Thursday, November 26, 2009

မြန်မာအဘိဓာန်

မြန်မာအဘိဓာန်ကို ရထားတာ ကြာပါပြီ။ စာရေးတဲ့အချိန်တွေမှာ တော်တော်အသုံးဝင်လို့ သုံးနေမိတယ်။ စာအုပ်ဝယ်ရင် အခွေပါ ပေးတယ်။ မိမိ ၀ယ်တာတော့ မဟုတ်ပါဘူး။ မိမိရဲ့ မိတ်ဆွေတစ်ယောက် ၀ယ်သုံးတာ။ သူက ပြန်ပေးတာ။ စာအုပ်တော့ မရှိဘူး။ အခွေတော့ ပွားထားတာ။


အခု စာဖတ်သူတွေကို သတိရလို့ ဖော်ပြပေးလိုက်ပါတယ်။ မဖြစ်မနေ ရှိသင့်တဲ့ မြန်မာအဘိဓာန်ပါ။ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့က ကြိုးကြိုးစား ပြုစုထားတာပါ။ မိမိကတော့ သဘောကျတယ်။ ကျေးဇူးလဲ တင်မိတယ်။ ကဲ ဒီမှာသာ Download ယူပေးတော့။

မောင်စေတနာ

Tuesday, November 24, 2009

အတွေး အက်ဆေး

မိမိအနေနဲ့ လောကကြီးမှာ နေရတာ ပျော်လာမိသည်။ သူမအကြောင်းများကို တွေးမိလျှင် ပိုပျော်သည်။ ရာသီတိုင်းမှာ ပွင့်တဲ့ ပန်းတွေက နဂိုမြင်ကျထက် ပိုလှလာသည်။ ကျေးငှက်များ အော်သံများက သာယာ လာသည်။ လောကကြီးမှာ လှပတဲ့အရာတွေ၊ သာယာတဲ့ အသံတွေ များစွာ ရှိနေမှန်း သိလာရသည်။

သူမကို ချစ်သည်။ သူမ၏ အလှသည် ရိုးရှင်းပြီး ကြည့်ကောင်းသည်။ သူမ၏ အသံသည် မိမိ၏ နားတွင် ချိုသာနေသည်။ သူမနှင့် ပတ်ဝန်းကျင်သည် လိုက်ဖက်နေသည်။ သူမကို ချစ်တတ်လာတော့ အချစ်ဆိုတာကို ဒီလို နားလည်လာသည်။ ပေးဆပ်ခြင်း၊ အကောင်းမြင်ခြင်း၊ နားလည်ပေးခြင်း၊ ခွင့်လွှတ်ပေးခြင်းနှင့် အနိုင်မယူခြင်း တို့ဖြစ်သည်။

မိမိအတွက် အချစ်ဆိုတဲ့အရာက သူမဆီက ရယူခြင်းထက် သူမကို ဘာတွေ ပေးဆပ်ရမလဲသာ တွေးမိသည်။ ချစ်တဲ့သူတိုင်း ဖြစ်တဲ့ စိတ်ပဲ ဖြစ်လိမ့်မည်။ သူမ စိတ်ပျော်စေချင်သည်။ သူမ စိတ်ညစ်စေမယ့် အရာကို မလုပ်မိအောင် ဆင်ခြင်မိသည်။ သူမအတွက် ဘာပေးဆပ်ရင် သူမ ပျော်လေမလဲသာ အမြဲတွေးလာမိသည်။

ဒါ့အပြင် ယခင်ကထက် လောကကြီးကို အကောင်းမြင်လာသည်။ ဟိုသီချင်းကို ကြားယောင်မိသည်။ အချစ်နဲ့ အရာရာ အကောင်းတိုင်း ဖြစ်စေမယ်။ မိမိသည်လည်း အရာအားလုံး ယခင်ထက် ပိုမို အကောင်းမြင်လာသည်။


မောင်စေတနာ

Sunday, November 22, 2009

Search Box ပြဿနာ

မိတ်ဆွေတစ်ယောက်ရဲ့ ကွန်ပျူတာမှာ Local Disk (D:) ကို Double Click လုပ်ပြီး ဖွင့်တာ Search Box ကျလာတယ်။ D: က ပွင့်မလာဘူး။ ဒါနဲ့ မိမိသိတဲ့ နည်းလမ်းနဲ့ ဖြေရှင်းတယ်။ မရဘူး။ တော်တော်ဆိုးတယ်။ စိတ်က တိုလာတယ်။

