31.5.08

ဓာတ်ပုံများကို frame ထဲ ထည့်ရအောင်

မိမိရဲ့ လှပတဲ့ ဓာတ်ပုံလေးတွေမှာ မိမိကိုယ်တိုင် frame ထည့်နိုင်ပါပြီ။ ဘောင်ပုံစံ မျိုးစုံကို မိမိစိတ်ကြိုက် ထည့်သွင်းနိုင်ပါတယ်။ ဒီဆော့ဝဲလ်ကို အင်စတော လုပ်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။ ပျော်ရွှင် နိုင်ပါစေ။


မောင်စေတနာ

အနာဂတ်ကို မေးခွန်းထုတ်ကြစို့

မိမိရဲ့ အနာဂတ်မှာ ဘာဖြစ်မလဲ၊ ချစ်သူနဲ့ အဆင်ပြေမလား၊ စီးပွားရေး ကောင်းမွန်မှာလား၊ လုပ်ငန်းတွေ လုပ်ရာမှာ အဆင်ပြေမှာလား..... စသဖြင့် မေးခွန်းပေါင်း ၁၀၀ မေးနိုင်ပါတယ်။ မိမိ မေးသော မေးခွန်း မှန် မမှန်ဆိုတာ မိမိဖြစ်ချင်မှု၊ အာရုံစိုက်မှုပေါ် မူတည်ပါတယ်။

ယုံကြည်စွာ မေးခွန်းများကို မေးမယ်ဆိုရင် မှန်နိုင်ပါတယ်။ မိမိ မေးသော မေးခွန်းအပေါ် အာရုံစိုက်ပြီး မေးပါ။ မေးခွန်းများကို မှန်ကန်စွာ ဖော်ပြပေးမည်ကို အံ့သြစွာ တွေ့မြင်ရမှာပါ။ ဒီ ၀က်ဆိုက်လေးကို ကံကြမ္မာ စက်ဝိုင်းလို့ အမည် ပေးထားပါတယ်။ ဒီ ဆိုက်လေးကို Republic က ရရှိတာပါ။ မိမိရဲ့ ဘလော့မှာ လာရောက်ဖတ်ရှုသူများ စိတ်ပျော်ရွှင်စွာဖြင့် အနာဂတ်အရေးကို ကြိုတင် တွက်ဆနိုင်ကြပါစေ။ ၀က်ဆိုက်ကို ဒီကနေ သွားလေ့လာနိုင်ပါပြီ။

မောင်စေတနာ

30.5.08

ဓာတ်ပုံတွေမှာ စာသားတွေထည့်မယ်


မနေ့က ပျင်းပျင်းနဲ့ လျှောက်လုပ်တာ မောင်စေတနာရဲ့ သတင်းစာ တစ်စောင် ထွက်လာတယ်။ Mgsaytanar News ဆိုပြီး။ ဟီး ဟီး။ ဖတ်လို့တော့ မရဘူး။ ပုံပဲ ရှိတယ်။ စာဖတ်သူတွေလဲ လုပ်ချင်လား။ လုပ်ချင်ရင် ဒီဝက်ဆိုက်မှာ သွားလုပ်လေ။ အများကြီးပဲ။ တခြားပုံတွေမှာ မိမိရိုက်ထည့်ချင်တဲ့ စာသားတွေ ရိုက်ပြီး previwe လေးကို ကလစ်လုပ်ရုံလေးပဲ။ လုပ်ပြီးရင် ဓာတ်ပုံပေါ်ကို Right Click လုပ်ပြီး Save လုပ်လိုက်ရုံပဲ။ ကဲ သတင်းစာ စောင်ရေ များစွာ ထုတ်နိုင် ဂျာနယ်လစ်များ ဖြစ်ကြပါစေ။


မောင်စေတနာ

27.5.08

ဘယ်ဂီတကို တီးချင်လဲ

ကျွန်တော် ဂီတကို မြတ်နိုးပါတယ်။ ဂီတကို မြတ်နိုးပေမယ့် ဂီတနဲ့ ပတ်သက်ပြီး ဘာမှ လုပ်ဆောင်နိုင်တာ မရှိပါဘူး။ သူများ ဆိုတာ၊ တီးတာတွေ ကိုသာ အာသာငမ်းငမ်းနဲ့ နားထောင် ခဲ့ရတာပါ။ ဂီတကို စိတ်ဝင်ခဲ့တဲ့ အတွက် ဂီတနဲ့ ပတ်သက်ပြီး ဂစ်တာနဲ့ ဂီတာ ကို လှမ်းမေးခဲ့ပါတယ်။ ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ကျွန်တော်ဆီကို ချက်ချင်း အကြောင်းပြန် ပါတယ်။

သို့ပေမယ့် သူပေးတဲ့ ဆိုက်တွေက အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ဂစ်တာနဲ့ ဂီတာကို ဆက်လက်ပြီးတော့ အကူအညီ တောင်းခံထားပါတယ်။ ဂီတနဲ့ ပတ်သက်လို့ ရနိုင်မယ့် ဆော့ဝဲလ်များ ရှိရင် ပြောပြပါလို့။ အခု လောလောဆယ်တော့ ကျွန်တော် ရှာဖွေတွေ့ရှိထားတဲ့ ဂီတဆော့ဝဲလ် လေးကိုသာ ဖော်ပြလိုက်ပါတယ်။ ဂစ်တာနဲ့ ဂီတ ဘလော့ဂါက ပေးလာလျှင်လဲ ကျွန်တော် ထပ်မံ၍ ပြောပြပေးပါမယ်။ လောလောဆယ်တော့ ကျွန်တော်ရဲ့ ဆော့ဝဲလ်လေးနဲ့သာ ကျေနပ်နိုင်ကြပါစေ။ ကျွန်တော် ဆော့ဝဲလ်လေးမှာ ပါတာတွေကတော့ စန္ဒယား၊ အော်ဂင်၊ တရုတ်မယ်ဒလင်၊ မယ်ဒလင်၊ ငှက်အော်သံ၊ ဂစ်တာ၊ အလက်ထရစ် ဂစ်တာ စသည်တို့ ပါဝင်ပါတယ်။ ကဲ ပျော်ရွှင်စွာ မိမိ၏ ဂီတသံများကို ဖန်တီးနိုင်ပါပြီး။ ဆော့ဝဲလ်ကို ဒီမှာ Click လုပ်ယူပါ။


