31.10.08

အချစ်ဆိုသော အရာ

နိဒါန်း
အချစ်မသိသူတစ်ယောက်ကို အချစ်ဆိုသော အဓိပ္ပါယ်ကို ရေးဖွဲ့ခိုင်းသည်မှာ ရေးဖွဲ့ရမည့်သူအတွက် ခက်ခဲလှပေသည်။ မည်သို့ပင် ဖြစ်စေ အတ္တ၊ ပရ မျှအောင် ခံစားရေးဖွဲ့ပေးလိုက်ပါတယ်။ ညီလေး ကိုတိုးလဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


အေးမြသော အချစ်

မိဘက သားသမီးကို ချစ်သော အချစ်။ ကိန်းဂဏာန်းအရ = ၅၂၈ ။ သားသမီးကို မည်သို့ ပေးရမည်ကိုသာ စဉ်းစားပြီး အယူမရှိသော အချစ်။ ထိုအရာကို မေတ္တာဟုလည်း ခေါ်ကြသည်။ မိဘများ၏ မေတ္တာတရား (အချစ်)ကို ဤကမ္ဘာလောကတွင် နှိုင်းစရာ မရှိဟုပင် ဆိုစမှတ် ပြုကြသည်။ မိဘများ၏ ရင်ခွင်သည် အမြဲခိုလှုံသင့်သော နေရာဖြစ်သည်။ မိဘ လောင်းရိပ်သည် အင်မတန်မှ အေးမြလှသည်။ ဖြူစင်သန့်စင်သော အချစ်များကြောင့် အေးမြသော ခံစားမှုများသာ ခံစားကြရသည်။

သားသမီးများထံမှ တစ်ခုတည်းသော မိဘများ၏ မျှော်လင့်မှုသည် အောင်မြင်တိုးတက် ကြီးပွားခြင်းပင် ဖြစ်သည်။ သားသမီး ကောင်းစားလျှင် ငါတို့ပါ ကောင်းစားမည်ဟုသော စိတ်ကြောင့် အောင်မြင်တိုးတက် စေလိုသော စိတ်ဖြင့် မျှော်လင့်ခြင်း မဟုတ်ပေ။ သားသမီး သက်ရှည် ကျန်းမာ ပျော်ရွှင် အောင်မြင် တိုးတက်နေလျှင် အပျော်ကြီးပျော်ပြီး ပီတိဖြစ်နေတတ်သည်။ သားသမီးများပေါ်တွင် ကြီးမားသော မျှော်လင့်ချက်များဖြင့် ပြုစုပျိုးထောင် ပေးကြသည်။ မိဘတို့၏ အေးမြ ဖြူစင်သော အချစ်အရှိန်သည် သားသမီးများ အပေါ် အမြဲ လွှမ်းခြုံထားသည်။

ထောင့်ငါးရာ အချစ်
အချစ်ကို ရယူခြင်း (သို့မဟုတ်) ပေးဆပ်ခြင်း ဟု နှစ်မျိုးခွဲခြား ပြောဆိုနေကြသည်။ တစ်ထောင့်ငါးရာ ဟုလဲ သုံးနှုန်းကြသည်။ အချစ်ကို ခံစားမိပါက ပူလောင်ခြင်း၊ ချမ်းမြေ့ခြင်း၊ သ၀န်တိုခြင်း၊ မနာလိုခြင်း၊ လိုချင်တပ်မက်ခြင်း၊ ရဲရင့်ခြင်း၊ မိုက်ရူးရဲဆန်ခြင်း၊ အနစ်နာခံခြင်း စသည်တို့ကို ခံစားကြရမည်။

ချစ်သူနဲ့ ဝေးနေမှုကြောင့် ပူလောင်ခြင်းကို ခံစားရနိုင်သည်။ ချစ်သူမျက်နှာကို မြင်တွေ့နေရလျှင် ချမ်းမြေ့ပီတိ ဖြစ်နေရပေလိမ့်မည်။ ချစ်သောသူ အခြားတစ်ယောက်နှင့် စကားပြောနေလျှင် မနာလို၊ သ၀န်တို နေရပေလိမ့်မည်။ ချစ်သူကြောင့် ရဲရင့်လာနိုင်သည်။ ချစ်သူကြောင့် မိုက်ရူးရဲ ဆန်ဆန် လုပ်လာနိုင်ပေသည်။ ချစ်သူကြောင့် အနစ်နာခံမှုများ ဖြစ်လာနိုင်သည်။

ဤကမ္ဘာလောကကြီးတွင် အချစ်နှင့် ကင်းကွာဖူးသူ ရှိမည် မဟုတ်ပေ။ ခြောက်သွေ့နေသော ကွင်းပြင်ကြီးသည် အချစ်ကြောင့် စိမ်းစိုနေသည်ဟု ခံစားရနိုင်သည်။ အချစ်ကြောင့် အေးမြနေသော ရာသီသည် ပူလောင်နေသည်ဟု ခံစားရနိုင်သည်။ အချစ်သည် အရာရာကို ဆန့်ကျင်ဖက်ဖြစ်အောင် လုပ်နိုင်လေသည်။ အချစ်သည် မျက်လှည့်တစ်မျိုးလဲ ဖြစ်သည်။

လက်ခံယုံကြည်သော အချစ်

အချစ်ဆိုသည်မှာ ချစ်နေရန်သာ လိုသည်။ အချစ်ကို ရုးမိုက်စွာ ချစ်နေရန်သာ လိုသည်။ စားလဲ ဒီစိတ်၊ အိပ်လဲ ဒီစိတ်၊ သွားလဲ ဒီစိတ် အချိန်တိုင်း အချစ်ဆိုတာ ဖြစ်ပေါ်နေရမည်။ မိမိအချစ်ကို တစ်ဖက်မှ သံသယ မဖြစ်အောင်နှင့် တစ်ဖက်သား၏ အချစ်ကိုလဲ သံသယ မဖြစ်ပဲ ချစ်ကြရမည်။ အချစ်ကြောင့် အရာအားလုံး ပြည့်စုံ နေရမည်။ ပတ်ဝန်းကျင်သည် မိမိအတွက် လေထုသဖွယ်သာ ဖြစ်နေရမည်။ လေထုဆိုသည်မှာ မြင်ရသော အရာမဟုတ်ပေ။ သွေးထိုး ကြားလေသွေး တတ်သော ပတ်ဝန်းကျင်ကိုလဲ မမြင်ရသော လေထုသဖွယ်သာ သဘောထားရမည်။

ဒါ့အပြင် အချစ်သည် အမြဲတမ်း ချစ်နေရန်၊ သံသယကင်းနေရန်နှင့် နားလည်မှု ရှိနေရန်လဲ လိုအပ်သည်။ လူတစ်ယောက်ကို ချစ်ဖို့ မခက်ခဲပါ။ သို့သော် တစ်ဘ၀လုံး ချစ်ဖို့ ခက်လှပေသည်။ တစ်ဘ၀လုံး သစ္စာရှိဖို့ ခက်လေသည်။ တစ်ဘ၀လုံး ချစ်နေမှ တစ်ဘ၀လုံး သစ္စာ ရှိနိုင်မည်ဟု ထင်မိသည်။

အချစ်နှင့် ဘ၀သည် တစ်ထပ်တည်း ကျရန် မလွယ်ကူလှပေ။ သို့ကြောင့်လဲ ချစ်ရသူနှင့် ကွေကွင်းရခြင်း ဒုက္ခ၊ မချစ်မနှစ်သက်သော သူနှင့် ပေါင်းသင်းရခြင်း ဒုက္ခများဟု ဆိုရိုးစကားများ ဖြစ်ပေါ်လာခဲ့သည်။ တစ်ချို့မှာ အရမ်းချစ်ပြီး လမ်းခွဲမှုများ ရှိခဲ့သည်။ တစ်ချို့မှာ မချစ်မနှစ်သက်ပဲ လက်တွဲခဲ့မှုများ ရှိခဲ့သည်။ အရမ်းချစ်ပြီး လမ်းခွဲခဲ့ရခြင်းမှာ တစ်ယောက်နှင့် တစ်ယောက် နားလည်မှု မရှိကြသလို တစ်ဦးအပေါ် တစ်ဦး သံသယများကြောင့် ပြိုကွဲရခြင်း ဖြစ်သည်။ တစ်ယောက်စိတ်ကို တစ်ယောက် နားလည်ပြီး အဆင်ပြေအောင် ဆက်ဆံနိုင်ပါက အချစ်ဆိုသည့် အရာကို ချိုမြိန်စွာ ခံစားနိုင်ပြီး ထိုမှတစ်ဆင့် မိသားစု ဘ၀ကိုပါ ပြည့်စုံစွာ ခံစားနိုင်မည် ဖြစ်သည်။

ချစ်လဲ ချစ်ကြပြီး တစ်ယောက်အကြိုက်ကို တစ်ယောက်လိုက်လျောခြင်း၊ နှစ်သိမ့်ပေးခြင်း၊ စိတ်ညစ်နေလျှင် ဘေးနားမှ ဖြေသိမ့်ပေးခြင်း စသည့် နားလည်မှုသဘောများကို လက်ခံကျင့်သုံးရမည် ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး သံသယကင်းစွာ ပေါင်းသင်းဆက်ဆံ ရမည်။ သံသယစိတ်သည် မိဘနှင့် သားသမီး၊ ညီအစ်ကို မောင်နှမများကိုပင် ပြိုကွဲအောင် လုပ်နိုင်လေသည်။ ထို့ကြောင့် ချစ်သူရည်းစားကြား နားလည်မှုများနှင့် သံသယကင်း စွာ ချစ်နိုင်ကြရန် လိုအပ်လေသည်။



မောင်စေတနာ

30.10.08

Google Hack



သိပ်ကောင်းလွန်လှတဲ့ ဆော့ဝဲလ်လေးပါ။ မိမိတို့ လိုချင်သည့်များကို အင်တာနက်မှ အလွယ်တစ်ကူ ရှာဖွေ ဒေါင်းလုပ် လုပ်ယူလို့ ရပါတယ်။ သီချင်း၊ စာအုပ်၊ ဗီဒီယိုများအပြင် တစ်ခြားနည်းပညာ (၉)ခုလဲ ရှာဖွေ ယူလို့ ရပါတယ်။ သုံးကြည့်ပါ။ အကြိုက်တွေ့မှာပါ။ ကျွန်တော်အတွက်တော့ အဆင်ပြေနေပါတယ်။ ဆော့ဝဲလ်ကို ဒီမှာ Click လုပ်ယူပါ။


မောင်စေတနာ

28.10.08

File list များကို အလွယ်တကူ Print ထုတ်ခြင်း

မိမိတို့ စက်ထဲမှာ ရှိတဲ့ စာရွက်ဖိုင်လေးများကို စာအုပ်များထဲတွင် ဘောပင်နှင့် ရေးသွင်း၊ ထည့်သွင်း မှတ်သား နေမည့်အစား ကွန်ပျူတာဖြင့် ထုတ်ယူမည်ဆိုပါက ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ နည်းလမ်းသည်လဲ ခက်ခက်ခဲခဲ မဟုတ်ပါ။ အသုံးဝင်သော နည်းလမ်းဖြစ်သည့် အတွက် ဖော်ပြပေးလိုက်ပါသည်။

၁) Notepad ကို ဖွင့်ပါ။
၂) Notepad ထဲတွင် အောက်ပါ စာသားကို Copy ကူးယူ ထည့်လိုက်ပါ။

@echo off
dir %1 /o:g > c:\directory.txt
start /w notepad /p c:\directory.txt
del c:\directory.txt
exit

၃) ပြီးလျှင် print_directory.bat နာမည်ဖြင့် Save လိုက်ပါ။
၎) မိမိ ထုတ်ချင်သည့် ဖိုင်နာမည်များရှိသည့် Folder (ဥပမာ-C: ထဲရှိ Folder တစ်ခုထဲရှိ File list များကို ထုတ်ချင်ပါက) ထဲသို့ အဆိုပါ ဖိုင်ကို ထည့်ပြီး Click နှစ်ချက်နှိပ်ပါက Cmd Box ပေါ်လာပြီး Print ထုတ်ပေးသွားပါလိမ့်မည်။


မောင်စေတနာ

27.10.08

အံ့သြဖွယ် သဒ္ဓါတရား

လူဝတ်ကို စွန့်ပြီး ရဟန်းဝတ်ဖြင့် တရားအားထုတ်ဖို့ စစ်ကိုင်းတောင်ကို ထွက်လာခဲ့တာ ယခုဆိုလျှင် ခြောက်လပင် ပြည့်တော့မည်။ တရားကို ပြင်းပြင်းထန်ထန် အားထုတ်ခဲ့သော်လည်း ယခုထိ ထင်သလောက် တရားမရသေးပါ။ ရဟန်းတော်သည် မိမိ၏ ကမ္မဌာန်းတရားပဲ မှားနေသလားဟု သံသယ၀င် နေသည်။ မိမိနှင့် သင့်လျော်သော ကမ္မဌာန်းတရားကို ရဖို့ကလဲ တရားပြဆရာတော်များ လိုသေးသည်။ ဆရာတော်များထံ ပြန်လျှင် ကောင်းမည်လား၊ မိမိ၏ တရားအား ထုတ်မှုပဲ လိုသေး၍လား ဟု တွေးနေမိသည်။

ရဟန်းသည် စစ်ကိုင်းတောင်မှနေ၍ စစ်ကိုင်းတိုင်းအတွင်းရှိ ရွာလေး တစ်ရွာနားတွင် သီတင်းသုံးခဲ့သည်။ ထိုရွာလေးသည် သေးငယ်လှသည်။ အိမ်ထောင်စု အနည်းငယ်သာ ရှိသည်။ ရဟန်းသည် မိမိ၏ ဆွမ်းကွမ်းကိစ္စ အတွက် ရွာနီးနားမှာ ကျောင်းသင်္ခမ်း ဆောက်ပြီး တရား အားထုတ်ခဲ့သည်။ ရွာထဲကို အလှူခံလျှင် ရွာစပ်ကနေ ရွာပြင် ရောက်တဲ့အထိ တခါတလေ ဆွမ်းမရခဲ့တာလဲ ရှိခဲ့သည်။ သပိတ်ကို ရေကျင်းပြီး ဘုန်းပေးခဲ့ရသည်။ ရွာပြင်နားတွင် အဘွားအို တစ်ယောက်၏ တဲအိမ်လေး ရှိသည်။ အဘွားအိုက ရဟန်းကို သားတစ်ယောက်မျှ ချစ်ခင်သည်။ ရဟန်း ရွာထဲကနေ ဆွမ်းခံရင်း အဘွားအို တဲရှေ့ရောက်ရင် အဘွားအိုက မိမိရဲ့ သပိတ်ကို အမြဲ ဖွင့်ကြည့် လေ့သည်။ သပိတ်ထဲမှာ ဆွမ်းနည်းပါက အဘွားအိုက ထပ်လောင်းသည်။ ဆွမ်းဟင်း မပါလျှင် ဆွမ်းဟင်း လောင်းသည်။