ဒါနဲ့ အင်တာနက်ပဲ အားကိုးရတာပေါ့။ Google မှာ ရိုက်ရှာတယ်။ ပေါ်လာပါတယ်။ English လိုရေးထားတဲ့ ဆိုက်တွေ။ များပါ့။ သူတို့ ညွှန်းတဲ့ နည်းလမ်းတွေက မိမိသိတဲ့ နည်းလမ်းတွေ များနေတယ်။ စိတ်ကလဲ ပိုတိုလာတယ်။ မရမချင်း လုပ်မယ်ဆိုပြီ လုပ်လိုက်တာ ရသွားတယ်။ ဟီး။


အကယ်၍ မိတ်ဆွေတို့လဲ ယခုဖြစ်စဉ်မျိုး ဖြစ်ခဲ့ရင် အောက်ကနည်းလမ်းအတိုင်းသာ လုပ်ပေတော့။

၁) Start ကနေ Run ကို ရိုက်ဖွင့်ပါ။
၂) Run Box ထဲမှာ regsvr32 /i shell32 ကို ရိုက်ထည့်ပြီး Enter ခေါက်။
၃) OK box တစ်ခု တက်လာလိမ့်မယ်။ Ok လုပ်လိုက်။
၎) ပြီးရင် Restart ချလိုက်။ အိုကေသွားမယ်။

ဟီး။ လွယ်တယ်မဟုတ်လား။ စမ်းကြည့်လေ။ အဆင်ပြေပါစေ။


မောင်စေတနာ

Saturday, November 21, 2009

ရည်ရွယ်သူ

ဤဇမ္ဗူလောက တစ်ခွင်တွင်
သူသာလေ အလှဆုံးပေမို့
ချစ်လို့ကို မဆုံးနိုင်ပါ့။

မြင်တွေ့သည့် အရာမှန်သမျှ
သူ့ကိုလေ မကျော်နိုင်ပြီမို့
မြတ်နိုးလို့ မဆုံးနိုင်ပါ့။

ကိုယ့်ချစ်သူ ရည်းစားပေမို့
မြှောက်စားကာ ပြောလေသည်ဟု
ဆိုလိုလျှင် ဆိုပါစေတော့
မြတ်နိုးစွာ အသည်းနင့်အောင်
ရည်မှန်းကာ ချစ်ရသူမို့
သက်ဆုံးတိုင် ချစ်ချင်ပါ၏။


မောင်စေတနာ

Friday, November 20, 2009

Search Box ထည့်သွင်းပုံ

မိမိတို့ရဲ့ ဘလော့တွေဖြစ်ဖြစ်၊ Ning Social Group တွေမှာ ဖြစ်ဖြစ် Search Box ထည့်ချင်တယ်ဆို အောက်က ကုဒ်လေးကို ယူပြီး သုံးစွဲနိုင်ပါတယ်။


Ning မှာ ထည့်ချင်တယ်ဆိုရင်တော့ Text မှာ ထည့်သွင်းရမှာပါ။ youthnetworks.ning.com နေရာမှာ မိမိတို့ရဲ့လင့်တွေကို ပြောင်းထည့်ရမှာ ဖြစ်ပါတယ်။ ဘလော့မှာဆိုရင်တော့ Add a Gadget က HTML မှာ ထည့်သွင်းရမှာပါ။


မောင်စေတနာ

Thursday, November 19, 2009

Red Alert 2 Game

၂၀၀၃/ ၂၀၀၄ တုန်းက သဲကြီးမဲကြီး ဆော့ကစားတဲ့ ဂိမ်းပါ။ ထမင်းမစား၊ ဟင်းမစားနဲ့ နေ့မအိပ်၊ ညမအိပ် ဆော့ကစားတဲ့ ဂိမ်းလဲ ဖြစ်ပါတယ်။ အဲဒီဂိမ်းကတော့ လူတိုင်းသိတဲ့ Red Alert Game ပါ။ စစ်တိုက်ရာမှ ငွေကြေးတောင့်တင်းဖို့၊ လူအင်အားများဖို့၊ ပရိယာယ်ကြွယ်ဝဖို့ စတာတွေ အများကြီးလိုတဲ့ ဂိမ်းလေးပါ။