မောင်စေတနာ

26.5.08

သစ္စာ

ငါ့စာဖတ်၍ မပြတ်တိုင်စေ၊
မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်၊
တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ၊
တွေ့ငြားပေမှု၊ စာပေကျေးကျွန်၊
ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
ငါအတတ်ဟု၊ စာဖတ်သူအပေါ်
ခေါင်းကိုကျော်၍ ငါသော်ဆရာ
မလုပ်ပါတည်း ။ .....။

(တက္ကသိုလ်ဘုန်းနိုင်၏ ကဗျာကို ဖော်ပြပါသည်။)

မောင်စေတနာ

ဖြေဆေး

အတိတ်ဆိုတာ
ဝေးခဲ့ပေမယ့်
ကျန်ခဲ့တဲ့ ဒဏ်ရာ
ခံသာအောင်
ဖြေစရာ ဆေးမရှိတော့
တရေးရေးတွေးလို့
ဖြေးဖြေးချင်းဆွေး။ ... ။

(လောကအလှဝက်ဆိုက်မှ စူးချစ်၏ ကဗျာကို ကူးယူဖော်ပြပါသည်)


မောင်စေတနာ

24.5.08

System ဖိုင်တွေကို ပြန်ပြုပြင်မယ်

သိပ်တော့ မထူးဆန်းလှပါဘူး။ ဒါပေမယ့် လိုရမယ်ရ တင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေးကို ဘယ်က ရသလဲ မမှတ်မိတော့ပါဘူး။ မိမိ မသိနိုင်တဲ့ System ထဲက ဖိုင်တွေကို ဒီဆော့ဝဲလ်လေးနဲ့ အင်စတောလုပ်ပြီး ပြင်နိုင်ပါတယ်။ ဆော့ဝဲလ်လေးကို ဒီမှာ ယူပါ။


မောင်စေတနာ

ပီစီကို Checking လုပ်ချင်လား

မိမိ စက်ရဲ့ CPU, Cache, Mainboard, Memory အစရှိတဲ့ စက်ရဲ့ အမျိုးအစားတွေကို Checking လုပ်ချင်တယ် ဆိုရင်တော့ ဒါလေးကို သုံးနိုင်ပါတယ်။ အရွယ်အစားက 1.13 MB ပဲရှိပါတယ်။ ဒါလေးကို အင်စတော လုပ်ထားခြင်း အားဖြင့် မိမိစက်ရဲ့ အမျိုးအစားတွေကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို http://www.sitandread.net က ရရှိတာပါ။ ဆော့ဝဲလေးကို ဒီမှာ Click လုပ်ယူပါ။

မောင်စေတနာ

23.5.08

Gtalk မှာ အမြဲတမ်း Idle ဖြစ်ချင်လား

မိမိက Gtalk မှာ သက်ဆိုင်သူနဲ့သာ ချက်တင်ဝင်ချင်ပြီး မဟုတ်က ဟုတ်က လူများနဲ့ မချက်ချင်ရင် ဒီနည်းလေး သုံးနိုင်ပါတယ်။ Idle ပေါ်နေတော့ ကွန်ပျူတာမှာ လူမရှိဘူး ထင်ပြီး မပြောတော့ဘူးပေါ့။ Busy ထက်တော့ ကောင်းပါတယ်။ ဒီဆော့ဝဲလ်လေးကို ညီလေး ကောင်းကင်ပြာက ပေးတာ ဖြစ်ပါတယ်။ ညီလေး ကောင်းကင်ပြာ ကိုလဲ ဒီဘလော့ကနေ မှတ်တမ်းတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ နောက်လဲ User များ အတွက် ဆော့ဝဲလ်ကောင်းလေးများ ပေးနိုင်ပါစေ။ အသုံးပြုရန် နည်းလမ်းလေးကတော့ အရင်ဆုံး ဆော့ဝဲလ်လေးကို ဒီမှာ Download လုပ်ယူပါ။ ပြီးရင် install လုပ်လိုက်ပါ။ ပြီးလျှင် မိမိရဲ့ Start ဘားတန်းမှာ ပေါ်နေသော Gtalk လေးပေါ်တွင် Right Click နှိပ်လိုက်ပါ။ ပေါ်လာလျှင် Always Idle ကို ရွေးချယ်လိုက်ပါက မိမိရဲ့ အကောင့်လေးဟာ အမြဲတမ်း Idle ဖြစ်နေမှာပါ။ ကဲ ပျော်ရွှင်နိုင်ကြပါစေ။