ရဟန်းသည် တရားအားထုတ်သည့် အခါတွင်လဲ ဆွမ်းကွမ်း အလှူရှင်များကို အမြဲမေတ္တာပို့ လေသည်။ ရွာပြင်နားက အဘွားအို၏ တဲနှင့် တော်တော်ဝေးဝေး နေရာတွင် ဟိန္ဒူကုလား လင်မယားနှစ်ယောက် နေသည့် တဲတစ်လုံး ရှိသည်။ ကုလားလင်မယား၏ ဆင်းရဲမှုသည် ဆင်းရဲမှုအပေါင်း သရဖူဆောင်းထား သည်ဟုပင် ဆိုရမလောက်ပင်။ ရဟန်း ဆွမ်းခံကြွသည့် အခါတိုင်းတွင် ကုလားလင်မယားကို ချီးမြှောက်သည့် အနေဖြင့် သူတို့တဲရှေ့တွင် ဆွမ်းခံရပ်လေ့ ရှိသည်။ ကုလားလင်မယား ကလည်း ကျိုးကျိုးနွံ့နွံ့လေးဖြင့် ၎င်းတို့ရှိသည် များကို လောင်းလှူလေ့ ရှိသည်။ ဆွမ်းမရှိခဲ့လျှင် ကြက်သွန်နီ တစ်လုံးကို လေးစိပ်ခွဲပြီး ဆားဖြူး၍ လောင်းလှူသည်။ တစ်နေ့တွင် ရဟန်းသည် ထုံးစံအတိုင်း ကုလားလင်မယား တဲရှေ့တွင် ရပ်၍ ဆွမ်းခံ လေသည်။ ဒီနေ့တွင် ကုလားလင်မယား၌ စားစရာ မရှိပုံရသည်။ ရဟန်းကို ၎င်းတို့ တဲနားတွင် ရှိသော ညောင်ပင်က ညောင်ရွက် တစ်ရွက်ကို ခူးပြီး ထက်ခြမ်းခေါက်၍ ရဟန်း၏ သပိတ်ပေါ်သို့ လောင်းလှူလေသည်။


ရဟန်းလည်း စိတ်ထဲက အံ့အားသင့်၍ သိချင်စိတ်ကို မအောင့်နိုင်တော့ပဲ မေးလိုက်လေသည်။


“ ဒကာတို့ ဘာကြောင့် အခုလို လောင်းလှူရတာလဲ”


“ အရှင်ဘုရား ..... တပည့်တော်တို့ အိန္ဒိမှာ နေတုန်းက ဆာဒူးကြီး တစ်ယောက်က ဆုံးမဖူးပါတယ်။ ... အလှူခံ ပုဂ္ဂိုလ်မှန်ရင် မလှူဘဲ မနေကြနဲ့လို့ ဆုံးမဖူးပါတယ် ... ဒါကြောင့်ပါ အရှင်ဘုရား ”


ရဟန်းလည်း ကြက်သီးမွှေးထပြီး


“ သာဓု ... သာဓု ..... သာဓု ”
ခေါ်၍ ထွက်ခွါသွားလေတော့သည်။

(၂၀၀၈ ခုနှစ်၊ သင်္ကြန်ပိတ်ရက် ၀ိပဿနာတရားစခန်း ၀င်ခဲ့စဉ်က ရရှိခဲ့သော အတွေးများကို မှီငြမ်းရေးသားသည်)


မောင်စေတနာ

Network စာအုပ် ဖြန့်ဝေခြင်း

Network ကို လေ့လာချင်သူများ အတွက်ပါ။ မြန်မာလို ရေးသားထားသော စာအုပ် ဖြစ်ပါတယ်။ စာရွက် (၂၀၀)ကျော် ပါရှိပါတယ်။ ယနေ့ ခေတ်ကြီးထဲမှာ International လို့ ပြောရမယ့် Network နည်းပညာကို အနည်း အကျဉ်းမျှ မသိပါက Global ခေတ်ကြီးထဲ နေရတာ အဆင်မပြေ ဖြစ်နိုင်ပါတယ်။ (စကားကြီး စကားကျယ်နဲ့ ဟီး) အပြောကို လျော့ပြီး စာအုပ်ကို ဒီမှာ တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူနိုင်ပါတယ်။

မောင်စေတနာ

စာအုပ် လုပ်ကြရအောင်

ယခု ဖော်ပြမယ့် စာအုပ် ပြုလုပ်မည့် နည်းလမ်းကို လူတိုင်း သိပြီး ဖြစ်နိုင်သလို မသိသူ များစွာ ရှိမည် ဖြစ်ပါသည်။ သို့ကြောင့် ဖော်ပြပေးလိုက်ပါသည်။ Microsoft Word တွင် စာအုပ်ထုတ်ဝေသည့် ပုံစံချပြီး Printout ထုတ်နိုင်သည်။ အောက်ပါအတိုင်း ပြုလုပ်ပါ။
(၁) မိမိရိုက်ချင်သည့် စာရွက်ကို ရွေးပါ။ (ဥပမာ - A4 ၊ Legal)
(၂) ပြီးလျှင် Page Setup သို့သွား၍ Margin ကို မိမိစိတ်ကြိုက် ပြုပြင်ပါ
(၃) စာအုပ်ဖြစ်သည့်အတွက် Margins ----- Orientation မှ Landscape ကို ရွေးချယ်ပါ
(၄) အောက်တွင် ပြသထားသည့်အတိုင်း Margins ၏ Pages ရှိ multiple pages: တွင် Book Fold ကို ရွေးချယ်ပါ။ Sheets per booklet: Auto ကို ရွေးချယ်ပါ။



(၅) ပြီးလျှင် Ok ။
(၆) စာ စတင်ရိုက်နိုင်ပါပြီ။ Print out ထုတ်သည့်အခါတွင် စာအုပ်တစ်အုပ် ပုံစံကို Auto Print ထုတ်ပေးသွားမှာ ဖြစ်ပါသည်။ အဆင်ပြေချောမွေ့ကြပါစေ။


မောင်စေတနာ

23.10.08

ကွန်ပျူတာ မြန်ဆန်စေချင်

ကွန်ပျူတာ သုံးစွဲရာတွင် ပိုမိုမြန်ဆန်စေရန် အတွက် အောက်ပါ နည်းလမ်း နှစ်ခုကို လုပ်ဆောင်ပါ။ အတိုင်းအတာ တစ်ခုအထိ မြန်ဆန်လာမှာ ဖြစ်ပါတယ်။

နည်းလမ်း(၁)

၁) Start မှ Run ကို ဖွင့်ပါ။
၂) regedit ကို ရိုက်ဖွင့်ပါ။ ပွင့်လာပါက HKEY_CURRENT_USER > Control > Desktop ကို Select မှတ်ပါ။ ညာဘက်တွင် MenuShowDelay ကို Select မှတ်ပြီး Double Click လုပ်ပါ။ Value data တွင် 0 ပေးလိုက်ပါ။


နည်းလမ်း(၂)

၁) Start မှ Run ကို ဖွင့်ပါ။
၂) system.ini ကို ရိုက်ဖွင့်ပါ။ အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။


၃) အောက်ဆုံးတွင် ယခု page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb စာသားကို Copy ကူးထည့်လိုက်ပါ။
၎) ပြီးလျှင် Save လုပ်ပြီး စက်ကို Restart လုပ်လိုက်ပါ။ စက်ပိုမို မြန်ဆန်လာမည်ကို သိရှိလာပါလိမ့်မယ်။


မောင်စေတနာ

21.10.08

သရဲတွေ သတ္တ၀ါတွေနဲ့ ပစ်ခတ်မယ်

သေနတ်ပစ်တာ ခတ်တာ ၀ါသနာ ပါသူများအတွက်ပါ။ ဒီဂိမ်းလေးကတော့ ညအမှောင်ထဲ အိမ်ကြီးထဲမှာ သရဲတစ္ဆေများကို ပစ်ခတ်ရမှာ ဖြစ်ပါတယ်။ နည်းနည်းတော့ ကစားလို့ ကောင်းပါတယ်။ ကျွန်တော် အားလပ်တဲ့ အချိန်တွေမှာ ကစားတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်။ စာဖတ်သူများလဲ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဂိမ်းအရွယ်အစားဆိုဒ်က 9 MB ပဲ ရှိပါတယ်။ စိတ်ဝင်စားရင် ဒီမှာ Download လုပ်ယူပါ။ ဂိမ်းဆော့ဝဲလ် များများ ဖော်ပြပေးဖို့ တောင်းဆိုတဲ့ မသဇင်လဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပျော်ရွှင်ကြပါစေ။


