မလုပ်ကြပါ။ သို့ကြောင့် ရှုံးစရာလည်း မရှိပါ)။ နံနက်(၁၀း၃၀)ထဲက ကားစီးခဲ့ရာ တောင်ငူသို့ ညနေ(၃း၀၀)လောက်မှ ရောက်ပါသည်။ နံနက်စာ မစားရသေးသည့်အတွက် ဗိုက်ထဲရှိ ပိုးမျိုးရှစ်ဆယ်မှာလည်း ဆန္ဒပြနေလေသည်။ တောင်ငူမြို့ကို ခြေချမိသည်နှင့် ဆိုက်ကားသမားများသည် ``အစ်ကို ဘယ်သွားမလဲ .. ဆိုက်ကား ငှားမလား .. သွားပါ အစ်ကို ´´ ဖြင့် စိတ်ပျက်စရာကောင်းလောက်အောင် တရက်စပ် ပြောဆိုလိုက်ပါလာ တော့သည်။ မိမိတို့သည်လည်း ၎င်းတို့အား မသိကျိုးကျွံပြု၍ သွားရမည့် နေရာကိုသာ အာရုံစိုက်ရှာကြတော့သည်။ မိမိနှင့် သူငယ်ချင်းသည်လည်း တောင်ငူမြို့ကို ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်ပါသည်။ ၎င်းဖခင်ရှိရာ နေရာကို ဟိုမေးဒီမေးဖြင့် သွားကြရာ အလွယ်တကူပင် ရှာတွေ့ပါသည်။ ရောက်ရောက်ခြင်း ထမင်းစားကြပါသည်။ ဟင်းမှာ ကြက်ဖင်ဆီဖူးဟင်း ဖြစ်ပါသည်။ ဗိုက်ဆာဆာဖြင့် နှစ်ယောက်သား ခေါင်းမဖော်ပဲ စားသောက်ကြပါသည်။ ထို့နောက် ထမင်းလုံးစီသည့်အနေဖြင့် နားကြသည်။ သူငယ်ချင်း၏ ဖခင်က ရုံးတွင် ရှိနေသော ကွန်ပျူတာသည် စီဒီရွမ် ဖွင့်မရသည့်အတွက် ကြည့်ပေးရန် ပြောဆိုသဖြင့် မိမိတတ်သလောက် ပညာဖြင့် ကွန်ပျူတာကို ပြုပြင်ကြည့်ပါသည်။ သို့သော် ကွန်ပျူတာပြဿနာကို မည်သို့မှ ရှာ၍ မရဖြစ်ခဲ့ပါသည်။ (တတ်မှ မတတ်တာ ပြဿနာကို ဘယ်တွေ့ပါမလဲ .. ဟီး) မိမိ အဖြေရှာသည်က စီဒီရွမ်ပြဿနာဖြစ်သော်လည်း တစ်ခြားပြဿနာများသာ တွေ့ရလေသည်။ ကွန်ပျူတာ COMS ဓါတ်ခဲ အားနည်းခြင်းနှင့် အိုင်ဒီအီးကေဘယ်ကြိုးမကောင်းခြင်း တို့သာ တွေ့ရ၍ လဲသင့်ကြောင်းပြောပြီး ၀ယ်ယူတပ်ဆင်ပေးခဲ့ပါသည်။ စီဒီရွမ်ကိုတော့ မိမိမပြင်တတ်သည့်အတွက် ရန်ကုန်ရှိ KMD ကို ပို့ရန် အကြံပေးခဲ့ပါသည်။ ဘာမဟုတ်သည့် ကွန်ပျူတာ ပြဿနာကို ရှာရင်းဖြင့် ညနေစောင်းထိ အချိန်ကုန်ခဲ့သည်။ ညပိုင်း (၇)နာရီလောက်တွင် သူငယ်ချင်း၏ ဖခင်က တောင်ငူရှိ ရွှေဆံတော်စေတီတော်ကို လိုက်လံပို့ဆောင် ပေးပါသည်။ ရွှေဆံတော်ဘုရား၏ သမိုင်းကို မေးကြည့်ရာ သိသူနည်းသဖြင့် သေချာမသိရှိခဲ့ပါ။ ရွှေဆံတော် စေတီတော်သည် အရှေ့၊ အနောက်၊ တောင်၊ မြောက် မုဒ်ဦး လေးခုရှိပါသည်။ ရင်ပြင်တော်သည် အနည်းငယ် ကျယ်သည်။ ဘုရားဖူးပြီး အပြန်လမ်းတွင် လူအုံနေသော အကြော်ဆိုင် ကို တွေ့ရာ အကြော်ဝယ်ပါသည်။ ရရှိသော အကြော်များမှ ပြောင်းဖူးကျော်နှင့် ကြက်သွန်ကြော်များ ဖြစ်ပါသည်။ အကြော်ကို ဆီထမင်းဖြင့် တွဲရောင်းနေပါသည်။ ၎င်းတို့၏ အကြော်ကို စားရဖို့ တော်တော်ကို စောင့်ခဲ့ရပါသည်။ မိမိတို့တည်းခိုသည့် နေရာရောက်တော့ ကြက်သွေးခဲ၊ ပဲဟင်းနှင့် ရုံပတီးသီးကြော်ဟင်းတို့ဖြင့် ထမင်းစားကြပါသည်။ ထို့နောက် မြ၀တီရုပ်မြင်သံကြားမှ ပြသနေသော လူရွှင်တော်ဖလား ဗိုလ်လုပွဲကို ကြည့်ကြပါသည်။ လူရွှင်ဖလားမှာ ဗိုလ်လုပွဲဖြစ်သည့်အတွက် တော်တော်ရယ်စရာ ကောင်းလောက် အောင် ပြက်လုံးများ ထုတ်ကြလေသည်။ ထို့နောက် ခရီးပန်းလာသည့်အတွက် ည(၁၀)နာရီတွင် အနားယူ အိပ်စက်ခဲ့ကြပါသည်။ တနင်္ဂနွေနေ့ နံနက်(၈)နာရီမှ အိပ်ယာမှ နိုးပါသည်။ ရေချိုးပြီးသည်နှင့် သူငယ်ချင်း၏ ဖခင်က ၎င်း၏ ကားဖြင့် ဘုရားဖူး သွားရန် စီစဉ်လေသည်။ ကားမောင်းမည့်သူ သွားရောက်ခေါ်ပြီး ကောင်းမှုတော် စေတီတော်သို့ သွားရောက်ဖူးမျှော် ကြပါသည်။ ကောင်းမှုတော်စေတီတော်၏ သမိုင်းကြောင်းလည်း မေး၍ မရခဲ့ပါ။ ထိုနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ဘေးလမ်းကြားမှ ၀င်၍ သွားရသော ဇီးဖြူပင်ဆရာတော် ဓမ္မရိပ်သာသို့ သွားရောက်ကြပါသည်။ ဇီးဖြူပင်ဆရာတော် ဓမ္မရိပ်သာ သည် မြို့ပင်ရှိ တောအုပ်ပတ်ဝန်းကျင်လေးတွင် ဘုန်းကြီးကျောင်းနှင့် ဓမ္မရိပ်သာ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ဆရာတော် ကျောင်းသို့ ရောက်သည်နှင့် ဆရာတော်ကို ဖူးတွေ့ကြပါသည်။ မိမိတို့ ဆရာတော်ကြီး၏ ကျက်သရေ ကျောင်းဆောင်တော်သို့ ရောက်ရှိသည့်အချိန်တွင် ဆရာတော်ကြီး ဘေးတွင် သံဃာတော်ဆရာတော်နှစ်ပါးနှင့် လူကြီးတစ်ယောက်၊ ကလေးငယ် တစ်ယောက် တို့က ခြေဆုပ်လက်နှယ် ပြုလုပ်နေကြပါသည်။ ဆရာတော်ကြီးက ရယ်စရာ စကားများပင် မိန့်နေသေးသည်။ ဆရာတော်ကြီးသည် သက်တော် တော်တော်ကြီးမည်ဟု ခန့်မှန်း မိပါသည်။ အသားအရည်မှာ စင်ကြယ်သော အသားအရည်ကို မြင်တွေ့ခဲ့ရပါသည်။ ဆရာတော်ကြီးသည် တန်ဆောင်မုန်း လဆန်း(၈)ရက်နေ့တွင် သက်တော်(၁၀၀)တိတိ ပြည့်မှာ ဖြစ်ကြောင်းလည်း သိခဲ့ပါသည်။ ထို့နောက် ၀ိပဿနာတရားထိုင် အားထုတ်ရာ ဓမ္မာရုံအား ကြည့်ရှုခဲ့ပြီး ပြန်ခဲ့ကြပါသည်။ အပြန်လမ်းတွင် ဆရာတော်ကြီးသည် ရဟန္တာများ ဖြစ်လေမလားဟု တွေးတော မိသည်။ ထိုအတွေးဖြင့် ဆရာတော်ကြီးကို ကြည်ညိုနေမိသည်။ မိမိ၏ တွေးတောမှုကို မအောင့်နိုင်တော့ပဲ သူငယ်ချင်း၏ ဖခင်ကို မေးကြည့်မိရာ ဆရာတော်ကြီးကို ရဟန္တာဟု တောင်ငူမြို့သူမြို့သားများက သမုတ်ထားကြောင်း ပြောဆိုပါသည်။ ဆရာတော်ကြီးကို ခြေဆုပ်လက်နှယ်မပြုစုလိုက်ရသည့်အတွက် ၀မ်းနည်းသလို ခံစားရသည်။ သို့သော် ငါ ဒီတစ်သက် ရဟန္တာ သူမြတ်ကို ဖူးတွေ့ပြီးပြီဟု တွေးမိပြီး ပီတိဖြစ်မိသည်။ ဤခရီးစဉ်ကိုလည်း ကျေနပ်မိသည်။ ထို့နောက် ပျဉ်းမနားသို့ ရထားဖြင့် ပြန်ရန် ဘူတာသို့ ထွက်ခဲ့ကြပါသည်။ ရထားသည် ၁၁း၂၀ တွင် ဆိုက်ရောက်မည့် ရထားဖြစ်သော်လည်း ၁၂း၂၀ မှ ဆိုက်လေသည်။ အထက်က ပြောခဲ့သလိုပင် မြန်မာ နိုင်ငံ၏ အချိန်တိကျမှုသည် နှိုင်းစရာပင် မရှိပါ။ (နှိုင်းလို့လည်း မရပါ) အပြန်ခရီးတွင် မိမိ ဖူးတွေ့ခဲ့ရသော ရဟန္တာ ဆရာတော်ကြီးအား တွေးဖူးမျှော်ကြည်ညိုရင်း လိုက်ပါ ခဲ့ပါတော့သည်။ မောင်စေတနာ
0 ယောက် မှတ်ချက်ပြုသည်:
Post a Comment