မောင်စေတနာ

22.5.08

နှစ်ယောက်မရှိ

တို့နှစ်ဦးအကြား
ချိုမြိန်တေးသွား
ညည်းတွားဖို့
ဝေးများ ဝေးရင်

အကြင်နာအနမ်း
နွမ်းများသွားရင်။

ပျော်ရွှင်ဖွယ် ဇာတ်လမ်း
လွမ်းချင်းတစ်ပုဒ် ဖြစ်ခဲ့ရင်။

ရည်ရွယ်အိပ်မက်
ပျက်ပြယ်ခဲ့ရင်။

နှလုံးသားကွက်လပ်
ဖြည့်စွက်ဖို့ မရည်ရွယ်
ဒီအတိုင်းပဲ ထားတော့မယ်။

(လောကအလှဝက်ဆိုက်မှ စူးချစ်၏ ကဗျာကို ကူးယူဖော်ပြသည်။)

မောင်စေတနာ

21.5.08

ခေါင်းခေါက်မှာနော်

တစ်ခါက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ မျောက်တစ်ကောင် ရှိတယ်။ အဲဒီမျောက်က တအား ဆော့တယ်ဆိုပဲ။ အရမ်းဆော့တဲ့အတွက် ကျောင်းထိုင်ဘုန်းကြီးက

“ တယ်... ဒီမျောက်နှယ် ဒီလောက်တောင် ဆော့လှချည်းလား ” ဆိုပြီး


မျောက်ကို တွေ့တိုင်း ခေါင်းကို နှစ်ချက် ခေါက်တယ်။ တွေ့တိုင်း နှစ်ချက် ခေါက်တယ်။ ဒီတော့ မျောက်က တွေးတယ် ဒီကျောင်းထိုင် ဘုန်းကြီး တော်တော် ဆိုးပါလားဆိုပြီ။

အဲဒီ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးရယ်၊ တိုက်အုပ်ကိုယ်တော်ရယ်၊ ကိုရင်တွေရယ် ရှိကြတယ်။ မျောက်က ကိုရင်လေးတစ်ပါးနဲ့ သူငယ်ချင်း ဖြစ်နေတယ်။ တော်တော်ကို ရင်းနှီးကြတဲ့ မိတ်ဆွေတွေ ဖြစ်နေတယ်။ ကျောင်းထိုင် ဘုန်းကြီးက မျောက်ကို တွေ့တိုင်း ခေါင်းနှစ်ချက်ခေါက်နေတော့ မျောက်က တွေးတယ်။ တိုက်အုပ်ကိုယ်တော်သာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ရင် ငါ့ကို ခေါင်းခေါက်မှာ မဟုတ်ဘူးလို့ တွေးတယ်။

ဒီလိုနဲ့ နှစ်အနည်းငယ် ကြာတော့ ကျောင်းထိုင် ဘုန်းကြီး ပျံလွန်တော် မူလို့ တိုက်အုပ်ကိုယ်တော်က ကျောင်းထိုင် ဖြစ်ပါလေရော။ မျောက်က ပျော်ပြီး ပိုဆော့ပါလေရော။ ဒီမှာ တိုက်အုပ်ကိုယ်တော်က တွေးတယ်။ ဒီမျောက် အရင်ကျောင်းထိုင်တုန်းက ခေါင်းနှစ်ချက်ခေါက်တာတောင် ဆော့တုန်းဆိုတော့ ငါ့ဆိုရင် နည်းနည်း ရင်းနှီးတယ်ဆိုပြီး ပိုဆော့တော့မယ်။ မဖြစ်ဘူး သူခေါင်းကို ငါးချက်လောက် ခေါက်မှ တော်ကာကျမယ် ဆိုပြီး မျောက်ကို တွေ့တိုင်း ခေါင်းကို ငါးချက် ခေါက်ပါလေရော။ မျောက်က စိတ်ညစ်သွားတယ်။ ငါကတော့ တွေးထင်ထားတာ တိုက်အုပ်ကိုယ်တော်ဆိုရင် ငါကို ခေါင်းမခေါက်လောက်ဘူးဆိုပြီး။ သူက အရင်ကျောင်းထိုင်ထက် တောင် ပိုဆိုးနေသေးတယ် ဆိုပြီး ညည်းငြူနေတယ်။ တိုက်အုပ်ကိုယ်တော်ကလဲ ကျောင်းထိုင် ဖြစ်ပြီးကတည်းက မျောက်ကိုတွေ့တိုင်း ခေါင်းကို ငါးချက်ခေါက်တယ်။

ဒီတော့ မျောက်က တွေးပြန်ရော။ သူ့သူငယ်ချင်းဖြစ်တဲ့ ကိုရင်လေးသာ ကျောင်းထိုင်ဖြစ်ရင် ကောင်းမှာပဲ။ ကိုရင်လေးသာ သူ့ကို ဆူပူခေါင်းခေါက်မှာ မဟုတ်ဘူးဆိုပြီး ကိုရင်လေး ကျောင်းထိုင် ဖြစ်ဖို့ တောင့်တ နေတယ်။

ဒီလိုနဲ့ အချိန်တွေကြာလာတော့ ကိုရင်လေးက ကျောင်းထိုင် ဖြစ်ပါလေရောဗျာ။ ဒီမှာ မျောက်က ပျော်တော့ တာပဲ။ သူ့သူငယ်ချင်း ကိုရင်လေး ကျောင်းထိုင် ဖြစ်တော့ ပျော်တော့တာပေါ့။ အဲဒီမှာ ဆော့ချင်တိုင်း ဆော့တော့ တာပဲလေ။ ဒီမှာ ကိုရင်လေးက စဉ်းစားတယ်။ အင်း ... ဒီမျောက် ငါနဲ့ ရင်းနှီးတယ်ဆိုပြီး သိပ်ကဲနေပါလား။ အရင်ကျောင်းထိုင်တုန်းက ခေါင်းကို ငါးချက်ခေါက်မှာ ငြိမ်တယ်ဆိုတော့ ငါ့အလှည့်ကျရင် ဆယ်ချက်လောက် တော့ ခေါက်မှ တော်ကာကျမယ်။