မောင်စေတနာ

20.10.08

Shutdown ပိတ်ရာတွင် မြန်စေချင် နည်းလမ်း(၂)

Computer Shutdown ပိတ်ရာတွင် ပိုမို မြန်ဆန်စေရန် အတွက် နည်းလမ်းတစ်ခုကို ဖော်ပြပြီး ဖြစ်ပါတယ်။ အခုတဖန် နည်းလမ်း(၂)ကို ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေ ချောမွေ့ကြပါစေ။

၁) Start မှ Run ကို ဖွင့်ပါ။
၂) regedit ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။
၃) HKEY_CURRENT_USER မှ Control Panel ကို သွားပါ။
၎) Desktop ကို Select မှတ်ပါ။ ညာဘက်တွင် HungAppTimeout ကို ရှာပြီး Double Click လုပ်ပါ။
၅) Valu Data တွင် 1000 ရိုက်ထည့်ပါ။
၆) ပြီးလျှင် WaitToKillAppTimeout ကိုလဲ အပေါ်နည်းအတိုင်း 1000 ရိုက်ထည့်ပါ။

မြန်ဆန်လာပါလိမ့်မယ်။ ကွန်ပျူတာ သုံးစွဲသူတိုင်း ပျော်ရွှင်ကြပါစေ။


မောင်စေတနာ

19.10.08

Download လုပ်ရာတွင် မြန်စေချင်

အင်တာနက်မှ မိမိတို့ အလိုရှိရာကို ဒေါင်းလုပ် လုပ်ယူရာတွင် နှေးကွေးသည့် ပြဿနာဟာ တော်တော်ကို ဆိုးပါတယ်။ မြန်မာနိုင်ငံရဲ့ ကွန်နက်ရှင်က ခပ်နှေးနှေး၊ ဒေါင်းလုပ် ယူရာတွင် ခပ်နှေးနှေး ဖြစ်နေရင်တော့ မိုးသာ လင်းသွားမည် ဖိုင်တစ်ခု ရဖို့ မလွယ်ကူလှပါ။ ဒီတော့ တစ်ဖက်ကလဲ ဒေါင်းလုပ် လုပ်ရာတွင် မြန်ဆန်ဖို့ အောက်က နည်းလမ်းလေးကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုထိ မြန်ဆန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။





၁) Start မှ Run ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ဖွင့်ပါ။ Group Policy Editor ပေါ်လာပါက Computer Configuration ကို ရွေးပါ။
၃) ပြီးလျှင် Administration Templates မှ Network မှတစ်ဆင့် Qos Packet Scheduler ကို Select မှတ်ပါ။
၎) ညာဘက်တွင် Limit reservable bandwith ကို Double Clicke လုပ်ပါ။ Box ပေါ်လာလျှင် Enable လုပ်ပါ။
၅) bandwith limit ကို 0 ပြောင်းလိုက်ပါ။ အိုကေပါ။


မောင်စေတနာ

15.10.08

ကွန်ပျူတာ သတိပေးစက်

ကွန်ပျူတာ သုံးစွဲသူ တော်တော်များများဟာ ကွန်ပျူတာနဲ့ လက်နဲ့ ထိမိပြီ ဆိုရင် မထတမ်း သုံးစွဲတက်ကြပါတယ်။ ရေရှည်မှာ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ဘေးနားမှ သတိပေးမယ့် လူများ ရှိရင်တော့ တစ်မျိုးပေါ့။ (ဥပမာ- အမေတို့ အစ်မတို့က ဟဲ့ ကောင်လေး နားအုန်းလေ ... သို့တည်းမဟုတ် အလုပ်ရှင်က ညီလေးရေ လ္ဘက်ရည်လေး ဘာလေး သောက်ပါအုံး စသဖြင့်) သတိပေး အနားပေးရင်တော့ တမျိုးပေါ့။ အဲဒီလို သတိပေးမယ့် လူတွေ မရှိရင်တော့ အခုဖော်ပြမယ့် ဆော့ဝဲလ် လေးသုံးပါ။ ကျန်းမာရေးအတွက် သိပ်ကို ကောင်းမွန်လှပါတယ်။

နာမည်ကတော့ Music Alarm Clock ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ သီချင်း Alarm နာရီလေး ဖြစ်ပါတယ်။ သီချင်းများလဲ မိမိသတ်မှတ်ထားသည့် အချိန်တွင် ထပွင့်မှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အဓိက သုံးစွဲတာ ထမင်းစားချိန်နဲ့ လ္ဘက်ရည်သောက်ချိန်များကို နေ့စဉ် သတ်မှတ်ထားပါတယ်။ မိမိ အလုပ်လုပ်ရင်း သတိမေ့နေပါက ကွန်ပျူတာက သတ်မှတ်အချိန်တွင် သတိပေးမှာ ဖြစ်ပါတယ်။ အကယ်၍ သတ်မှတ်အချိန်မှာ မိမိနှစ်သက်ရာ သီချင်းများကို ဖွင့်ပြီး နားထောင်နိုင်ပါတယ်။ ဒီထက်ကောင်းတဲ့ ဆော့ဝဲလ် ရှိပါသေးတယ်။ အဲဒါကတော့ Alarm ရော သတ်မှတ်ထားတဲ့ အချိန်မှာ မိမိဖွင့်လိုသော ဖိုင်များပါ တွဲဖွင့်နိုင်တဲ့ ဆော့ဝဲလ်ပါ။ ကြုံမှ ဖော်ပြပေးပါမယ်။ အခုတော့ Music Alarm Clock ဆော့ဝဲလ်လေးသာ ဆောင်ထားကြစေလိုပါတယ်။ ဆော့ဝဲလ်ကို ဒီမှာ Download ယူပါ။ Full Version ပါ။


မောင်စေတနာ

14.10.08

ကျွန်တော်နှင့် သီတင်းကျွတ်ည

ဒီနေ့ တစ်နေ့လုံး အိပ်လိုက် စားလိုက် နေခဲ့သည်။ ညနေ ရောက်တော့ ကျွန်တော်ရဲ့ အစ်ကိုရင်း တမျှ ခင်ရတဲ့ အစ်ကိုတစ်ယောက်နဲ့ ထုံးစံအတိုင်း လမ်းလျှောက် ဖြစ်သည်။ မနေ့ကရယ် ဒီနေ့ရယ် သပြေကုန်းရှိ လ္ဘက်ရည်ဆိုင်အထိ လမ်းလျှောက် ဖြစ်သည်။ သီတင်းကျွတ်လပြည့်ည ဖြစ်တဲ့အတွက် နေရာတိုင်းတွင် မီးရောင်စုံ ထိန်လင်းနေသည်။ လူတကာ ၀တ်ကောင်းစားလှ ၀တ်ပြီး ရယ်ရယ်မောမောဖြင့် လမ်းသလား နေကြသည်။ ကားလမ်းပေါ်တွင် ဆိုင်ကယ်များမှာလဲ ပလူပျံနေသည်။ ဆိုင်ကယ်များသည် များသောအားဖြင့် စုံတွဲလေးများ ဖြစ်သည်။ အားကျ မိသည်။ ဒီလိုနေ့မျိုးဆိုတာ မိမိအတွက် မဟုတ်ပါလားဟု တွေးမိသည်။