နေရာတိုင်းမှာလဲ ရှိနေပါတယ်။ မိမိလဲ သူငယ်ချင်းတစ်ယောက် အကူအညီကြောင့် ရခဲ့တာပါ။ သူငယ်ချင်း ပို့ပေးလို့ ဒီဂိမ်းလေးကို ရရှိခဲ့ပြီး ဆော့ကစားခဲ့တာပါ။ အခု လိုအပ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာသာ Download (1) Download (2) ယူပေတော့။

မောင်စေတနာ

Saturday, November 14, 2009

Discovery of Water on the Moon

ဒီကနေ့ NASA က ကြေငြာချက် တစ်ခု ထုတ်ပြန်ပါတယ်။ လကမ္ဘာပေါ်မှာ ရေရှိခဲ့တဲ့ သဲလွန်စ တစ်ခု တွေ့ရှိကြောင်း ကြေငြာချက် ဖြစ်ပါတယ်။ ၎င်း ရေဟာ နေရောင်ခြည်ကြောင့် ပျောက်ကွယ်ခဲ့ရသည်ဟုလဲ ခန့်မှန်းကြောင်းနှင့် ကြီးမားသော အရာတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး များစွာသော သုတေသနများ ပြုလုပ်အုံးမှာ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။ အင်္ဂလိပ်စာ ဘာသာပြန် အားနည်းမှုကြောင့် အမှားအယွင်း ရှိနိုင်ပါတယ်။ အသေးစိတ်ကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

NASA HAS announced that there is water on the moon. The evidence of this water was discovered after the NASA spacecraft LCROSS (Lunar Crater Observatory and Sensing Satellite) discovered water ice beds at the lunar south pole, when it impacted the moon. Cabeus - the lunar south pole crater was intentionally impacted by LCROSS on Friday, October 9.

The LCROSS spacecraft, which was built at a cost of $79 million, crashed the lunar surface so that scientists could probe the debris for the presence of water. The project scientist Anthony Colaprete, who is also the principal investigator for NASA's Ames Research Center at Moffet Field, said "Indeed yes, we found water. And we didn't find just a little bit, we found a significant amount."


video


It might be remembered that Chandrayan, the Indian lunar probe had found evidence of water on Moon and shared the findings with NASA almost a month ago. Chandrayan has NASA’s lunar analysing equipment fitted on board.


For long, scientists have suspected that there is water on the surface of moon, particularly at its south pole, which is permanently shadowed by craters. These craters have frozen water since the temperature is cold. NASA has been analysing the debris of the lunar crater by its sensing satellite and is planning to launch a mission to the moon by 2020.

(Referrent: http://www.merinews.com)

မောင်စေတနာ

Friday, November 13, 2009

သူမ

အိပ်ရာက နိုးသည်နှင့် သူမကို ပြေးမြင်မိသည်။ အတွေးပုံရိပ်မှာ အရိပ်လာထင်သည့်အတွက် မိမိကိုယ်မိမိ ပြုံးမိသည်။ မနက်ခင်းကို သူမနှင့် နိုးထနေတတ်ပြီ။ ဟိုတုန်းကဆိုလျှင် မိမိအတွက် နေ့ရက်တိုင်းက အလုပ်နှင့် အထီးကျန်မှုသာ ယှဉ်တွဲနေခဲ့သည်။ ယခုတော့ အလုပ်နှင့် ပျော်ရွှင်မှုက မိမိဘ၀ကို တိုးဝင်လာပြီ။

တစ်ကိုယ်ရေ တစ်ကာယ နေထိုင်မှုကို နှစ်သက်ခဲ့သည့်အတွက် တစ်ဦးတည်း တစ်ယောက်ထဲသာ နေထိုင်ခဲ့သည်။ လူများသည့် ပတ်ဝန်းကျင်သည့် မိမိနှင့် မကိုက်ညီဟု တွေးထင်မိသည်။ သို့ပေမယ့် ၎င်းနှင့် ယှဉ်တွဲပြီး ပါလာသည်က အထီးကျန်မှု။ အလုပ်နှင့် ယှဉ်တွဲပါလာသည်က လူ/စိတ်ပင်ပန်းမှု။