အဲဒီမှာ ကျောင်းထိုင်က မျောက်ကိုတွေ့တိုင်း ခေါင်းကို ဆယ်ချက် ခေါက်ပါလေရော။ နောက်ဆုံး မျောက်လဲ စိတ်ညစ်ပြီး ထွက်ပြေးရတော့တယ်။

မောင်စေတနာ

18.5.08

အနီးနားက မင်းလေးမြင်အောင် ဖွင့်ပြောဖို့လေ

ကျွန်တော်တို့က အရင်က သူငယ်ချင်းတွေလေ။ အတူသွား၊ အတူစား ငယ်သူငယ်ချင်းတွေ။ ငယ်စဉ်ကတည်းက ပေါင်းလာတဲ့ သံယောဇဉ်က ကျွန်တော်တို့အတွက် ခိုင်မြဲအောင် မချည်ရပဲ ခိုင်မြဲနေတယ်။ တွဲလာတဲ့ အချိန်တွေ ကြာလာတော့ တစ်ဦးပေါ် တစ်ဦး တွယ်တာလာကြတယ်။ မမြင်ရရင် မနေနိုင်အောင် ဖြစ်ခဲ့ကြတယ်။ ကျွန်တော် ချစ်နေတာကို သူသိပါတယ်။ သိအောင်လို့ ဘယ်လိုနည်းလမ်းမှ မသုံးခဲ့ပေမယ့် ကျွန်တော် မျက်ဝန်းကိုတော့ လိမ်လို့မှ မရတာ။ ကျွန်တော်ရဲ့ မျက်ဝန်းမှာ သူ့ကို ချစ်နေတဲ့ ပုံရိပ်တွေကို သူ ကောင်းကောင်း မြင်နေ တယ်လေ။


ဒါပေမယ့် ဖြူစင်တဲ့ သံယောဇဉ် ကနေ အရောင်ပြောင်းဖို့ ခက်ခဲတဲ့အတွက် တစ်ဦးကို တစ်ဦး မြိုသိပ်မှုတွေနဲ့ နေလာခဲ့ကြတယ်။ တစ်ခါတစ်လေကျတော့ ဖွင့်မပြောပဲ ထားတဲ့ စကားတွေက ဖွင့်ပြောတာထက် ပိုပြီး အဓိပ္ပါယ် ရှိတယ်လေ။ သိပ်ချစ်ကြပြီ ဆိုရင် ခွဲရတာပဲ ဆိုတဲ့ စကားအတိုင်း ကျွန်တော်နဲ့ ဝေးရအောင် ကံကြမ္မာက ဖန်တီးခဲ့တယ်။ ကျွန်တော် ပါးစပ်က ချစ်တယ်လို့ သူ့ကို ဖွင့်မပြောလိုက်ရပေမယ့် သူ့ရင်ထဲမှာ ကျွန်တော် ချစ်နေတာ သိသွားတဲ့အတွက်တော့ ကျွန်တော် ကျေနပ်ခဲ့မိတယ်။ အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို နည်းမျိုးစုံ အဓိပ္ပါယ် ဖော်နေမိပေမယ့် ကျေနပ်တဲ့ အဖြေ မရခဲ့ဘူး။ လူတိုင်း ပြောနေတဲ့ အချစ်ဆိုတာ ပူလောင်တယ်၊ ပြင်းပြတယ်၊ ရယူခြင်း၊ ပေးဆပ်ခြင်း စသဖြင့်ပေါ့ ပြောကြတာပဲလေ။ ကျွန်တော် ခံစားရတာတော့ အချစ်ဆိုတာ မွန်းကြပ်ခြင်းလို့ ထင်တာပဲလေ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ချစ်တာကို သူသိပေမယ့် ကျွန်တော် ပါးစပ်က ဖွင့်မပြောရတဲ့အတွက် ရင်ထဲမှာ လေးလံပြီး မွန်းကြပ်နေခဲ့တယ်။ သူလဲ ကျွန်တော့်လိုပဲ ခံစားရမယ် လို့ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဘယ်အချိန် ဖွင့်ပြောလားမလဲဆိုတဲ့ အချိန်ကို မျှော်လင့် စောင့်စားရင်း မွန်းကြပ် နေလိမ့်မယ်လို့ ထင်တယ်။ ပါးစပ်က ပြောမှ တရားဝင်တာလေ။ မပြောမချင်းတော့ ချစ်တယ် ဆိုတာ သက်သေမပြနိုင်ဘူးလေ။ အချစ်စစ်နဲ့ ချစ်မိပြီဆိုရင် ချစ်တယ်ဆိုတဲ့ စကားကို လူတိုင်း ဘယ်လွယ်လွယ် ပြောရဲပါ့မလဲ။ တစ်ဖက်က ပြန်မချစ်ရင် ခံစားရမှာလေ။ ဒါကြောင့် မြိုသိပ်ခံစားမှု တွေ ဖြစ်လာတာပေါ့။ အောက်က စာသားလေးတွေကို လူတိုင်း ကြားဖူးမှာပါ။ ဇော်ပိုင်သီဆို ထားတဲ့ သီချင်းလေးပါ။

