15.7.08

မန်းမြေသို့ ရောက်ရှိခဲ့ခြင်း

“ ဟလို ... အမိန့်ရှိပါ ”
“ သူငယ်ချင်း ... ငါပါ ... မင်း မန္တလေး လိုက်မှာလား ”
“ ဟ ကောင်းတာပေါ့ ... ငါလဲ မန္တလေး မရောက်ဖူးသေးဘူး ... မင်း ဘယ်တော့သွားမှာလဲ ... ”
“ ၁၁ ရက်နေ့လေ .. လိုက်မယ်ဆို လက်မှတ်ဖြတ်ထားလိုက်မယ်နော် ”
“ အေး ကောင်းတယ် သူငယ်ချင်း. ဖြတ်ထားလိုက် ”
မန္တလေး မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးကို ဖူးချင်ခဲ့သည်မှာ ကြာခဲ့ပြီ။ သို့သော် ခရီးသွားခြင်းကို ၀ါသနာမထုံသော၊ ပျင်းသော ကျွန်တော့်အတွက် ရောက်အောင် လဲ မကြိုးစားသလို ရောက်ဖို့လဲ ကံမပါခဲ့သည့်အတွက် မန္တလေးတွင် ဦးလေးတစ်ယောက် ရှိသော်လည်း တစ်ကြိမ် တစ်ခါမှ မရောက်ခဲ့ပါ။ ယခုလဲ သူငယ်ချင်းက ဖုန်းနဲ့ လှမ်းမေး၍ ပြီပြီးရော ဆိုပြီး ပြောလိုက်ခြင်း ဖြစ်သည်။ ၁၁ ရက်နေ့ ရောက်သော် ကျွန်တော် ဘ၀တွင် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ခရီးသွားခါနီးတွင် အလုပ်အမြဲပေါ်၊ အမြဲရှုပ်သော ဖြစ်စဉ် ဖြစ်ပေါ်လာခဲ့သည်။ မန္တလေး ရထားက ည ၁၀ နာရီထွက်မှာ။ ည ၈ နာရီအထိ အလုပ်က လုပ်နေရတုန်း။ ခရီးအစီအစဉ် ပျက်ပြီးလို့ကို ထင်ခဲ့သည်။

သို့သော် မဟာမြတ်မုနိဘုရားကြီးကို ဖူးဖို့ ကံပါလာ၍ ထင်သည်။ ည ၈ နာရီခွဲတွင် ဆိုင်ကယ်ဖြင့် ဘူတာရုံသို့ လိုက်ပို့သဖြင့် သူငယ်ချင်းဖြင့် တွေ့ပြီး မန္တလေးသို့ ရောက်ခဲ့လေသည်။ ကျွန်တော် ခရီးမသွားခြင်းရခြင်း အဓိက အကြောင်းရင်းက မြန်မာနိုင်ငံရှိ ရထားကိုစီးရသည့် အတွက်ကြောင့် ဖြစ်သည်။ အင်မတန် နှေးသည့်အပြင် ဘူတာတိုင်း ရပ်ခြင်း ဖြစ်သည်။ စိတ်ညစ်စရာ အရမ်းကောင်းသည်။ ခရီးမတွင် ။ အချိန်ကုန်သည့်အတွက် ရထားစီးရမည့် ခရီးဆိုလျှင် ရှောင်ခဲ့သည်။ ထိုနေ့ကလဲ ရထားက နှေး၊ ဘူတာတိုင်း ရပ် ဆိုတော့ စိတ်ကုန်နေသည့် စိတ်က ပိုစိတ်ကုန်ခဲ့သည်။

မန္တလေးဘူတာသို့ နံနက် ၇ နာရီကျော်တွင် ရောက်ရှိသည်။ သူငယ်ချင်းက အိမ်က ကားကို ခေါ်ထားသည့် အတွက် အဆင်ပြေသည်။ စနေနေ့နှင့် တနင်္ဂနွေ နှစ်ရက်စလုံးကို နေရာအနှံ့ ပို့ပေးမည်ဟု ဆိုသည်။ စနေနေ့ နံနက်တွင် မန္တလေးသို့ရောက်ပြီး အရင်ဦးစွာ မန္တလေးဘူတာတွင် နံနက်စာ စားကြသည်။ ဆိုင်တွင် ထမင်းသုတ် မှာစားရာ ပန်းကန်အကြီးကြီးဖြင့် ထမင်းသုတ်ကို လာချပေးသည်။ အရံအဖြင့် ငံပြာရည်၊ တိုစရာနှင့် မုန့်ဟင်းခါး ဟင်းရည် (ကျွန်တော်တို့အတွက်တော့ ရန်ကုန်မုန့်ဟင်းခါး ဟင်းရည်နှင့် တစ်ခြားစီပင်) လာချပေးသည် ။ ထူးထူး ဆန်းဆန်း ဆိုတော့ အံ့သြော်မိသည်။ ဒါနဲ့ စားသောက်ကြည့်သည်။ လက်ရာက ညံ့ထော်နေသည်။ သို့သော် ဗိုက်ဆာ နေ၍ တစ်ပန်းလုံး ကုန်သွားသည်။