ယခုဆိုလျှင် သူမကြောင့် ပျော်ရွှင်မှုများကို ရရှိလာလေပြီ။ လွမ်းစရာ ရှိလျှင် လွမ်းတတ်လာသည်။ ရယ်မောစရာရှိလျှင် လွတ်လွတ်လပ်လပ် ရယ်မောတတ်ပြီ။ သူမနှင့် ဝေးနေသည့်အချိန်တွင် လွမ်းရသည့် ခံစားချက်ကို သိလာလေသည်။ သတိရလွမ်းဆွတ်မှု အရသာကို ကောင်းကောင်း ခံစားတတ်လေပြီ။

အလုပ်ကြောင့် ဖြစ်စေ၊ လူကြောင့်ဖြစ်စေ စိတ်ပင်ပန်း၊ လူပင်ပန်းသည့်အခါ တစ်ဦးတည်း ကြိတ်ခံစားခဲ့ရာမှ သူမကို ဖွင့်ဟ ၀န်ခံတတ်လာပြီ။ ကိစ္စတော်တော်များများကို သူမအား အသိပေးပြီးမှ လုပ်ဆောင်တတ်လာသည်။ သူမက မိမိဘ၀အတွက် အရေးအကြီးဆုံး နေရာတွင် ၀င်ရောက်လာလေပြီ။ မိမိ ဘာလုပ်လုပ် သူမကို စဉ်းစားမိလာသည်။ အစားကောင်း စားရလျှင် သူမကို ဦးစွာ သတိရမိသည်။

မည်သို့ပင်ဖြစ်စေ မိမိဘ၀သည် စိုပြေမှုနှင့် ပျော်ရွှင်မှုကို ခံစားလာရသည့်အတွက် သူမအား ကျေးဇူးတင်မိသည်မှာ အမှန်ပင်။ ကျေးဇူးတွေကို မိမိဘ၀တစ်ခုလုံး ပုံအပ်၍ ဆပ်ခွင့်ရှိမည် ဆိုလျှင် . . . .


မောင်စေတနာ

Sound Recorder

Sound Record လုပ်တဲ့နေရာမှာ ရိုးရှင်းပြီး သုံးလို့ကောင်းတာလေ ဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။ ဘယ်ဆိုက်က ရမှန်းတော့ မမှတ်မိတော့ဘူး။ မိမိတင်တဲ့ ဆော့ဝဲလ်တွေအားလုံးကတော့ Google မှာ ရှာတယ်။ English Blog တွေက ဒေါင်းလုပ်ဆွဲတယ်။ မိမိ သုံးချင်တာတွေကို သူငယ်ချင်းတွေကို အကူအညီတောင်းတယ်။ ဘာကြောင့်လဲ ဆိုတော့ English Blog တွေမှာ တင်ကြတာက Rapidshare တွေ များတယ်။


မိမိက ငမွဲဆိုတော့ လိုချင်ပြီဆိုရင် Rapidshare အကောင့်ရှိတဲ့ သူငယ်ချင်းတွေကို အပူကပ်တယ်။ ဟီး။ ရလာရင် သုံးတယ်။ ကြိုက်ရင် ပြန်ပြီး အားလုံးဆွဲလို့ရမယ့် Google Sites မှာ ပြန်တင်ပေးတယ်။ ကဲ ကြာပါတယ်။ စိတ်ဝင်စားသူများ ဒီမှာ Download ယူပါ။


မောင်စေတနာ

Wednesday, November 11, 2009

Happy Birthday


Happy Birthday ပါ ချစ်သူ။ ဒီနေ့က ချစ်သူရဲ့ မွေးနေ့ပါ။ ထူးထူးကဲကဲ အမျိုးသားနေ့နဲ့ တိုက်ဆိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ချစ်သူ ယနေ့ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် မိမိနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။


video


မွေးနေ့ပွဲကို မိမိနှင့်အတူ မကျင်းပမပြုလုပ်နိုင်တဲ့အတွက် စိတ်မကောင်း ဖြစ်ရပါ၏။ နောင် မွေးနေ့ပွဲများကို မိမိနှင့်အတူ ကျင်းပပြုလုပ်နိုင်ရန်အတွက်လည်း ဆုတောင်းလိုက်ပါတယ်။