နေတာ အချိန်တွေ ကြာလာလေ၊ တွယ်တာ တာတွေကြာလာလေ၊
ရင်မှာ တစ်ဦးပေါ် တစ်ဦးမှာလေ၊ အနီးနားက မင်းလေးမြင်အောင်
ဖွင့်ပြောဖို့လေ နီးစပ်ခဲ့ပါရစေ ခံစားမှုတွေ၊
နေတာ အချိန်တွေ ကြာလေ၊ ရင်ခုန်သံမြန်လေ
အကြင်နာအချစ်တွေ ဖြစ်ပေါ်နေ၊
သိလျက်နဲ့ မင်းလေး ဟန်ဆောင် နေအုံးမလားလေ
နီးစပ်ခွင့်ပေးပါ ငယ်သူငယ်ချင်းရေ၊ မကြာခင် ပြန်ဆုံပါရစေ
တို့ဆုတောင်းရင်းလေ၊ စိတ်ထဲမှာ မှန်းမျှော်ပြန်ပြီးတွေး
ဘယ်သူအကြင်နာဆုံးလဲ အတိတ်ကို လှမ်းကြည့်လှည့်
မြင်နိုင်မယ်ဆို လှမ်းလို့လာခဲ့လေ
ပန်ဆင်ဖို့ ပန်းလေးလို ပွင့်လန်းနေ
မပန်ချင်လဲ နှလုံးသားကို ချွေလိုက်လေ၊
မြေမှာ ပန်းပွင့်လေးတွေ ကြွေကာ လမ်းခင်းပေးနေ
လာမှာလား မင်းအတွက်ဆိုရင်လေ။

အနီးနားက မင်းလေးမြင်အောင် ဖွင့်ပြောဖို့လေ

မောင်စေတနာ

17.5.08

ရည်မှန်းချက်


သင်မမြင်ရသော ပစ်မှတ်ကို သင်ဘယ်လို မှန်အောင် ပစ်မလဲ သိပ်ကို အဓိပ္ပါယ် ရှိတဲ့ စကားလုံးလေးပါ။ ပစ်မှတ်ကို မမြင်ရမှတော့ မှန်အောင် ဘယ်လိုပစ်တော့ မှာလဲ။ ပစ်ရင်ရော ထိမှာလား။ လွဲပြီးပေါ့ ပစ်မှတ်မှ မမြင်ရတာ။ ဟုတ်ဘူးလား။ အဲဒီလိုပဲ မိမိမှာ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခု သို့တည်းမဟုတ် ဖြစ်နိုင်တဲ့ ဆန္ဒတစ်ခု .... အဲ .. ဒါတွေ တစ်ခုမှ မရှိရင် ဖြစ်ချင်တာလဲ မရှိသလို၊ ဖြစ်နိုင်တာလဲ ရှိလာမှာ မဟုတ်ဘူးလေ။ တစ်နည်း ပြောရရင် ရည်မှန်းချက် ပန်းတိုင်ပေါ့ဗျာ

မိမိအိမ်က ထွက်လာတယ်။ ထွက်သာ လာရတယ် ဘယ်သွားရမှန်း မသိဘူး ဖြစ်နေတယ်။ ဘယ်သွားရမှန်း မသိတော့ ခြေဦးတည့်ရာ သွားနေတာပေါ့။ လိုရင်းကို မရောက်နိုင်ဘူး ဖြစ်နေတယ်။ လိုရင်းမှ မရှိတာ။ အိမ်က ထွက်တယ်ဆိုထဲက ငါ ကျောင်းကိုသွားမယ်၊ ရုံးကို သွားမယ်၊ ဈေးကို သွားမယ်၊ စတိုးဆိုင်ကို သွားမယ်၊ ဘဏ်ကို သွားမယ် ... စသဖြင့်ပေါ့။ ကိုယ်သွားချင်တဲ့ နေရာကို အရင်သိရမယ်။ သိမှ သွားလို့ရမယ်။ သိတဲ့အတိုင်း သွားရင် ရောက်မယ်။ ရုံးကို သွားရမယ်လို့ သိတဲ့အတွက် အိမ်က စထွက်ကတည်းက ရုံးကိုပဲ သွားမှာ ဖြစ်တယ်။ ရုံးကို ရောက်ဖို့အတွက် ကားစီးပြီး သွားရင် သွားမယ်၊ နီးရင် လမ်းလျှောက်သွားမယ်။ ဘယ်လိုပဲ သွားသွား ရုံးကိုတော့ ရောက်အောင် သွားမှာပဲ။ ရုံးကို ရောက်ဖို့အတွက် ကြိုးစားအားထုတ်တော့ ရုံးကို ရောက်မယ်။

ဒီဥပမာတွေလိုပါပဲ။ မိမိဘ၀ တိုးတက်ဖို့၊ အောင်မြင်ဖို့ကို ဘယ်လို ကြိုးစားရမယ်၊ ဘယ်လို ရည်မှန်းချက် ထားရမယ်၊ ဘယ်လို ဦးတည်ချက်ထားရမယ်၊ ဘယ်လမ်းကြောင်းက သွားရမယ် ဆိုတာတွေ မသိဘဲနဲ့ အောင်မြင်ချင်၊ တိုးတက်ချင်လို့ မရနိုင်ပါ။ အရင်ဦးစွာ ပစ်မှတ်ဖြစ်သော ရည်မှန်းချက်၊ ဦးတည်ချက်၊ ကိုယ်လျှောက်မယ့်လမ်း ရှိရမှာ ဖြစ်တယ်။ ရည်မှန်းထားသည့် အတိုင်း ဖြစ်အောင် ကြိုးစားရမယ်။ ဒါမှ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။