စုံတွဲလေးများ လက်ချင်း ချိတ်ပြီး သွားနေတာ မြင်ရတော့ တစ်ခုခုကို လွမ်းသလို ခံစားရသည်။ မိမိကိုယ် မိမိလဲ အားငယ်မှုကို ခံစားလိုက်ရသည်။ သီတင်းကျွတ် လပြည့်နေ့သည် မိမိအတွက် အထီးကျန် နေ့ရက် တမျှပင်။ အမှန်တော့ ဒီနေ့က ကျွန်တော့်ကို မွေးဖွားတဲ့ လပြည့်ည ဖြစ်သည်။

လ္ဘက်ရည်သောက်ပြီး အပြန်လမ်းတွင် စုံတွဲလေးများ၊ ရယ်မောနေသော မိသားစုများကို ကြည့်ရင်း လွမ်းဆွတ် တမ်းတမှုများဖြင့် လေးပင်စွာ ပြန်လာတော့သည်။


မောင်စေတနာ

13.10.08

Shutdown ပိတ်ရာတွင် မြန်စေချင်

ကွန်ပျူတာ ဖွင့်တာကြာ၊ ပိတ်တာကြာသည်ကို ကွန်ပျူတာ သုံးစွဲသူတိုင်း လက်ခံနိုင်မည် မဟုတ်ပါ။ ဒါတွေကို ပြုပြင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ အခု ဖော်ပြပေးမှာကတော့ ပိတ်တာ မြန်အောင် လုပ်တဲ့နည်းပါ။ အောက်က အတိုင်း ပြုလုပ်နိုင်ပါတယ်။

၁) Run ထဲမှ regedit ကို ရိုက်ဖွင့်ပါ။
၂) ဘောက် ပေါ်လာလျှင် HEKY_LOCAL_MACHINE ကို ရွေးပါ။
၃) ပြီးလျှင် System မှ Current ControlSet ကို ရွေးပါ။
၎) ထိုမှတဆင့် Control ကို Select မှတ်လိုက်ပါ။ ညာဘက်တွင် WaitToKillServiceTimeout ဆိုတာ ရှိပါတယ်။ Double Click နှိပ်ပြီး ပေါ်လာပါက 2000 ကို 200 ပြင်လိုက်ပါ။ အတိုင်းအတာတစ်ခုထိ စက်ပိတ်ရာတွင် မြန်ပါလိမ့်မည်။


မောင်စေတနာ

ဝါလကင်းလွတ် သီတင်းကျွတ်

12.10.08

Window အမြန်တက်နည်း

မိမိရဲ့ စက် စတင်ဖွင့်တဲ့အခါ Window မြန်မြန်တက်လာတာကို ကွန်ပျူတာသုံးတဲ့ လူတိုင်းဖြစ်ချင်နေတဲ့ ဆန္ဒပါ။ ဒီဆန္ဒလေးကို ကျွန်တော် သိသလောက် မျှဝေလိုက်ပါတယ်။ Window မြန်မြန်တက်ချင်ရင် အောက်ပါနည်း အတိုင်း ပြုလုပ်ကြပါ။ ထိုက်သင့်သလောက်တော့ မြန်လာပါလိမ့်မယ်။

၁) အရင်ဦးစွာ Run တွင် regedit ကို ရိုက်ဖွင့်ပါ။
၂) regedit ထဲကို ရောက်ပါက HKEY LOCAL _ MACHINE ကို ရွေးပါ။
၃) ထိုမှ တဆင့် System > CurrentCo ntrolSet > Control > Session Manager > Memory Management ကို ရောက်အောင် သွားပါ။
၎) Prefetch Parameters ကို Select မှတ်လိုက်ပါက ညာဘက်တွင် Enable Prefetcher ကို ရှာပါ။
၅) တွေ့ပါက Double Click နှိပ်ပါ။ Value Data တွင် 5 ပေးလိုက်ပါ။ ဒါဆိုရင် အတိုင်းအတာ တစ်ခုထိ မြန်လာပါလိမ့်မည်။ အားလုံး အဆင်ပြေကြပါစေ။


မောင်စေတနာ

မြန်မာဖဲ စကားနိုင်ပြီ

ဖဲကို ၀ါသနာ ခုံမင်သူများအတွက်ပါ။ အားရင် ကွန်ပျူတာမှာ ပါတဲ့ ဖဲချပ်ပဲ ကစားနေတဲ့ သူများအတွက် မြန်မာလို ဖဲကစားနိုင်ပါပြီး။ ဖဲကစားနည်းကိုလဲ ထည့်သွင်းဖော်ပြပေးထားပါတယ်။ အင်စတော လုပ်စရာ မလိုပါ။ ဒီဖိုင်ထဲမှာ ပါဝင်တဲ့ မြန်မာ ဖောင့်လေးသာ Control Panel ထဲက Font ထဲ ထည့်ပေးရုံပါ။ စိတ်ဝင်စားရင် ဒီမှာ Download လုပ်ယူနိုင်ပါတယ်။


မောင်စေတနာ

11.10.08

သဘာဝကျစွာ နေတတ်ဖို့ပဲ လိုတယ်

အနောက်တိုင်း စိတ်ရောဂါကု ဆရာဝန်များက လူတွေ ဘာကြောင့် ရှုးရတာလဲဆိုတဲ့ အဖြေကို သိချင်တာနဲ့ ဖော်ထုတ်ခဲ့ကြပါတယ်။ အဖြေထုတ်ပုံကတော့ အင်မတန်မှ လွယ်ကူပါတယ်။ စိတ်ရောဂါ ဖြစ်နေတဲ့ လူဦးခေါင်းနဲ့ လူကောင်းဦးခေါင်းနှစ်ခုကို ခွဲစိတ်တာပါ။ ခွဲစိတ်ကြည့်တော့ ဦးနှောက်နှစ်ခု လုံးက ကွဲပြားခြားနားမှု မတွေ့ရဘူး။ သိပ်ကို ထွန်းကားပါတယ်၊ တိုးတက်ပါတယ်၊ မှန်ကန်ပါတယ် ဆိုတဲ့ သိပ္ပံနည်းပညာနဲ့ အဖြေရှာခဲ့ကြပေမယ့် မည်သည့်အဖြေမှ မရခဲ့ကြပါဘူး။ နောက်ဆုံး သုံးသပ်ချက်ကတော့ စိတ်ရောဂါဟာ လူဦးနှောက်နဲ့ မသက်ဆိုင်ကြောင်း အဖြေထုတ်ခဲ့ကြပါတယ်

စိတ်ရောဂါ(အရှုး)ဖြစ်ရခြင်းဟာ စိတ်ကြီးဝင်ခြင်း၊ အထင်ကြီးကြောင့်ဟု ကောက်ချက်ချခဲ့ ကြပါတယ်။ လူတိုင်းမှာ စိတ်ကြီးဝင်ခြင်း၊ မိမိကိုယ်မိမိ အထင်ကြီးခြင်းလို့ခေါ်တဲ့ စိတ်ရောဂါအနု တစ်နေ့(၃)ကြိမ်လောက် အနည်းဆုံး ဖြစ်လေ့ရှိပြီး ထိုထက်ပိုရင်တော့ စိတ်ရောဂါ(ရှုးသွပ်မှု) ဖြစ်သွားနိုင်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

ဖြစ်ဖူးကြမှာပါ။ တစ်ခါ တစ်ခါ ကိုယ်မျက်နှာကိုယ် မှန်ကြည့်ပြီး ရယ်လိုက်၊ မဲ့လိုက်၊ ပြုံးလိုက် စတာတွေ လုပ်ဖူးကြမှာပါ။ တစ်ခါတစ်လေ တစ်ယောက်တည်း စကားတွေ ပြောဖူးမှာပါ။ ဒါတွေက အထက်က ပြောခဲ့သလိုပဲ စိတ်ရောဂါ အနုလို့ခေါ်တဲ့ စိတ်ရောဂါတစ်မျိုးပါပဲ။ လူတွေအားလုံးဟာ အရှုးတွေသာ ဖြစ်ကြသည်ဟု ဗုဒ္ဓမြတ်စွာက ဟောကြားခဲ့ပါတယ်။