မောင်စေတနာ

Tuesday, November 10, 2009

Text to Speech Maker


English Text တွေကို အသံထွက် နားထောင်ချင်ရင် အခုဖော်ပြတဲ့ ဆော့ဝဲလ်က သင့်တော်ပါတယ်။ မိမိတို့အနေနဲ့ Listen Skill အတွက် English အသံထွက်ကို များများနားထောင်ရမှာ ဖြစ်ပါတယ်။ English စာမှာ Listening, Speaking , Writing တို့နဲ့ ပြည့်စုံရမယ်ဆိုတာ အားလုံးအသိပါ။

လေ့ကျင့်မှုတွေထဲမှာ Listening က ဦးဆုံးဆိုတဲ့အတွက် Listening နဲ့ ပတ်သက်တဲ့ English Text Speak ဆော့ဝဲလ်လေးကို ဖော်ပြပေးခြင်းပါ။ အသုံးဝင်တဲ့အတွက် မဖြစ်မနေ ဆောင်ထားသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

မောင်စေတနာ

Monday, November 9, 2009

Junction Center


နေပြည်တော်မှာ Junction Center က နည်းနည်း နာမည်ကြီးနေတယ်။ ရန်ကုန်သူ ရန်ကုန်သားတွေ စုဝေးတဲ့ နေရာလို့လဲ ဆိုရမယ်။ ရန်ကုန်က ၀န်ထမ်းတွေ နေပြည်တော်ကို ပြောင်းရွှေ့လာကြရတော့ ရန်ကုန်က Shopping Center တွေကို လွမ်းနေကြမှာ မလွှဲပေါ့။

ဒီအချိန်မှာ Junction Center က ရန်ကုန် အလွမ်းပြေပေါ့။ ရန်ကုန် Shopping Center တွေမှာ လိုချင်တာကို တစ်နေရာထဲမှာ ရတော့ လူသက်သာပြီး စိတ်ချမ်းမြေ့ရတယ်။ ပိတ်ရက်ဆို လူကို တိုးနေရတယ်။ ဈေးဝယ်ကြ၊ ရုပ်ရှင်ကြည့်ကြနဲ့ လူကို ပြည့်နေတယ်။

ဒီတစ်ပတ် ပိတ်ရက်တနင်္ဂနွေနေ့မှာ နေပြည်တော် ရောက်တုန်း ရုပ်ရှင်ကြည့်ဖြစ်တယ်။ ကားက မာမီရှိန်းတဲ့။ အချစ်ဟာသ ဇာတ်မြူးလေး။ ရုပ်ရှင်ရုံက Mini လေးပါ။ အရာရာကို လေ့လာတတ်တော့ ခုံတွေကို ရေကြည့်မိတယ်။ တစ်တန်းမှာ (၁၈)ခုံ၊ (၁၂)တန်းဆိုတော့ ၂၁၆ ခုံရှိတယ်။ ဈေးနှုန်းတွေက ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀ တဲ့။ ခြားနားထားတဲ့ စည်းတွေတော့ မတွေ့ဘူး။ မိမိတို့ တက္ကသိုလ်ကျောင်းတွေမှာ သင်တဲ့ စာသင်ခန်းတွေလိုမျိုး။ အောက်ကနေ အပေါ်ကို မြင့်တက်သွားတယ်။ အမြင့်ဆုံးက ၂၀၀၀။

၁၅၀၀ တန်းက ကြည့်ဖြစ်တယ်။ မိမိတို့နောက်မှာ ခုံတန်းနှစ်တန်းပဲ ရှိတော့တယ်။ အဲဒါက ၂၀၀၀ တန်းတဲ့လေ။ ရုပ်ရှင်ရုံအနေအထားကို သေချာကြည့်မိတယ်။ အောက်က ကော်ဇော်အနီ ခင်းထားတယ်။ လူတွေက မုန့်တွေစားပြီး အမှိုက်တွေ ပစ်ချတယ်။ ကုန်ပါပြီ ကော်ဇော်တော့။ Standard ကတော့ ခပ်မြင့်မြင့်ပဲ။ ထိုင်ခုံတွေက ဆိုဖာအသေးစားတွေ။ ကြာကြာ ထိုင်ကြည့်တာ မညောင်းဘူး။ Air Con ကတော့ အေးပါတယ်။ ရုံက သေးတာကိုး။ :)

ရုပ်ရှင် စပြပါပြီ။ မာမီရှိန်း .... ရန်အောင်၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ သဉ္ဖာဝင့်ကျော် တို့ပါတယ်။ ဇာတ်ကားက တော်တော် ရယ်ရတယ်။ မကြည့်ရသေးရင် သွားကြည့်ကြလေ။ ကောင်းတယ်။ ညွှန်းလိုက်ပြီနော်။ :)

မောင်စေတနာ

Sunday, November 8, 2009

ဆိုင်ကယ်ပြိုင်မောင်းမယ်


ဆော့ချင်လို့ လိုက်ရှာနေတာ မရခဲ့ဘူး။ ဒါနဲ့ သူငယ်ချင်းတစ်ယောက် ဂိမ်းမျိုးစုံပါတဲ့ အခွေကို ၀ယ်လာတော့ အဲဒီအခွေထဲ ပါလာတယ်။ ဆိုင်ကယ် ပြိုင်မောင်းတဲ့ ဂိမ်းလေးပါ။ လမ်းသရဲတွေ ပြိုင်တာ။ ထိုးတာ ကြိတ်တာတောင် ပါသေး။

ရဲကလဲ လိုက်ဖမ်းတယ်။ ဆိုင်ကယ်က ပြိုင်ရတာ အစီး(၁၅)စီး။ ပထမ၊ ဒုတိယ၊ တတိယ ရမှ ပိုက်ဆံရတယ်။ အဲဒီက ရတဲ့ ပိုက်ဆံနဲ့မှ ဆိုင်ကယ်ကို ၀ယ်လို့ရတယ်။ ပြောတာ ကြာပါတယ်။ ဒီမှာသာ Download ပေတော့။

မောင်စေတနာ

လွှမ်းမိုးသူ


ဆောင်းနှင်းတွေက
ထူပိန်းစွာ ကျလာပြီ
အာရုံမှာ ပေါ်နေတဲ့
ငါ့ အလွမ်းတွေကို မဖုံးလွှမ်းနိုင်ဘူး။

နေရောင်ခြည်က
လင်းလက်စွာ ဖြာဆင်းလာပြီ
အာရုံမှာ ပေါ်နေတဲ့
မင်းပုံရိပ်လောက် မလင်းလက်နိုင်ဘူး။

ညနေဆည်းဆာက
လှပစွာ ပုံဖော်နေပြီ
အာရုံမှာ ပေါ်နေတဲ့
မင်းမျက်နှာလောက် မလှပနိုင်ဘူး။

ဘယ်အရာများက
လှပသာယာ ဖော်ဆောင်နေလဲ
ငါ့ လွမ်းဆွတ်စိတ်
မင်းပုံရိပ်နှင့် လှုပ်ရှားမှုက
အရာရာတိုင်းကို စိုးမိုးပါပြီ။


မောင်စေတနာ

Saturday, November 7, 2009

Photo Collage Software


ဒီရက်ပိုင်းအတွင်း ဓာတ်ပုံတွေ အလှဆင်တာပဲ ရှာနေမိတော့ အဲဒါတွေပဲ ဖော်ပြနေမိတယ်။ ဟီး .... အသုံးဝင်မှာပါ။ ဒီဆော့ဝဲလ်က အားလုံး ပြည့်စုံတယ် မဆိုရပေမယ့် အလကားရတာဆိုတော့ သုံးကြည့်မိတယ်။ မဆိုးဘူးလို့ ဆိုရမယ်။ အရုပ်ကလေးတွေပါတယ်။ Frame တွေပါတယ်။ Template တွေပါတယ်။

လျှောက်ကလိကြည့်တာ အပေါ်ပုံ ထွက်လာတယ်။ များများသုံးမှ ကျွမ်းကျင်မှာလေ။ မိမိကတော့ တစ်ပုံပဲ စမ်းရသေးတယ်။ ရရချင်း တင်ပေးလိုက်တယ်။ ဒေါင်းလုပ်ဆွဲရတာလဲ အဆင်ပြေမှာပါ။ ဒီမှာသာ Download ဆွဲပေတော့။ Keygen တော့ ထည့်ပေးထားတယ်။ ဖွင့်မရတဲ့သူတွေအတွက် Reg No: computer နဲ့ Reg Cod: D4E5-8CB5-F9F6-2291 ထည့်သုံးပေတော့။

မောင်စေတနာ

ဟုတ်သားပဲ

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒန်းမြို့က ဈေးကြီးကြီး ဟိုတယ်တစ်ခုကို ရောက်ခိုက် ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဂိုပါးလ်တို့ဟာ ဂျာဗာရိုးရာ ဂီတကို သာယာနာပျော်ဖွယ် တီးမှုတ်နေတဲ့ တီးဝိုင်းတစ်ခုရဲ့ ဖျော်ဖြေမှုကို ခံစားနေခဲ့ကြသည်။

တီးဝိုင်းအဖွဲ့သားတစ်ယောက် ပလွေမှုတ်နေတာကြည့်ပြီးတော့ ဂိုပါးလ်က

"သူက ပလွေအပေါက်တွေကို ဘာလို့ လက်နဲ့ ပိတ်ပိတ်ထားရတာလဲ " လို့ မေးလိုက်တယ်။ ကျွန်တော်က

" လေမထွက်အောင်လို့ပေါ့ကွာ " လို့ ဖြေလိုက်တယ်။ အဲဒီမှာ သူပြန်မေးလိုက်တာက

" ဒါဖြင့်ရင် ဒီအပေါက်တွေကို အစက ဘာလို့ ဖောက်ထားရတာတုံး " တဲ့။

Friday, November 6, 2009

သူ့အဖြေ

ဦးလေး။ ငါ့တူ မိဘတွေရဲ့ အရိပ်နဲ့ ချစ်သူအရိပ် ဘယ်ဟာက ပိုလုံခြုံမှုရှိသလဲ။

တူ။ မိဘရဲ့ အရိပ်ပေါ့ဗျာ။

ဦးလေး။ ဘာကြောင့် ပိုလုံခြုံရတာလဲ။

တူ။ ချစ်သူက တစ်ယောက်တည်းရယ်၊ မိဘက နှစ်ယောက်လေ။

Thursday, November 5, 2009

လေတံခွန်


ပစ်လွှတ်ချင်ခဲ့သော
ချစ်သ၀ဏ်လွှာ လေတံခွန်လေး
ကြာရှည်စွာ သိမ်းခဲ့ရ၏။

အချိန်ကျလို့ ပစ်လွှတ်လိုက်ရာ
မြတ်နိုးစွာ ချစ်ပါသည်
စာသားပါ လေတံခွန်လေး
ဝဲပျံကာ မင်းအနားဆီ။

မျက်တောင်မခတ်တမ်း
ငါ ကြည့်လို့နေပြီ
ဘယ်အချိန် ဖမ်းဆုပ်လေမလဲ
အချစ်လေတံခွန်ကို။

ယုံကြည်စွာ မင်းလက်ခံဖို့
အဝေးတစ်နေရာမှ
ငါ မျက်ဝန်းက မျက်တောင်မခတ်တမ်း
မင်း ပြန်ချစ်ဖို့အရေး ရင်မောစွာဖြင့်
မျှော်ကြည့်နေ၏။


မောင်စေတနာ

Window 7 တဲ့လား


မိမိစက်က Window XP SP3 ပါ။ သုံးနေရင်းနဲ့ အမည်မသိဗိုင်းရပ်စ် ကိုက်ခံလိုက်ရတယ်။ ၀င်းဒိုးဖွင့်လိုက်ရင် Desktop က ဖိုင်တွေ Icon တွေ မပေါ်တော့ဘူး။ စိတ်လေသွားတယ်။ မိမိကလဲ ဒီ Window ကို ဖြုတ်ချချင်နေတာ ကြာပြီ။ အခုတော့ Window အသစ် ပြန်တင်ရတော့မယ်ပေါ့။ တင်မယ့် တင် Window 7 ကို တင်ချင်မိတယ်။ အင်တာနက်က ရှာတော့လဲ လင့်တွေက အသေတွေများတယ်။ Microsoft က ဖျက်ခိုင်းတယ်ဆိုပဲ။