မောင်စေတနာ

ဆက်ဖတ်ရန် (သို့) ပြန်ခေါက်ရန်

ကဲ အားလုံး တမ်းတနေတဲ့ အရာလေး လာပါပြီ။ မိမိရဲ့ ဘလော့ဂ်လေးမှာ စာပိုဒ်တစ်ဝက်ပဲ ဖော်ပြီး တစ်ဝက်ကို ခေါက်သိမ်းထားမယ်။ ဖတ်ချင်တဲ့သူက ဆက်ဖတ်ရန်ဆိုတဲ့ စာလေးကို Click လုပ်မယ်။ စာတွေ ကျလာမယ်။ ဟုတ်တယ် မဟုတ်လား။ အဲဒီ လုပ်နည်းလေးလေ။


ကိုရန်အောင် ဘလော့မှာ ညွှန်းထားပါတယ်။ ကျွန်တော်လဲ အဲဒီက ယူတာပါ။ ဒါပေမယ့် မအောင်ခဲ့ဘူး။ အခု ထပ်လုပ်တယ်။ ကိုရန်အောင် နည်းကို ပြန်ယူတယ်။ လိုအပ်ချက်တွေကို ကိုယ့်ဘာသာ ကိုယ်ရှာခဲ့တယ်။ တွေ့တယ်။ အောင်မြင်ခဲ့တယ်။ ဒီတော့ ကျွန်တော် သိလာတဲ့ အချက်အလက်တွေကို ပြန်ပြောမယ်။ ကိုရန်အောင် လုပ်နည်းကို Reference ယူပြီး ပြန်လုပ်ထားတယ်။ ကဲ ဒီမှာ လုပ်နည်းကို Download လုပ်ယူ။ ဟုတ်ပြီနော်။

မောင်စေတနာ

ကဲ ဇော်ဂျီဖောင့်ကို ပြောင်းကြရအောင်လား

Win font မှ Zawgyi-One font ကို ပြောင်းချင်သူတွေ အတွက်ပါ။ အင်တာနက် ချိတ်ဆက်ထားစရာ မလိုပါဘူး။ မိမိရဲ့ စက်မှာ အခုပေးတဲ့ ဆော့ဝဲလ်လေးကို အင်စတော လုပ်ရုံပါပဲ။ သဘောကျနေပြီလား။ ဟဲ ဟဲ။

ဟုတ်ပါတယ်။ အင်တာနက်လိုင်း ရှိစရာ မလိုပါဘူး။ မိမိ Win Font အားလုံးနဲ့ ရိုက်သမျှ အားလုံးကို Zawgyi ပြောင်းလို့ ရပါတယ်။ တစ်ချို့တွေက အိမ်မှာ ကွန်ပျူတာ ရှိတယ်လေ။ ဒါပေမယ့် အင်တာနက် မရှိကြဘူး။ အဲဒီလူတွေ အတွက်ရော၊ တစ်ခြားဖောင့်နဲ့ ရိုက်ပြီး ဇော်ဂျီဖောင့်ပြင်ပြီးမှ ဘလော့ဂ်တင်ချင်သူတွေအတွက်ပါ အဆင်ပြေမှာပါ။ ကဲ ဆော့ဝဲလ်လေးကို Click လုပ်ပြီး ယူလိုက်နော်။


မောင်စေတနာ

12.5.08

http://www.download-free-games.com/

ပင်ပန်းလိုက်တာဗျာ။ website ကောင်း တစ်ခုတစ်ခု ရဖို့ကို ရှာလိုက်ရတာ။ website တွေကတော့ သန်းနဲ့ ချီပဲ။ ဒါပေမယ့် အဲဒီဝက်ဆိုက်တွေထဲက စာဖတ်သူတို့ အတွက် အသင့်တော်ဆုံးကို ရှာရတာ ခက်တယ်ဗျာ။ free website လို့ ပြောထားပေမယ့်လဲ တစ်ခါ တစ်လေ ကျရင် ဘာမှ download လုပ်လို့ မရဘူး။ ကဲ ဒီတစ်ခါလဲ ပင်ပန်းစွာနဲ့ ရှာဖွေထားတဲ့ ကလေးများ အတွက် Games ၀က်ဆိုက်လေးကို ဖော်ပြ လိုက်ပါတယ်။ ကလေး အတွက်လို့ ပြောပေမယ့် လူကြီးများ ကြိုက်ရင်လဲ ကစားလို့ ရပါတယ်။ Scrabble, Monopoly အစရှိသဖြင့် A ကနေ Z အထိ Games များကို ဖော်ပြ ပေးထားပါတယ်။ ကဲ အပျင်းပြေပေါ့ သွားယူကြရ အောင်လား။

မောင်စေတနာ

10.5.08

http://lotaya.com

သီချင်းများကို စုစည်းဖော်ပြထားတဲ့ ၀က်ဆိုက်လေး ဖြစ်ပါတယ်။ စုံလင်လှတာကြောင့် စာဖတ်သူတို့ သဘောကျ မှာပါ။ ရော့၊ ပေါ့၊ ရပ်၊ ဟစ်ဟော့ စတာတွေလဲ ပါဝင်ပါတယ်။ ကဲ ၀က်ဆိုက်ကို ဒီက သွားနိုင်ပါတယ်။

မောင်စေတနာ

7.5.08

ဖေမေမေတ္တာ ဘယ်သို့နှိုင်းရမည်


သန္ဓေစတည်တာကို သိကတည်းက
ပျော်ရွှင်နေသော အမေ
အမေရဲ့ အပျော်ကို ကူးစေတာက အဖေ
အဖေပျော်နေတော့ အမေ ပိုပျော်တာပေါ့။

အစားအသောက် ရှောင်စားခဲ့တဲ့ အမေ
အနေအထိုင် ပြောင်းလဲခဲ့တဲ့ အမေ
အကောင်အထည် မပေါ်သေးခင်ကတည်းက
မေတ္တာပြည့်ဝခဲ့တဲ့ အမေ။

အမေကို အားဖြစ်စေခဲ့သော အဖေ
ဂရုစိုက်ရာမှာ သူမတူခဲ့သော အဖေ
အမေရဲ့ အပါးမှာ အမြဲနေပေးခဲ့သော အဖေ
လိုအပ်ချိန်တိုင်း ရှိနေခဲ့သော အဖေ။

ကိုးလလုံး လွယ်ခဲ့ရသော်လည်း ပင်ပန်းသည်ဟု မထင်ခဲ့သော အမေ
မိမိ စိတ်ကြိုက်မနေခဲ့သော အမေ
သန္ဓေသားအပေါ်သာ ဂရုစိုက်ခဲ့သော အမေ
မွေးဖွားရာမှာ အားအပြည့်သုံးခဲ့သော အမေ။

အင်္ဂုလိမာလသုတ်ကို သက်စေ့ကျော်အောင် ရွတ်ခဲ့သော အဖေ
မွေးဖွားခန်းရှေ့မှာ ပျာယာခတ်ခဲ့သော အဖေ
အမေအော်သံကြားရင် ရင်ထဲထိအောင် ခံစားခဲ့သော အဖေ
ကလေးအော်သံကြား၍ ထခုန်မြူးတူခဲ့သော အဖေ။

မွေးလာတော့ ပီတိဖြစ်နေတဲ့ အမေ
လက်က မချချင်အောင် ချစ်လိုက်တဲ့ အဖေ
နို့ချိုက မပြတ်တိုက်ကျွေးခဲ့သော အမေ
မှတ်၊ ခြင်၊ ယင်တွေ အနားမသီအောင် မောင်းထုတ်ခဲ့သော အဖေ။

ထမင်းကို စိတ်ရှည်စွာဖြင့် ၀ါးကျွေးခဲ့သော အမေ
ကလေးအားဆေးမျိုးစုံ ၀ယ်လာခဲ့သော အဖေ
ညသန်းခေါင် အိပ်ရေးပျက်ခဲ့သော အမေနဲ့ အဖေ
ကျင်ငယ်များကို မရွှံ့မရှာ သုတ်သင်ခဲ့သော အမေနဲ့ အဖေ။

မေ ဖေ ခေါ်တတ်အောင် သင်ပေးခဲ့သော အမေ
ဖေဟု ခေါ်လျှင် ပျော်ရွှင်ခဲ့သော အဖေ
အိပ်ချိန်နည်းခဲ့သော အမေ
အလုပ်ပင်ပန်းသော်လည်း ထိန်းကျောင်းခဲ့သော အဖေ။

(အမေနဲ့ အဖေအား တမ်းတလွမ်းဆွတ်စွာဖြင့် ရေးဖွဲ့ဖော်ကျူးပါသည်)

မောင်စေတနာ

သင်္ခါရ

ရွှေနှင်းဆီ
မြညှာချီလျက်
ဆူးသီရံကာ
ဖူးပွင့်ရှာလည်း
သင်္ခါလက်တွင်း ... မလွတ်ကင်း။ ။
ငွေနှင်းရီ
လီလီသက်ဆင်း
ဖြူညက်ဝင်းလည်း
နေမင်းလာလျှင်
သင်္ခါလက်တွင်း ..... မလွတ်ကင်း။ ။
ကေ၀င်းသီ
ဆင်းကြည်ထယ်ဝါ၊ လှရှုပါလည်း
မာနသီခေါင်၊ မိုးသို့ ဆောင်လည်း
ငွေရောင်ဆီးနှင်း၊ ဖြူဖြူဝင်းနှင့်
ကြူသင်းတလီ၊ သဲချင်းနီသည့်
နှင်းဆီပွင့်လွှာ၊ ပုံပမာသို့
သင်္ခါလက်တွင်း ..... မလွတ်ကင်း။ ။

(စာအုပ်တစ်အုပ်မှ ကူးယူပါသည်။ အမည်မမှတ်မိတော့)

မောင်စေတနာ

5.5.08

နာဂစ်ကတော့ နှာကစ်သွားပြီ

နာဂစ်အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းဟာ ၂-၅-၂၀၀၈ ရက်နေ့ကစပြီး ဟိုင်းကြီးကျွန်း ကနေ မြန်မာနိုင်ငံကို ၀င်ရောက် ခဲ့ပါတယ်။ ဟိုင်းကြီးကျွန်းမှာ အိုးမဲ့အိမ်မဲ့ တော်တော် များခဲ့ပါတယ်။ အဲဒီကနေပြီး ဧရာဝတီတိုင်း အတွင်းသို့ ၀င်ရောက် တိုက်ခတ်ခဲ့ တယ်လို့ သိရပါတယ်။ ဖျာပုံ၊ လပွတ္တာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်းနဲ့ ကျိုက်လတ်မြို့ များကို တိုက်ခတ်ခဲ့ပါတယ်။ အသေ အပျောက်ကိုတော့ မသိရသေးပါဘူး။

အဲဒီကနေ တစ်ဆင့် ရန်ကုန်ကို တိုက်ခတ် ခဲ့ပါတယ်။ ရန်ကုန်မြို့ရှိ ဆူးလေး လမ်းမကြီးပေါ်မှာ သစ်ပင်များ လဲပြိုခြင်း၊ ပြည်လမ်း၊ ဦးဝိဇာရ အ၀ိုင်း၊ ဟံသာဝတီ အ၀ိုင်း ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများ လမ်းပေါ် ပြိုကျခဲ့ ပါတယ်။ ကြည့်မြင်တိုင် မှာလဲ အလားတူပဲ ဖြစ်ပါတယ်။ အင်းစိန်နဲ့ ဒဂုံမြောက်ပိုင်း မှာလဲ သစ်ပင်များ အိမ်ခေါင်မိုးများ လေထဲ လွှင့်ပါခြင်း များဖြစ်ပေါ် ခဲ့ပါတယ်။

တပ်မတော်သားများနဲ့ ရဲများဟာ လမ်းပိတ်ဆို့နေသော သစ်ပင်ကြီးများကို ခုတ်ထွင်း ရှင်းလင်းနေ ကြပါတယ်။ စည်ပင် ၀န်ထမ်းများနဲ့ NGO အဖွဲ့အစည်း တော်တော်များလဲ တက်ညီ လက်ညီ ဆောင်ရွက် နေတာ မြင်တွေ့ ရပါတယ်။ ဒါကြောင့် အချိန်နေ့ တစ်ဝက် အတွင်းမှာပဲ ကားလမ်းများမှာ ပိတ်ဆို့နေတဲ့ သစ်ပင်ပေါင်း(၃၀၀) ကျော်နဲ့ ဓါတ်တိုင်များ ရှင်းလင်းသွားလို့ ပြည်သူများနဲ့ လိုင်းကားများ၊ ရထားများ ပုံမှန်အတိုင်း သွားလာ နေကြပါပြီ။

နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကိုယ်တိုင် ကြီးကြပ် ဆောင်ရွက် နေတာ မြင်တွေ့ ရပါတယ်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့ကို သဘာဝဘေး ဒဏ်ကျ ခံရသော ဒေသများအဖြစ် ကြေညာချက် ထုတ်ပြန်သည်ကိုလဲ တွေ့ရပါတယ်။ လေဘေးဒုက္ခ ရောက်နေသော ဒေသများမှာ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ် ဆောင်ရွက် နေတယ်လို့လဲ သိရပါတယ်။ ထိုဒေသ များကိုလဲ တပ်မတော်အရာရှိများ ကိုယ်တိုင် သွားရောက်ပြီး ထောက်ပံ့ရိက္ခာ များနဲ့အတူ သွားရောက် ကြည့်ရှုနေ တယ်လို့လဲ သိရှိရ ပါတယ်။

အခုဆိုရင် တီဗွီလိုင်းများ၊ အင်တာနက် လိုင်းများ ပြန်လည် ရရှိနေပါပြီ။ နောက်ထပ် မုန်တိုင်း တိုက်ခတ်နိုင်စရာ အကြောင်း မရှိတော့ကြောင်း ရုပ်မြင် သံကြားများမှာ ကြေညာတာကို တွေ့ရ ပါတယ်။ နာဂစ်ဆိုင် ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို အကြီးအကျယ် ပျက်စီးအောင် မပြုလုပ်နိုင်ပဲ နာကစ်ပြီး ထိုင်းနိုင်ငံ ဘက်ကို ထွက်သွားရပါပြီ ဆိုတဲ့ အကြောင်း မြန်မာ နိုင်ငံသားတို့ သိရှိစေရန် ရေးသားလိုက် ရပါတယ်။

1.5.08

သာဓုခေါ်မိပါတယ်

http://www.paramis.org/
သိပ်ကို ကောင်းလွန်းလှပါတယ်။ ဒီ ၀က်ဆိုက်လ်ကို ကြည့်ရင်နဲ့ကို ၀က်ဆိုက်ပြုလုပ်သူကို ကျေးဇူးတင် နေမိပါတယ်။ သာဓုလည်း ခေါ်ပါတယ်။ ဒီ ၀က်ဆိုက်မှာ ဓမ္မစာအုပ်များ၊ ဓမ္မခွေများ၊ ဓမ္မမှတ်စုများ၊ ဓမ္မဗီစီဒီများ၊ ဝေမျှရန် ဓမ္မများ၊ ဓမ္မသတင်း၊ ဓမ္မအင်တာနက် စသဖြင့် ပြည့်စုံစွာ ဖော်ပြထားပါတယ်။ ယနေ့ လူကြီး လူငယ် မဆို မိမိတို့ ကိုးကွယ်သည့် ထေရ၀ါဒ ဗုဒ္ဓဘာသာကို ပြည့်စုံစွာ သိသင့်ပါတယ်။ မိရိုးဖလာ ကိုးကွယ်မှုမှ နှစ်ခြိုက် ကြည်ညိုစွာ ကိုးကွယ်ရန် လိုအပ်ပါပြီ။ အလှူတကာ အလှူထဲမှာ ဓမ္မအလှူ (တရားအလှူ) ဟာ အမြတ်ဆုံးပါ။ တရားများကို ဖြန့်ဝေခြင်း ဟာလဲ တရားအလှူ ပါပဲ။ ကျွန်တော် ကိုယ်တိုင် ဘာသာရေး ၀က်ဆိုက်ကို မတည်ဆောက် နိုင်ပေမယ့် ဘာသာရေးနဲ့ ပတ်သက်တဲ့ ၀က်ဆိုက်များ၊ ဘလော့များကို ရှာဖွေပြီး ဓမ္မဒါန ပြုလုပ်ရပါတယ်။ ဒုက္ခအားလုံးကို တဏှာကုန်ခြင်းက အောင်နိုင်၏

မောင်စေတနာ