လူတွေဟာ သူတို့ရဲ့ လုပ်ရပ်များကို တစ်ပါးသူ အထင်ကြီးစေချင်ကြပါတယ်။ ဟာ .. ဒီလူ တယ်တော်ပါလား … တော်လိုက်တဲ့ ပုဂ္ဂိုလ်ပဲ .. စသဖြင့် အထင်ကြီးစေချင်ကြပါတယ်။ သူတို့ လိုလားနေသော တစ်ပါးသူ၏ အထင်ကြီးစေမှုကို မရရှိခဲ့ရင် စိတ်တိုင်းကျ အထင်ကြီးခွင့်ရတဲ့ အရှုးဘ၀ကို ပြောင်းလဲသွားကြပါတယ်။

မြင်ဖူးကြမှာပါ။ တွေ့ရာကို ကောက်ကိုင်ပြီး ဖုန်းပြောနေသော လမ်းဘေးက အရှုးများကို မြင်ဖူးကြမှာပါ။ တစ်ချို့ဆိုလျှင် ဘုရင်ရှုး ရှုးနေပြီး မင်းကြီးများ … ဟာ .. ဟာ .. မောင်မင်းတို့ကို ပြစ်ဒဏ်ပေးမယ် .. နာခံစေ .. စသဖြင့် လမ်းဘေးမှာ ပြောချင်တိုင်း ပြောနေကြတာကို တွေ့ကြမှာပါ။ စိတ်ရောဂါဆေးရုံများကို ရောက်ဖူးလျှင်လည်း တွေ့နိုင်ပါတယ်။ စစ်ဗိုလ်အရှုး၊ သဘောင်္သားအရှုး၊ မော်တော်ယာဉ်ထိန်းရဲ အရှုး၊ ဆရာဝန်အရှုး စသဖြင့် မိမိတို့ စိတ်တိုင်းကျ ဖန်တီး ရှုးနေကြသော အရှုးပေါင်းများစွာကို တွေ့နိုင်ပါတယ်။ တစ်ချို့ဆိုလျှင် အ၀တ်အစားပင် မ၀တ်တော့သည့် အထိ ရှိပါတယ်။

ဒါတွေအားလုံးဟာ ဘာကြောင့်ဖြစ်တာလဲ ဆိုရင် စိတ်ကြီးဝင်ခြင်း၊ အထင်ကြီးခြင်း တို့ကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ သဘာဝကို ကျော်လွန်ပြီး နေချင်တဲ့စိတ်ကြောင့် ဖြစ်လာရခြင်း ဖြစ်ပါတယ်။ ဤကမ္ဘာလောကကြီးတွင် နဂိုကတည်းက ရှိရင်းဘဘာဝတရားများ ရှိပါတယ်။ ရှိရင်း အခြေခံသဘာဝတရားများကို မြတ်စွာဘုရားရှင်မှ ဖော်ထုတ် ဟောကြားသွားခဲ့ခြင်း ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ်၊ အကျိုးကြောင့် အကြောင့်ဖြစ်တယ် စတဲ့ တရားများဟာ အခြေခံ သဘာဝတရားများ ဖြစ်ပါတယ်။

လူများ ရှုးသွပ်ရခြင်းဟာလည်း သဘာဝတရားများကို ကျော်လွန်တဲ့အတွက် over ဖြစ်သွားရခြင်း ဖြစ်ပါတယ်။ သဘာဝနဲ့ လိုက်လျောညီထွေစွာ နေတတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မိမိရှင်သန်ရာ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေစွာ နေတတ်ရမှာ ဖြစ်ပါတယ်။ မိမိက တဲအိမ်နဲ့ နေနေရပြီး ငါက တိုက်အိမ်နဲ့မှ သင့်တော်တဲ့လူ၊ နေသင့်တဲ့လူ ဆိုပြီး စိတ်ကြီးမ၀င်မိဖို့ လိုပါတယ်။ အဲဒီလို စိတ်ကြီးဝင်ရင်တော့ မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ မဖြစ်သလို ပတ်ဝန်းကျင်ရဲ့ ဖယ်ကျဉ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဖြစ်နေရတဲ့ဘ၀မှာ ကျေနပ်ရောင့်ရဲနေတတ်ဖို့ လိုပါတယ်။

ဖြစ်ချင်တိုင်း မဖြစ်ရတဲ့ လောကကြီးမှာ မိမိဖြစ်ချင်မှုများသည် ဖြစ်နိုင်တာ ရှိသလို၊ မဖြစ်နိုင် တာလဲ ရှိနိုင်ပါတယ်။ ဖြစ်နိုင်တာကို ဖန်တီးရယူနိုင်သော်လည်း မဖြစ်နိုင်တာကို ရအောင်ဖန်တီး ယူခြင်းဟာ စိတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ဖြစ်ချင်သည့်စိတ်ကို ဖြစ်အောင် ဖန်တီးယူခွင့်မရတဲ့အခါ မိမိစိတ်ကြိုက် ဖန်တီးလုပ်ယူနိုင်သော အရှုးဘ၀သို့ ကူးပြောင်း သွားနိုင်သော ကြောင့် ဖြစ်ပါတယ်။

မိမိသည် သူဌေးတစ်ယောက် ဖြစ်ပါက သူဌေး၏ အပြုအမှု နေထိုင်မှုများ၊ ပြောဆိုမှုများ၊ စိတ်ထားများသည် သူဌေးတစ်ယောက်၏ အပြုအမှုများသာ ဖြစ်ရမှာဖြစ်ပါတယ်။ ဒါမှ မိမိရှင်သန်ရာ ပတ်ဝန်ကျင်း သဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်မှာ ဖြစ်ပါတယ်။ မိမိကို လူအများက အထင်ကြီး လေးစားမှာ ဖြစ်ပါတယ်။

တစ်ချို့ဆို ဆင်းဆင်းရဲရဲဘ၀ကနေ သိန်းထီပေါက်ပြီး ချမ်းသာသွားကြတာ ရှိပါတယ်။ လူတွေမှာ နဂိုဓါတ်ခံကိုက စိတ်ကြီးဝင်ခြင်း၊ အထင်ကြီးစိတ်ဝင်ခြင်းတို့ ရှိနေပြီးသားဆိုတော့ သူတို့ရဲ့ စိတ်ထား၊ အကျင့်၊ အပြုအမှုတွေက ချက်ချင်း ပြောင်းလဲပစ်ကြတော့တယ်။ သူတို့ရဲ့ ပြောင်းလဲမှုတွေက အင်မတန်မြန်ဆန်လွန်းတဲ့အတွက် သူတို့ ရှင်သန်ရာ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ မဖြစ်တော့ပဲ ပြဿနာဖြစ်သွားတော့တာပါပဲ။ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုများ၊ ရှောင်ကျဉ်မှုများကို ခံကြရမှာ ဖြစ်ပါတယ်။ အထင်ကြီးလေးစားမှုလဲရမှာ မဟုတ်ပါဘူး။ ဒါဆိုရင် အထင်ကြီးလေးစားမှုကို လိုချင်နေတဲ့ သူတို့ စိတ်ဆန္ဒဟာ သူတို့ ထင်သလို ဖြစ်မလာနိုင်ပါဘူး။

ဒါပေမယ့် ပြောင်းလဲလို့တော့ရပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် ပြောင်းလဲပစ်ရမှာပါ။ ဥပမာ - မိမိနေထိုင်တဲ့ ရပ်ကွက်က ဆင်းရဲသားရပ်ကွက်ဖြစ်တယ်။ မိမိကလည်း အရင်က ဆင်းရဲခဲ့တယ်၊ ယခုမှ ထီပေါက်လို့ ချမ်းသာလာတာ။ အရင်ဦးဆုံး မိမိရပ်ကွက်ကို အလှူအတန်းနဲ့ မိမိရဲ့ ချမ်းသာမှုကို အသိအမှတ်ပြုအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ ဒီရပ်ကွက်ထဲမှာပဲ နေချင်တယ်ဆိုရင် တိုက်ဆောက် နေထိုင်ရမှာ ဖြစ်ပါတယ်။ နောက် သာရေးနာရေးတွေမှာ ရှေ့ဆုံးက ပါဝင်။ လူမှုဆက်ဆံရေးကို အရင်အတိုင်းပဲ ဆက်ဆံရပါမယ်။ အရေးကြီးဆုံးက လူမှုဆက်ဆံရေးပါပဲ။ ငါချမ်းသာလာပြီး ဆင်းရဲသားတွေနဲ့ မတူဘူး၊ မတန်ဘူး ဆိုပြီး လုပ်လို့မရပါဘူး။ ဆက်ဆံရေး ကောင်းမွန်ရင် မိမိဟာ လူများရဲ့ အထင်ကြီးလေးစားလာမှာ ဖြစ်ပါတယ်။

လူတွေက ဆင်းရဲတဲ့ဒဏ်ကိုသာ ခံနိုင်ကြတာ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြဘူးလို့ ပြောစမှတ် ရှိပါတယ်။ ပြောတဲ့အတိုင်းကို ဖြစ်ကြတာပါပဲ။ အထက်က ပြောခဲ့သလိုပါပဲ။ နဂိုဓါတ်ခံနဲ့ ချမ်းသာမှု ပေါင်းပြီး သဘာဝပတ်ဝန်းကျင်ကို ဆန့်ကျင်သလို ဖြစ်သွားတာပါပဲ။

ဒါကြောင့် ကျွန်တော်တို့တွေဟာ မိမိတို့ ဖြစ်နေတဲ့ ဘ၀မှာ လိုက်လျော ညီထွေစွာ နေတတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မိမိတို့ ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ထဲကနေ လူတော်လူကောင်း ဖြစ်အောင် ကြိုးစားအားထုတ်ရင်း လိုက်လျောညီထွေစွာ နေထိုင်ကြဖို့ပဲ ဖြစ်ပါတယ်။

မိမိတို့ ရှင်သန်ရာ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ ဖြစ်နိုင်ကြပါစေ။

မောင်စေတနာ

ရှင့်ရင်ဘတ်ကြီးထဲ ပြန်ထည့်

regedit ကို ဗိုင်းရပ်စ် ကိုက်ထားလား

ဗိုင်းရပ်စ် ပြဿနာက တော်တော်ဆိုးပါတယ်။ ကုလို့မရရင် နောက်ဆုံးကတော့ ကွန်ပျူတာကို သတ်ပစ် လိုက်ရတာပါပဲ။ သတ်တယ်ဆိုလို့ လာဖမ်းနေအုံးမယ်။ ၀င်းဒိုး ပြန်တင်ရတာကို ပြောတာပါ။ ၀င်းဒိုး ပြန်တင် ရတယ်ဆိုတယ်က သတ်ရတာနဲ့ အတူတူပါပဲ။ အသစ်တဖန် ပြန်လည် မွေးဖွားရတာပါပဲ။ ဆော့ဝဲလ်တွေ အစအဆုံး ပြန်တင်ရတာကိုး။ ဗိုင်းရပ်စ်က အမျိုးမျိုး အစားစား ရှိနေပါတယ်။

ကျွန်တော်ရဲ့ စက်ဆိုရင် regedit ဖွင့်မရမှ ဗိုင်းရပ်စ် ၀င်နေမှန်း သိတယ်။ ဘယ်အချိန်ကတည်းက ၀င်နေမှန်း မသိခဲ့ဘူး။ ဒီလောက် ဂရုစိုက်နေတဲ့ကြားက ၀င်ဖြစ်အောင် ၀င်သေးတယ်။ အရင်ကဆို စိတ်အရှုပ်မခံဘူး။ ၀င်းဒိုး ပြန်တင် လိုက်တာပါပဲ။ အဲဒီတော့ အလုပ် ရှုပ်တာပေါ့။ အစအဆုံး ပြန်လုပ်ရတာ ဆိုတော့။ ဒီတစ်ခါတော့ မိမိဖွင့်ချင်တဲ့ regedit ပဲ ဖွင့်လို့ရအောင် လုပ်မယ်ဆိုပြီး အင်တာနက်က ရှာဖွေခဲ့ပါတယ်။ တွေ့ခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်လို အခက်အခဲ ရှိတဲ့သူတွေအတွက် ပြန်လည် ဝေမျှလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။ ဒီဆော့ဝဲလ်ကို run လိုက်ပါက regedit ဖွင့်လာပါလိမ့်မယ်။ အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ။


မောင်စေတနာ

8.10.08

စိတ်ဓါတ် ကျချင်ချင်ပဲ

ဒီရက်ပိုင်းအတွင်း အလုပ်တွေ တစ်အားများတော့ စိတ်ဓါတ်တောင် ကျချင်တဲ့ စိတ်ဖြစ်ပေါ်မိတယ်။ အမြဲတမ်း မိမိရဲ့ စိတ်ကို မာကြောအောင် လုပ်နေပေမယ့်လဲ အချိန်တန်တော့ မနိုင်ဝန်ကို ထမ်းရတဲ့အတွက် ခံနိုင်ရည် တောင် မရှိချင်တော့ဘူး။ အလုပ်လုပ်ရတာ စိတ်ဓါတ်မကျပေမယ့် စိတ်ဓါတ်မကောင်းတဲ့ လူကြီးတွေနဲ့ အလုပ်လုပ် နေရတော့ စိတ်ညစ်ပြီး တစ်ခါခါ ထွက်တောင် ပြေးချင်စိတ် ဖြစ်ပေါ်မိတယ်။

အဲဒီအခါကျတော့လဲ မိမိကိုယ်သာ အပြစ်တင်မိတယ်။ ဘာမဟုတ်တာလေးနဲ့ စိတ်ညစ်၊ စိတ်ဆင်းရဲနေတဲ့ မိမိစိတ်ကိုလဲ ဒေါသဖြစ်မိတယ်။ ဒီလိုအသေးအဖွဲ လေးတွေကစပြီး ခံနိုင်ရည်မရှိရင် နောင်တစ်ချိန်မှာဆို ဘယ်လို လုပ်မလဲဟု မိမိကိုယ်သာ ပြစ်တင်ဝေဖန်မိပါတယ်။ အနားမှာ အားပေးမယ့် သူကလဲ မရှိဆိုတော့ မိမိကိုယ်သာ ပြန်အားပေးရပါတယ်။ မိမိကိုယ်ကို စိတ်ဓါတ်ရေးရာရော၊ လုပ်ငန်းပိုင်း ဆိုင်ရာရော ဒီထက် မြင့်မားလာအောင် လေ့ကျင့်ပေး နေတာပဲဟု စိတ်ထဲမှာ မှတ်ယူလိုက်တော့တယ်။

အရင်က ၀မ်းနည်းစရာ တစ်ခုခုနဲ့ ကြုံလာရင် အမေရင်ခွင်ထဲ တိုးပြီး အိပ်ပျော်သွားတတ်တယ်။ အမေကလဲ နှစ်ပေါင်းများစွာ ကျွေးမွေးပြုစုလာတဲ့ သားဆိုတော့ ချက်ချင်း ရိပ်မိတာပေါ့။ သား ဘာဖြစ်လာပြန်ပြီလဲ ... ပြောစမ်း အမေကို ... ဆိုတဲ့ မေးခွန်းကို မေးတော့တယ်။ အဲဒီအခါကျရင် အမေရယ် စိတ်ညစ်လို့ပါ ... ဆိုတဲ့ စကားက လွဲရင် ဘာမှ မပြောပဲ အိပ်ပျော်သွားတတ်ပါတယ်။