မန္တလေးဘူတာမှ သူငယ်ချင်းအိမ်သို့ သွားကြသည်။ အိမ်က မန္တလေး ကျုံးကြီးရှေ့တွင်ဖြစ်သည်။ အိမ်ရောက်ပြီး မကြာပါ။ မန္တလေးမြို့ကို စတင် လည်ပတ်သည်။ အရင်ဦးစွာ ဦးပိန်တံတားသို့ ပို့ပေးသည်။ ဦးပိန်တံတားတွင် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြသည်။ ပြီးနောက် ကဏာန်း ကောင်ကြီးများသည် စားချင်စဖွယ် ဖြစ်နေသည့် အတွက် တစ်ကောင် ၃၀၀ ဖြင့် ၀ယ်စားကြည့်ရာ အဆင်မပြေပါ။ ထို့နောက် ရတနာပုံတက္ကသိုလ်ကို အပြင်မှ ကြည့်ခဲ့သည်။ ရတနာပုံတက္ကသိုလ်သည် ရန်ကုန်ရှိ ဒဂုံတက္ကသိုလ်၊ တာဝ တက္ကသိုလ်များထက် များစွာ သာလွန် ကောင်းမွန်ပါသည်။

အဲဒီနောက် မန္တလေး ကန်တော်ကြီးရှိ ဆိုင်တစ်ဆိုင်တွင် ထိုင်ပြီး လေညင်းခံ အသုတ်များ ၀ယ်စားကြသည်။ အသုတ်များမှာ ခါကြက်ဥသုတ်၊ (ကျွန်တော်တို့ အတွက်တော့ ထူးဆန်းသော နာမည်ဖြစ်သည်၊ သုတ်ထားတာက မုံလာဥနီကို သုတ်ထားခြင်း ဖြစ်သည်။)၊ ခရမ်းချဉ်သီးသုတ်နှင့် ကျောက်ပွင့်သုတ် တို့ ဖြစ်သည်။ ညနေစောင်းချိန်တွင် မဟာမုနိဘုရားကြီးကို သွားရောက် ဖူးပါသည်။ နောက် အိမ်သို့ ပြန်နားခဲ့ကြသည်။

တနင်္ဂနွေနေ့မှာတော့ နံနက်ပိုင်း လဘ္ကက်ရည်သောက်ပြီး မန္တလေးကျုံးထဲရှိ မြနန်းစံကျော် နန်းတော်ကို ၀င်ရောက် ကြည့်ရှုကြသည်။ သိပ်ကို အံ့သြေ ခဲ့ရသည်။ ရှေးတုန်းက မြန်မာလက်ရာများ ကမ္ဘာ့အဆင့်မီမှန်း သိခဲ့ရသည်။ မင်းတုန်းမင်း ထိုင်ခဲ့သော ပလ္လင်၊ သီပေါမင်း ထိုင်ခဲ့သော ပလ္လင်၊ နန်းဆောင်များ၊ မျှော်စင်များ အသေးစိတ် ကြည့်ရှုခဲ့သည်။ ကင်မရာ မယူသွားခဲ့ခြင်းကြောင့် နောင်တရမိသည်။ နောက်တစ်ခေါက် ရောက်ဖို့ ဆိုတာ မလွယ်ကူပါ။

နေ့လည်ပိုင်းတွင် မန္တလေး တောင်ပေါ်သို့ တက်ခဲ့သည်။ မန္တလေးတောင်က နိမ့်သည်ဟု ထင်ရသော်လည်း တကယ်တမ်း တက်ကြည့်တော့ တော်တော် မြင့်သည်။ အပေါ်ရောက်တော့လဲ ရှုခင်းက တော်တော်လှသည်။ မန္တလေး တစ်မြို့လုံးကို မြင်ရသည်။ ဧရာဝတီမြစ်ကြီးနှင့် မန္တလေးမြို့၏ အလှသည် အင်မတန်မှ ရှုချင်စဖွယ် ဖြစ်နေသည်။

ညနေပိုင်းကျသော ၆ လပိုင်းထဲမှာ ဧရာဝတီမြစ်ထဲက တွေ့ရှိတဲ့ ပေါ်တော်မူ ဘုရားငါးဆူကို သွားရောက်ဖူးမျှော် ခွင့်ရခဲ့သည်။ ဤဘုရားများကို မိမိဘ၀တွင် ဖူးတွေ့ဖို့ဆိုသည်မှာ အင်မတန်မှ ခဲရင်းလှသည်။ ကြုံကြိုက်မှုသည် ဆန်းကြယ် လှပါသည်။ ဤခရီးစဉ်ကိုလည်း ကျေနပ်မိသည်။ လိုက်ပို့သော သူငယ်ချင်းကိုလဲ အင်မတန်မှ ကျေးဇူးတင်မိသည်။

ညပိုင်းရောက်တော့ ရွှေမန်းသူ ကားဖြင့် ပြန်လာခဲ့သည်။ နှစ်ရက်လုံး ပင်ပန်းခဲ့သည့်အတွက် ကားပေါ်တွင် မိမိ ကြုံခဲ့ရသော အတွေ့အကြုံလေးများကို စဉ်းစားရင်း လိုက်ပါလာတော့သည်။


မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: