30.8.08

တစ်နှစ်ပြည့် အမှတ်တရ

မိမိရဲ့ ဘလော့ကို ၂၃-၁၀-၂၀၀၇ ရက်နေ့ ကတည်းက စတင်ရေးသား လာခဲ့သည်မှာ တစ်နှစ်ပင် ပြည့်မြောက် တော့မည် ဖြစ်ပါတယ်။ ဘလော့ရေးနေစဉ်အတွင်း အခက်အခဲမျိုးစုံကို ရှာဖွေဖြတ်သန်းခဲ့ရပါတယ်။ မိမိရဲ့ ဘလော့ဟာ အများသူငှာ အတွက် အကျိုးထိရောက်မှု ရှိ/မရှိကိုတော့ ခုချိန်ထိ မသိရှိရသေးပါ။ မိမိအနေနှင့် ဖတ်မိသော် အကျိုးရှိစေ ဆိုသော အတွေးကို လက်ကိုင်ပြုပြီး ရေးသားခဲ့ပါတယ်။ အမှန်ဆိုလျှင် မိမိသည် လခစား အလုပ်သမား ဖြစ်သည့်အတွက် အားလပ်ချိန် နည်းပါတယ်။ သို့ပေမယ့် အားလပ်သည့် အချိန်တိုင်းတွင် ဘလော့ကို ပြေး၍ အားဖြည့် ရေးသားနေပါတယ်။

စာဖတ်သူအချို့၏ comment များဟာ ကျွန်တော်အတွက် အမောပြေ စေပါတယ်။ နည်းပညာ အသေးစား လေးများသာ ရေးနိုင်သေးတဲ့ အတွက် တကယ်အားပေး ဖတ်ရှုသည့် စာဖတ်သူများကို အားနာမိပါတယ်။ အားလပ်သည့်အချိန်များမှာ တိုးတက်သည့် နည်းပညာများကို အားဖြည့် ရေးသားသွားမည် ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

မောင်စေတနာ

20.8.08

ဝက်ဆိုက်က စာသားတွေနဲ့ ပုံတွေကို PDF ဖိုင်နဲ့ ယူချင်လား

ဒီရက်ပိုင်းမှာ အလုပ်မအားတဲ့အတွက် အွန်လိုင်းမ၀င်ဖြစ်တာ ကြာပါပြီ။ စိတ်ကတော့ ရှိပါတယ်။ သို့သော်လဲပဲ မိမိရဲ့ ဘလော့ဟာ လူသိမများသလို၊ လူလဲ မကြည့်ကြပါဘူး။ ဒါကြောင့် တစ်ခါတစ်လေ မိမိလုပ်နေတဲ့ အလုပ်တွေဟာ အဓိပ္ပါယ်မရှိသလို ခံစားမိပါတယ်။ မိမိကသာ ရေးနေရတယ်။ ဖော်ပြနေရတယ် ကြည့်သူမရှိ၊ သိသူမရှိ ဖြစ်နေတော့ အလကားဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ သို့သော်လဲပဲ ကိုယ့်က ရေးချင်နေတာကိုး သိစေချင် နေတာကိုး၊ ဒါကြောင့် အဓိပ္ပါယ်မဲ့စွာ အားသောအချိန် လေးများမှာ ဆက်လက်ရေးသား နေပါတယ်။

မဟုတ်တာတွေ ပြောတာ ရှည်သွားပြီ။ အခုဖော်ပြချင်တာကတော့ မိမိ ကြိုက်နှစ်သက်တဲ့ Website တွေက စာတွေ ပုံတွေကို PDF ဖိုင်အနေနဲ့ ယူချင်တယ်၊ သိမ်းထားချင်တယ် ဆိုရင် အသုံးဝင်မယ့် ဆော့ဝဲလ်လေးပါ။ ဒီဆော့ဝဲလ် လေးကို Install လုပ်ပြီး မိမိကြည့်နေတဲ့ ၀က်ဆိုက်မှာ Menu Bar ထဲက File ထဲက Print ကို နှိပ်ပြီး CuteWriter ဆိုတဲ့ Printer လေးကို ရွေးပြီး လုပ်ရုံပါပဲ။ ဆော့ဝဲလ်ကို ဒီတွင် Click လုပ်၍ ယူပါ။

မောင်စေတနာ

11.8.08

Virus ၀င်နေပြီလား ရှင်းလိုက်လေ

မိမိစက်ထဲမှာ Virus ၀င်နေမှန်းတော့သိတယ်။ ဘယ်လို ရှင်းရမှန်းမသိ၊ AntiVirus ဆော့ဝဲလ်တွေနဲ့ ရှင်းပြန်တော့လဲ အရှင်းပျောက်လား မပျောက်လား မသိ ဖြစ်နေကြရမှာ။ ဖြေရှင်းနိုင်သော နည်းကို အဆင့်နဲ့ ဖော်ပြပေး လိုက်ပါတယ်။

အဆင့်(၁) အရင်ဦးစွာ security task manager ကို အရင်ဆုံး Install လုပ်ပါ။ Virus ဆိုတဲ့ အရာက user အနေနဲ့ run နေတတ်တာ များပါတယ်။ ကိုယ်သင်္ကာမကင်းတဲ့ ဖိုင်လေးကို select လုပ်ကြည့်ရင် Properties မှာ ဖော်ပြမှာပါ။ Virus တွေ့တယ်ဆိုရင် Remove လုပ်ပါ။

အဆင့်(၂) တစ်ချို့စက်တွေဆိုရင် Virus ကိုက်ထားတဲ့အတွက် msconfig ဖွင့်မရတာ ရှိနေမှာပါ။ msconfig ကို အရင်ဆုံး Install လုပ်ပါ။ ပြီးပါက ဖွင့်လိုက်ပါ။ Startup ကို သွားပါ။ Disable All လုပ်ပြီး Restart လုပ်လိုက်ပါ။

အဆင့်(၃) စက်ပြန်တက်လာပါက NOD32RegistryRecovery Install လုပ်ပါ။ ပြီးရင် Run လိုက်ပါ။ Restart ပြန်ချပါ။ ဒါဆို ဗိုင်းရပ် ကင်းသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လုံးဝ ကင်းချင်ရင်တော့ Window Formatting သာ ပြုလုပ်ရန် ရှိတော့ပါတယ်။ အခက်အခဲ ရှိပါက မေးမြန်းနိုင်ပါတယ်။ အားလုံး ပိုးမွှားကင်းစင် ပြုံးပျော်ရွှင် နိုင်ကြပါစေ။

မောင်စေတနာ

10.8.08

ရသစုံလင် မြန်မာသူရဲကောင်း ၀က်ဆိုက်


မြန်မာသူရဲကောင်းဆိုက်မှာ အတွေးအခေါ်၊ ဆောင်းပါး၊ ကဗျာ၊ ၀တ္တု၊ ကွန်ပျူတာနည်းပညာ၊ ထေရ၀ါဒသာသနာ၊ ဘာသာပြန်၊ ကျန်းမာရေး၊ ဟာသ၊ ဓါတ်ပုံကဏ္ဍ၊ ပန်းချီ၊ ဗေဒင် စသဖြင့် စုံလင်လှသော ၀က်ဆိုက် တစ်ခု ဖြစ်ပါတယ်။ အွန်လိုင်း မဂ္ဂဇင်းလို့တောင် ခေါ်လို့ရပါတယ်။ ကဏ္ဍစုံတွေကို အမြဲအပ်ဒိတ်လုပ်ပေးနေပါတယ်။ စာဖတ်သူများ အနေနဲ့လဲ စာရေးတာ ၀ါသနာ ပါတယ်ဆိုရင် မြန်မာသူရဲကောင်း ဆိုက်ကို စာမူပေးပို့လို့ ရပါတယ်။ မြန်မာသူရဲကောင်း ဆိုက်ဟာ တစ်ဦးတစ်ယောက်ထဲအတွက် ပြုလုပ်ထားတာ မဟုတ်ပါဘူး။ စာဖတ်သူများ အားလုံး ပါဝင် ရေးသားလို့ ရပါတယ်။


မောင်စေတနာ

5.8.08

ချစ်တဲ့သူ ဒေါက်တာပဲ

ကွန်ပျူတာတိုင်းမှာ ရှိသင့်တဲ့ ဆော့ဝဲလ်ကို ဖော်ပြခဲ့ပြီးပါပြီ။ အခု ဖော်ပြမှာကတော့ ဆရာဝန်တစ်ယောက် အကြောင်းပါ။ ကွန်ပျူတာစက်တွေရဲ့ လုပ်ဆောင်ချက် တွေဟာ လူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆင်တူနီးပါး ရှိပါတယ်။ လူတွေ ချောင်းဆိုးနှားစီးကြသလို ကွန်ပျူတာတွေလဲ ချောင်းဆိုး .. အဲ .. မှားလို့ ... ကကျိုးကကြောင် ဖြစ်တတ်ပါတယ်။ လူတွေ ချောင်းဆိုးဖျားနာ ကြတဲ့အခါ ဆေးသောက် ဆေးထိုးကြ သလို ကွန်ပျူတာတွေ ကကျိုးကကြောင် ဖြစ်တဲ့အခါ ဆေးသောက် ... မှားပြန်ပြီ ... ဆော့ဝဲလ် ကောင်းလေးတွေနဲ့ ပြုပြင်ရမှာ ဖြစ်ပါတယ်။ ကွန်ပျူတာထဲမှာ ဆော့ဝဲလ် အနေနဲ့ ပျက်နေတဲ့ အရာတစ်ချို့ကို ကျွန်တော်တို့ မသိနိုင်၊ မမြင်နိုင်ပါဘူး။ ကွန်ပျူတာရဲ့ အရေးကြီးဆုံးဖြစ်တဲ့ Registry တွေ ပျက်သွားခဲ့ရင် ကွန်ပျူတာဟာ Window မတက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီအန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ ယခု ဆော့ဝဲလ်လေးကတော့ မိမိရဲ့ ကွန်ပျူတာထဲမှာ ဆရာဝန်တစ်ယောက် ရှိနေသလိုပါပဲ။ ဆော့ဝဲလ်ကို ဒီမှာ Click လုပ်ယူပါ။

မောင်စေတနာ

4.8.08

စိတ်စွမ်းအင်

ဒီလောကကြီးကိုက မပြည့်စုံခြင်း၊ မလိုမပြည့်ခြင်းတွေနဲ့ ပြည့်နှက်နေတာ အားလုံးအသိပါ။ လိုတာမရ ရတာမလို ဆိုတဲ့ စကားတွေ၊ လူအလို နတ်မလိုက်နိုင် ဆိုတဲ့ စကားတွေဟာ ဒါတွေကို အခြေခံပြီး ဖြစ်တည်လာတာပါ။ မိမိရဲ့ လိုအင်ဆန္ဒ မပြည့်လေ စိတ်ဆင်းရဲ ရလေပဲ။ လိုချင်တာရတော့ စိတ်ချမ်းသာ ကျန်းမာ ပျော်ရွှင်နေကြတယ်။ ဒါပေမယ့် လိုချင်မှုက ရပ်မှမသွားတာ ပြန်လိုချင်လာ ပြန်ရော။ လိုချင်တဲ့ အချိန်မှာ ရနေရင် စိတ်ဆင်းရဲမှုတွေ ပျောက်နေတယ်။ လူကလဲ ကျန်းမာရွှင်လန်းနေတယ်။ လိုချင်တာ မရလို့ကတော့ ချွတ်ခြုံကျတော့တာပဲ။ မျက်တွင်းတွေ ချောင်၊ လူက မမာမကျန်းဖြစ်။ စိတ်ထောင်းတော့ ကိုယ်ကျေ တာပေါ့။

ဒီတော့ ဖြစ်စဉ်တွေ အားလုံးက စိတ်နဲ့ ဆိုင်နေတယ်။ တီထွင်မှုတွေ၊ တိုးတက်မှုတွေ အားလုံး အပါအ၀င် လုပ်သမျှ၊ တွေးသမျှ အရာအားလုံးဟာ နောက်ဆုံးတော့ ပြန်ချုပ်လိုက်ရင် စိတ်ကိုပဲ ရောက်သွားတော့တယ်။ ဒါက ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ပိုသိကြပါတယ်။ ဘယ်လိုပဲ နည်းလမ်းမျိုးစုံနဲ့ လူတွေရဲ့ ပျော်ရွှင်မှုကို ဖန်တီး ဖန်တီး နောက်ဆုံးကတော့ မိမိသည်သာ အဓိက ဖြစ်ပါတယ်။ စိတ်သာ ရှင်စော ဘုရားဟော ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဟုတ်ပါတယ်။ စိတ်သာ အဓိကပါ။ ကျွန်တော် ရပ်တည်နေတဲ့ ခန္ဓာကြီး မပြိုလဲအောင် လုပ်နိုင်တာလဲ စိတ်ဖြစ်သလို ယိုင်လဲသွားအောင် ပြုလုပ်နိုင်တာလဲ စိတ်ပါပဲ။

ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ စိတ်စွမ်းအင်ကို တိုးတက်နေအောင် မွေးမြူရမှာ ဖြစ်ပါတယ်။ စိတ်စွမ်းအင် တိုးတက်ဖို့အတွက် စိတ်ကောင်းထားရမှာ ဖြစ်ပါတယ်။ စိတ်ကောင်းရှိဖို့ ပထမလို့ ပြောနေကြတာ စာဖတ်သူတို့ သိပြီးသားပါ။ စိတ်ဓါတ်အင်အား တိုးတက်မှု မကောင်းတာကို ရှောင်ရပါမယ်။ လိုချင်တာကို ရအောင်ယူချင်ယူပါ။ အကယ်၍ မရခဲ့ရင် စိတ်ဓါတ်မကျပါနဲ့။ စိတ်ဓါတ်ကျခြင်းဟာ စိတ်စွမ်းအင်ကို လျော့နည်းစေပါတယ်။ စိတ်ဓါတ်ကျပါများလေ Will Power ကျလေပါ။ မရသည့်အတွက် ဘယ်တော့မှ စိတ်မပျက်စေချင်ပါဘူး။ အပျက်တကာ အပျက်ထဲမှာ စိတ်ပျက်ခြင်းဟာ အဆိုးဆုံးပါပဲ။

ဘယ်အရာဝတ္တုတွေ ပျက်စီးပါစေ စိတ်မပျက်ရင် ဘ၀ကို ရဲရဲရင်ဆိုင် နိုင်ပါသေးတယ်။ ဒါကြောင့် စိတ်တော့ မပျက်လိုက် ပါနဲ့။ လိုချင်တာကို အကြိမ်ကြိမ် ကြိုးစားခြင်းဟာလဲ စိတ်အင်အားကို တိုးစေဖို့ နည်းလမ်းတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ Confident ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်နေလို့ပါပဲ။ ယုံကြည်နေတဲ့အတွက် ငါ တစ်နေ သူဌေးဖြစ်ရမယ်၊ အရာရှိဖြစ်ရမယ်၊ ဆရာဝန်ဖြစ်ရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ စိတ်အင်အားက တွဲပါလာပြီး လုပ်ငန်း မစရသေးခင်မှာပဲ ရာခိုင်နှုန်း ၅၀ က အောင်မြင်ပြီးသား ဖြစ်နေပါပြီ။

ဒါကြောင့် စာအုပ်တွေထဲမှာလဲ ဖတ်ဖူးပါတယ်။ မိမိကိုယ်ကို ယုံကြည်ခြင်းသည် လုပ်ငန်းတစ်ခု အောင်မြင်ရန်အတွက် လမ်းစဖြစ်သည်ဟု ဆိုထားပါတယ်။ ဒါကြောင့် စိတ်ဓါတ်မကျ၊ စိတ်မဆင်းရဲပဲ မိမိတို့ရဲ လိုချင်သည့်အရာတွေကို ရအောင်ယူရင် စိတ်ဓါတ်အင်အားကို တိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
စိတ်ဆင်းရဲခြင်းဟာ အမင်္ဂလာကို ဖြစ်စေပါသေးတယ်။ မနက် မိုးလင်းကတည်းက စိတ်ညစ်တယ်၊ စိတ်ဆင်းရဲတယ် ဆိုပြီး ငြီးတွားနေသူဟာ မနက်ကစလို့ နေ၀င်မိုးချုပ် ဘယ်အရာကို ဆောင်ရွက် ဆောင်ရွက် အဆင်မပြေ ဖြစ်တတ်ပါတယ်။ စိတ်ဆင်းရဲမှုဟာ အဲဒီလောက်ကို ဖြစ်စေပါတယ်။ အလုပ်လုပ်ရာမှာ စိတ်ဆင်းရဲနေပြီး Will Power မပါရှိတဲ့အတွက် အလုပ်တိုင်းကို ဆောင်ရွက်ရာမှာ အဆင်မပြေခြင်းကို ဖြစ်စေတာပါ။ ဒါကြောင့် စိတ်ဆင်းရဲခံမလား၊ Will Power ကို ပဲ တိုးအောင်လုပ်မလား . . . ။


မောင်စေတနာ

1.8.08

နိုင်ငံခြား ရုပ်ရှင်ကားတွေ ကြည့်ရအောင်

ဒီဝက်ဆိုက်က အွန်လိုင်းမှာ ရုပ်ရှင်ကြည့်ချင်သူများအတွက်ပါ။ အရင်တုန်းကတော့ ဒေါင်းလုပ်ယူလို့ ရပါတယ်။ အခုတော့ ရမရ သေချာ မသိတော့ပါဘူး။ မိမိ အရင်တုန်းက ကြည့်ခဲ့တဲ့ ၀က်ဆိုက်တွေကို ဖုံပြန်ကာပြီး ဖော်ပြပေး တာပါ။ သေချာတာကတော့ အွန်လိုင်းကနေ ရုပ်ရှင် ကြည့်လို့ရပါတယ်။ ဒေါင်းလုပ် ယူခြင်းကို အာမမခံပါ။ ကြည့်ချင်သူများ ကြည့်ရှုနိုင်ရေးအတွက် ဖော်ပြပေးလိုက် ပါတယ်။


မောင်စေတနာ

Virus ပြဿနာ ဖြေရှင်းပါ

တလောက ကျွန်တော်ရဲ့ မိတ်ဆွေကြီး ညီအစ်ကိုလို ခင်ရ ချစ်ရတဲ့ ကိုရဲမြင့်က အပြစ်ပြောပါတယ်။ ကိုစေတနာ ခင်ဗျားက မဟုတ်က သုတ်ကတွေပဲ ဖော်ပြနေတယ်။ ကွန်ပျူတာ သုံးတဲ့ လူတွေ ဘာတွေ ဒုက္ခရောက်နေတယ် ... ဘာတွေကြောင့် စိတ်အနှောင့် အယှက် ဖြစ်နေရတယ် ဆိုတာ မသိဘူးလား။ အခု Virus ကြောင့် လူတွေ စိတ်ညစ် နေရတယ်။ ခင်ဗျား အဲဒါတွေတော့ မဖော်ပြဘူး ... ဆိုပြီး အပြစ်တင်ပါတယ်။ ခဏ .. ခဏ ပြောနေ တော့ မိမိ သိသလောက် တတ်သ လောက်လေးကို ရေးသားလိုက် ရပါတယ်။

Virus ပြဿနာက အကောင်းဆုံး ဖြေရှင်းနည်းကတော့
(၁) အင်တာနက် မသုံးစွဲသော စက်များတွင် Memory Stick လုံးဝ မသုံးစွဲခြင်း၊
(၂) အင်တာနက်သုံးစွဲ သောစက်များတွင် Virus သတ်နိုင်တဲ့ ဆော့ဝဲလ် တင်ထားခြင်း၊

ပထမ အချက်ဖြစ်တဲ့ အင်တာနက် မသုံးစွဲတဲ့ စက်တွေမှာ Memory Stick မသုံးခြင်းဟာ Virus လုံးဝမ၀င် နိုင်ကြောင်း လုံးဝကို အာမခံပါတယ်။ မောင်စေတနာ ဘလော့မှ ISO 900 လက်မှတ် ရထားကြောင်း ပြောကြားအပ်ပါတယ်။ သို့ပေမယ့် ပိုပြီး စိတ်ချရအောင် AntiVirus ဆော့ဝဲလ်ကို တင်ထားပါက ပိုကောင်း ပါတယ်။ ကျွန်တော်ကတော့ အင်တာနက် မသုံးတဲ့ စက်တွေမှာ တစ်လတစ်ခါ Update ရတဲ့ Symantac AntiVirus ကို သုံးပါတယ်။ ဒီဆော့ဝဲလ်ကိုတော့ နောက်မှ Upload တင်ပေးပါမယ်။

ယခု ပြောချင်တာကတော့ အင်တာနက် သုံးစွဲတဲ့ ကွန်ပျူတာတွေ အတွက်ပါ။ AntiVirus ဆော့ဝဲလ်များစွာ ရှိပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ Kaspersky ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် Update လုပ်ရတာ အဆင်မပြေတာက တစ်ကြောင်း၊ မိမိရဲ့ လိုင်စင်ကီးက black List ထဲ ရောက်ရောက်သွားတာက တစ်ကြောင်း ကြောင့် အသုံးမပြုခဲ့တာ ကြာပါပြီ။ လွယ်လွင့်တကူ Update လဲရ၊ သုံးစွဲရတာလဲ လွယ်ကူတဲ့ AVG ကို သုံးစွဲ နေပါတယ်။ ဒါကြောင့် AVG ဆော့ဝဲလ်နဲ့ အသုံးပြုပုံ၊ Update လုပ်ပုံတို့ကို ဖော်ပြသွားမှာပါ။

အဆင့်(၁)။ အရင်ဦးစွာ AVG Anti virus ဆော့ဝဲလ်ကို ဒေါင်းလုပ်ယူပါ။ ပြီးလျှင် Install လုပ်ပါ။

အဆင့်(၂)။ လုပ်ပြီးပါက AVG ကို ဖွင့်လိုက်ပါ။ Menu tab တွင် Tools ထဲက Avandend ထဲမှာ Proxy ဆိုတာ ရှိပါတယ်။ အဲဒီမှာ Do not use ကို Use Proxy လို့ ပြင်ပြီး မိမိသုံးနေတဲ့ Proxy နံပါတ် ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အင်တာနက်က Update ကို ဆွဲယူလို့ ရပါပြီ။

အဆင့်(၃)။ နေ့စဉ် Update လုပ်ပေးလျှင် ရသလို တစ်ပတ်တစ်ခါမှ လုပ်လျှင်လဲ ရပါတယ်။ အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ အင်တာနက် မရှိပဲ AntiVirus ဆော့ဝဲလ် တင်ချင်သူများအတွက် နောက်မှ ဆော့ဝဲလ်ဖြင့် ရှင်းလင်း ဖော်ပြသွားပါမယ်။


မောင်စေတနာ

WinRaR ပြဿနာတစ်ချို့

အခုဆိုရင် အင်တာနက်မှာ Upload တင်ထားတဲ့ ဆော့ဝဲလ်များ၊ စာအုပ်များ စသဖြင့် Winrar ဖိုင် နဲ့ တင်ကြတာ များပါတယ်။ ကျွန်တော် တင်ပေးတဲ့ ဆော့ဝဲလ်တွေကလဲ ပူးတွဲ ဖိုင်တွေပါနေတာနဲ့ WinRaR ဖိုင်နဲ့ တင်တာ များပါတယ်။ WinRaR ဆော့ဝဲလ် မရှိတဲ့ သူတွေတော့ ဒုက္ခရောက်ကြ မှာဖြစ်ပါတယ်။ ဒါကြောင့် စဉ်းစားမိပြီး WinRaR ဆော့ဝဲလ်လေး တင်ပေးလိုက်ပါတယ်။ အသုံးဝင်နိုင်ကြပါစေ။

မောင်စေတနာ