ဒီလိုဖြစ်ပါများတော့ အမေက သူ့ပေါင်ပေါ် ခေါင်းတိုးဝင် ၀င်အိပ်တဲ့အခါတိုင်း ဘာမှ မမေးတော့ပဲ သားရယ် ဘယ်မှာပဲ ဖြစ်ဖြစ် အားလုံးနဲ့ အဆင်ပြေအောင် နေပါ ... ဘုရားတရား များများလုပ်ပါ သားရယ် ... ငါ့သားက ဘုရားရှစ်ခိုး အရမ်းပျင်းတာကိုး ... မိမိရဲ့ လုပ်ငန်းတွေကို ဘုရားကို အပ်ပြီးလုပ်ပေါ့ ... ဒါဆို အဆင်ပြေမှာပေါ့ .... ပုတီးလေး ဘာလေး တစ်နေ့ တစ်ပတ်လောက်တော့ စိတ်ပေါ့ သားရယ် ... ဆိုသော စကားများသာ ပြောတော့တယ်။ အမေရဲ့ စကားတွေ နားထောင်ရင်း အိပ်ပျော်သွားခဲ့ပါတယ်။

မိမိကလဲ နဂိုကတည်းက ဘာကိစ္စ ဖြစ်ဖြစ် မိမိရဲ့ စိတ်ထဲမှာ ကြီးရင် သေးအောင် တွေးပြီး သေးရင် ပျောက်အောင် ဖျောက်တတ်တဲ့ အကျင့်က ရှိနေတော့ မနက်မိုးလင်းရင် ညက စိတ်ညစ်ထားတာတွေ အားလုံး အရှင်းမပျောက်တောင် အမြဲမတွေးတော့ပါဘူး။ အခုလဲ စိတ်ညစ်စရာများ ပေါ်လာတော့ ဖျောက်ဖို့သာ ကြိုးစားတွေးခေါ်နေရပါတော့တယ်။ စိတ်ဓါတ်မကျအောင် မောင်စေတနာ တစ်ယောက် မိမိကိုယ်ကို မိမိ အားပေးနေသော်လည်း အိပ်ယာထဲတွင် ဒီညရယ် ရှည်လိုက်တာဟု တွေးထင်မိပါတော့တယ်။



မောင်စေတနာ

6.10.08

FOOTBALL MANAGER 2008 ဂိမ်းဆော့ဝဲလ်

ဘောလုံးဝါသနာရှင် အားကစားသမားများအတွက်ပါ။ ကြိုက်နှစ်သက်သူများ စိတ်တိုင်းကျမှာပါ။ အောက်မှာ ပေးထားတဲ့ လင့်(၁၁)ခုလုံးကို ဒေါင်းလုပ် ယူရမှာ ဖြစ်ပါတယ်။ အဆင်ပြေကြပါစေ။

FOOTBALL MANAGER 2008 (513MB)


ဓါတ်ပုံ


Download Link:

1.http://ifile.it/mgilk4b


မောင်စေတနာ

5.10.08

ကွန်ပျူတာ ဂိမ်းဆော့ဝဲလ်

ကွန်ပျူတာ ဂိမ်းကို ကြိုက်နှစ်သက်သူများအတွက် ဖြစ်ပါတယ်။ အကယ်၍ ကွန်ပျူတာဂိမ်းဆော့ချင်တဲ့ User များထဲက အပစ်အခတ်ကို ကြိုက်တယ် ဆိုရင်တော့ သဘောကျမလားပဲ။ ကောင်းမကောင်းတော့ ဆော့ကြည့်မှ သိမှာပါ။ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

3.10.08

Proxy ရိုက်ပြီး ကျော်ကြည့်စရာ မလိုပါ

တစ်ချို့ဝက်ဆိုက်တွေကို မြန်မာ့ဆက်သွယ်ရေးက ပိတ်ထားတာတွေ ရှိပါတယ်။ ဘလော့တော်တော် များများကိုလည်း ပိတ်ထားတဲ့အတွက် မိမိတို့ ကြည့်ချင်တဲ့ ဘလော့များ၊ ၀က်ဆိုက်များ မကြည့်ရတဲ့ အဖြစ်မျိုးတွေ ရှိပါတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းပေးချင်ပါတယ်။ အတိုင်းအတာ တစ်ခုအထိတော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။

၁) အရင်ဦးစွာ ဒီဖိုင်လေးကို ဒေါင်းလုပ်ယူပါ။
၂) မိမိစက်ထဲရောက်ပါက Open With နှင့် Mozilla Firefox ဖြင့် ဖွင့်ပါ။ ထိုသို့ ဖွင့်လိုက်ပါက Install လုပ်ရမည့် Box လေး ပေါ်လာပါလိမ့်မည်။ Install လုပ်လိုက်ပါ။ ပြီးလျှင် ပိတ်ထားသော ၀က်ဆိုက်တစ်ခု၊ ဘလော့တစ်ခုကို ဖွင့်ကြည့် လိုက်ပါ။ အောက်ပါပုံအတိုင်း ပေါ်နေပါလိမ့်မည်။



၃) ကွင်းဝိုင်းထားသော အမှတ်ကလေးကို နှိပ်လိုက်ပါက Proxy ကျော်ပြီးသာ ဖြစ်သွားပါလိမ့်မည်။ Proxy address တစ်ခု ရိုက်ပြီး ကျော်ကြည့်စရာ မလိုတော့ပါ။


ဝက်ဆိုက်တိုင်း၊ ဘလော့တိုင်းကို ကြည့်၍ ရမည် ဖြစ်ပါသည်။ အဆင်ပြေကြပါစေ။


မောင်စေတနာ

2.10.08

Cbox မေးခွန်းများအား ဖြေကြားချက်

  • မေးခွန်း(၁)။ UG တောင်းဆိုထားတဲ့ ဓါတ်ပုံလေးတွေ ကွက်ပြီး ရိုက်မယ်ဆိုတဲ့ ဆော့ဝဲလ်ကို ဒီမှာ Download လုပ်ယူပါ။ မှားယွင်းစွာ ဖော်ပြပေးမိတဲ့အတွက် တောင်းပန်ပါတယ်။

  • မေးခွန်း(၂)။ မိမိ ဖော်ပြထားတဲ့ BabyLon က လိုင်စင်မဲ့ သုံးရအောင် ပေးထားပါတယ်။ လုပ်နည်းကို မဖော်ပြပေးမိတဲ့အတွက် တောင်းပန် ပါတယ်။ လုပ်နည်းကိုပဲ ဖော်ပြပေးလိုက်ပါတယ်။ BabyLon ရဲ့ အသေးစိတ်အကြောင်းကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။ လိုင်စင်မဲ့ သုံးနိုင်ရန်အတွက် မိမိရဲ့ စက်ထဲတွင် ရှိသော Babylon ဆော့ဝဲလ်ကို ဖျက်ပြီး ပြန်သွင်းပါ။ သွင်းပြီးပါက Start Bar တွင် Babylon လေး ပေါ်နေပေလိမ့်မယ်။ ထိုအ၀ိုင်းလေးကို ပိတ်လိုက်ပါ။ ပြီးလျှင် ဒီဆော့ဝဲလ်လေးကို Download လုပ်ယူပါ။ Patch ခလုပ်လေးကို နှိပ်လိုက်ပါ။ ပြီးရင် ပိတ်လိုက်ပါ။ Babylon ကို ပြန်သုံးနိုင်ပါပြီး။

မောင်စေတနာ