ဒါနဲ့ ဆိုင်မှာ သွားဝယ်လိုက်တယ်။ DVD တစ်ချပ်ပေါ့။ တစ်ထောင်ပဲ ပေးရတယ်။ ပြီးတာပဲ။ အလုပ်ရှုပ်လဲ သက်သာတယ်။ ရောက်ရောက်ချင် Window တင်တယ်။ အရင် အဟောင်းကို မဖြတ်မိတော့ Over ဖြစ်ပြီး ပိုလေးသွားတယ်။ Drive C: ကို ကြည့်လိုက်တော့ ပြည့်နေတယ်။ အမ် . . . တစ်ခုခုတော့ မှားမှန်းသိလိုက်တယ်။

ဒါနဲ့ အသစ်ပြန်တင်တယ်။ Window XP တင်နည်းနဲ့ ကွာတယ်။ ဒါနဲ့ Format ချဖို့တွေဘာတွေက သူက ဖုံးထားတယ်။ ဖော်ကြည့်မှရတာ။ ကွန်ပျူတာ ကိုင်လာတာ ကြာပီဆိုတော့ ဘာလာလာ အိုကေနေတယ်။ နည်းလမ်းတွေကို ကောင်းကောင်း ကိုင်တွယ်တတ်နေပြီလေ။ (ဟီး ကြွားတာ)

Window 7 တင်တာ မြန်လိုက်တဲ့ ဖြစ်ချင်။ အယ် ... မိမိစက်က Intel (R) Core(TM)2 Duo CPU 2.8GHz 2.79 GHz , 1,00 GB, 32 bit Operation System , 160 HD ပါ။ Window 7 ကို ကောင်းကောင်းနိုင်တယ် ဆိုရမယ်။ Window က ခဏပဲ တင်ရတယ်။ မြန်လိုက်တာ။ ဒီတစ်ချက်နဲ့တင် ကျေနပ်နေပြီ။

Desktop ပေါ်ရောက်ပြီ။ မြင်ကွင်းက Vista အတိုင်း။ ဒါပေမယ့် ပေါ့ပါးနေတယ်။ ကြိုက်ပြန်ပြီ တစ်ချက်။ ဟိုလုပ် ဒီလုပ်ပေါ့။ စမ်းတယ်။ စက်ပိတ်ကြည့်တယ်။ မြန်တယ်။ Good ။ ပြန်ဖွင့်တယ်။ မြန်တယ် Good ။ အယ် ပြဿနာက စပြီ။ မိမိမှာ ရှိတဲ့ ပရင့်တာက Canon Laser Shot LBP 1120 ။ သူက Window XP ထိပဲ လက်ခံတယ်။

စိတ်လေသွားတယ်။ ဘာလုပ်ရင် ကောင်းမလဲပေါ့။ ဒါနဲ့ Network ချိန်ထားတဲ့ ကွန်ပျူတာတွေက XP SP3 တွေ ။ Network လှမ်းခေါ်လိုက်တယ်။ ပြီးတော့ Printer ကို Connect လုပ်လိုက်တော့ ထုတ်လို့ရသွားတယ်။ ဟူး .. သက်ပြင်းချမိတယ်။ တော်သေးတယ်။

ဘာပဲပြောပြော Window 7 လေးနဲ့ အဆင်ပြေနေတာတော့ အမှန်ပဲ။ ထူးခြားတဲ့ မြင်ကွင်းတွေနဲ့ လှပတဲ့ ဒီဇိုင်းတွေကို မြင်တွေ့ ခံစားရင်း ... . .. .


မောင်စေတနာ

Sunday, November 1, 2009

Driver Scanner


မိမိတို့ရဲ့ စက်တွေမှာ တင်ထားတဲ့ Driver တွေ Update လုပ်ဖို့ ကောင်းတဲ့လို့ ဖော်ညွှန်းထားတဲ့ Driver Scanner ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေး မိမိတို့ စက်တွေရဲ့ Driver တွေ Update လုပ်ဖို့ လိုအပ်တာတွေကို Information ပေးမှာ ဖြစ်ပါတယ်။

အယ် ... အင်တာနက်ချိတ်ဆက်ထားဖို့တော့ လိုပါတယ်။ ဒါမှ အင်တာနက်က တိုက်ရိုက်ဆွဲပြီး Update လုပ်ပေးမှာ ဖြစ်ပါတယ်။ မိမိကတော့ မသုံးပါဘူး။ သုံးချင်သူများအတွက် ဖော်ပြပေးခြင်းပါ။ စိတ်ဝင်စားရင်ဖြင့် Download လုပ်ယူပါ။


မောင်စေတနာ